ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်း မကြာမီစတင်မည်ဟုဆို

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်း မကြာမီစတင်မည်ဟုဆို
ဓာတ်ပုံ - ဟောင်ဆာ (ရာမည)

 

ဇူလိုင် ရ။       ။ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံမှ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးခဲ့ပြီး အလားအလာကောင်းမွန် ကာ သဘောတူညီချက်ရရှိပြီးဖြစ်သောကြောင့်  မကြာခင် လုပ်ငန်းများစတင်သွားရန် စီစဉ်နေကြောင်း စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ပြည်ထောင််စုဝန်ကြီး ဒေါက်တာသန်းမြင့် ကပြောသည်။

“ကျောက်ဖြူရေနက်စီမံကိန်းက အင်မတန်ကြီးမားတဲ့ စီမံကိန်းဖြစ်ပြီးတော့ အရင်အစိုးရများထဲက ဆုံး ဖြတ်ချက်ကရှိပါတယ်။ အခုကျောက်ဖြူ စီမံကိန်းကိုပြန်လည်သုံးသပ်တာမဟုတ်ပါဘူး။ ညှိနှိုင်းတာဖြစ် ပါတယ်။ သဘောတူညှိနှိုင်းမှုတွေက အတော်လေး အလားအလာကောင်းပါတယ်။ မကြာခင်မှာလည်း ကျွန်တော်တို့ သဘောတူညီချက်ရပြီး ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ဒေါက်တာသန်းမြင့် ကပြော သည်။

ကျောက်ဖြူရေနက်စီမံကိန်းကို လုပ်ဆောင်ရာတွင် မြန်မာနှင့် တရုတ်နိုင်ငံတို့ နှစ်ဖက်အပြန်အလှန် အကျိုးမျှတမှုများကို ချဉ်းကပ်ပြီး ရခိုင်ပြည်နယ်ဖွ့ံဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

“ကျောက်ဖြူရေနက်စီမံကိန်းကို ဆောင်ရွက်ရာမှာ ရင်းနှီးမြုပ်နှံမှုကြီးမားမှု၊ စီမံခန့်ခွဲဖို့ စည်းမျဉ်းတွေကို လည်း စဉ်းစားပါတယ်။ စဉ်းစားတဲ့အခါမှာ ဒီဆိပ်ကမ်းကို တစ်ချီတည်းနဲ့ လုံးဝဥဿံု တစ်ခါတည်းအပြီး တည်ဆောက်မယ့် သဘောမဟုတ်ဘဲ အပိုင်းလိုက်၊ အပိုင်းလိုက်တည်ဆောက်ဖို့ ကျွန်တော်တို့ နှစ် ဖက်သဘောတူထားတာ ရှိပါတယ်” ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန် ကြီး ဒေါက်တာသန်းမြင့် ကပြောသည်။

အဆိုပါစီမံကိန်းတွင်  ပြည်တွင်းမှ တိုင်းရင်သားလုပ်ငန်းရှင်များပါ၀င်မှု၊ အစိုးရစီမံခန့်ခွဲနိုင်မှု နှင့် တရုတ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများဖြင့် တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံကုန် ကျခံ၍ အထူးဇုန်စီးပွားရေးတစ်ခု ဖန်တီးရန်ပြင်ဆင်ထားပြီး ယင်းစီမံကိန်း လျာထားမှု တွင် ကုန်တင်သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သော ဆိပ်ကမ်းအနီး ၁,၀၀၀ ဟက်တာကျယ်သော စက်မှုဇုန်တစ်ခု ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly