ကျောင်းသားသမဂ္ဂများ လုပ်ပိုင်ခွင့်အပြည့်အဝမရသေးဟုဆို

ကျောင်းသားသမဂ္ဂများ လုပ်ပိုင်ခွင့်အပြည့်အဝမရသေးဟုဆို

ရန်ကုန်၊ ဇူလိုင် ရ ။                          ။ ဒီမိုကရေစီအစိုးရလက်ထက်တွင် ကျောင်းသားသမဂ္ဂများဖွဲ့စည်းပိုင်ခွင့်ကိုပေးထားသော်လည်း တရားဝင်ရပ်တည်ခွင့်နှင့် လုပ်ပိုင်ခွင့်များအပြည့်အဝ မရရှိသေးကြောင်း ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များကပြောသည်။

၂၀၁၈ ခုနှစ် ဇူလိုင် ရ ရက်တွင်ကျရောက်ခဲ့သည့် ၅၆ နှစ်မြောက် 7 July နေ့အခမ်းအနားတွင် ကျောင်းသားသမဂ္ဂအဖွဲ့များမှ ခေါင်းဆောင်တချို့ ကပြောဆိုခဲ့ခြင်းဖြစ်သည်။

 “  ညီမတို့ကျောင်းမှာဆိုလည်း တရားဝင်လုပ်ကိုင်ဖွဲ့စည်းခွင့်ပေးထားပေမယ့် တရားဝင် လုပ်ဆောင်ခွင့်တွေက ကျောင်းကနှောင့်ယှက်တာတွေရှိပါ သေးတယ်။ အဲ့တော့ တခြားကျောင်းသားသမဂ္ဂတွေ အကုန်လုံးကိုလည်း တရားဝင်ဖွဲ့စည်းခွင့်ရယ်၊ တရားဝင်ရပ်တည်ခွင့်ပေါ့ အပြည့်အဝရပ် တည်ခွင့် ပေးဖို့ တောင်းဆိုပါတယ် “ ဟု ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ဒုဥက္ကဋ္ဌ နန်းတွယ်တာဦးကပြောသည်။

ယနေ့ခေတ်တက္ကသိုလ်ကျောင်းသားအများစုသည် 7 July  နေ့နှင့်ပတ်သက်သည့် အကြောင်းအရာများကို မသိရှိတော့ကြကြောင်းလည်း ၄င်းက ဝေဖန်ပြောဆိုသည်။

ထို့ကြောင့် ဗဟုသုတများရရှိစေရန် 7 July နှင့်ပက်သက်သည့် ပိုစတာများကို ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှဦးဆောင်ကာ  ရန်ကုန်တက္ကသိုလ် အတွင်းလိုက်လံကပ်ရာတွင်လည်း ဆရာအချို့၏ ပိတ်ပင်မှုကိုခံခဲ့ရသည်ဟု ဗမာတစ်နိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း ကျော်ကိုကို ကပြောသည်။

“ အဲဒါကို ရူပဗေဒဌာနက ဆရာ/ ဆရာမအချို့ကနေပြီးတော့ ပိုစတာတွေ မကပ်ရဘူး။ ပိုစတာကပ်တာက ကျောင်းသားတွေကို   နိုင်ငံရေးလှုံ့ဆော်တာပဲဖြစ်တယ်။   နိုင်ငံရေးလှုံ့ဆော်တာတောင်မှ   ကောင်းတဲ့နိုင်ငံရေး မဟုတ်ဘူးဆိုပြီးတော့ ပိုစတာတွေကို ပြန်ခွာခိုင်းတာတွေ တားမြစ်တာ တွေတွေ့ရတယ် “ ဟု ၄င်းကဆိုသည်။

၁၉၆၂ ခုနှစ်၊ ကျောင်းသားအရေးအခင်းတွင် ကျဆုံးခဲ့သည့်ကျောင်းသူကျောင်းသားများကို ဂုဏ်ပြုသည့် အနေဖြင့် သမဂ္ဂရင်ပြင်၊ ဗိုလ်အောင်ကျော် အုတ်ဂူရှေ့တွင် လွမ်းသူ့ပန်းခွေချပြီး အလေးပြုခဲ့ကြသည်။

ဗိုလ်ချုပ်ကြီးနေဝင်းအစိုးရက အာဏာသိမ်းပြီးနောက် တက္ကသိုလ်ကျောင်းသားထုအပေါ်ဖိနှိပ်ချုပ်ချယ်သည့် ကျောင်းဆောင် စည်းကမ်းသစ်များ ချမှတ်ပြဋ္ဌာန်းခဲ့သည့်အတွက်   ကျောင်းသားထုနှင့် ကျောင်းသားသမဂ္ဂက ဆန့်ကျင်ကန့်ကွက်ဆန္ဒပြကြရာမှ ၁၉၆၂ ဇူလိုင်(၇)ရက်တွင် ဇူလိုင် ရ ရက် အရေးအခင်း ဖြစ်ခဲ့သည်။

7  July အောက်မေ့ဖွယ်အထိမ်းအမှတ်ဂုဏ်ပြုအခမ်းအနားကို ဗကသများအဖွဲ့ချုပ်၊ ရန်ကုန်ဆေးတက္ကသိုလ် ၂ ကျောင်းသားများသမဂ္ဂ၊ ရန်ကုန်ပညာရေး တက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့ အပါအဝင်  ကျောင်းသားသမဂ္ဂများ နှင့်ကျောင်းသားဟောင်းများလည်း တက်ရာက်ဂုဏ်ပြုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly