ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရသည့်အခန်းအား ဝင်ရောက်ခွင့်ပြုမည်မဟုတ်

ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရသည့်အခန်းအား ဝင်ရောက်ခွင့်ပြုမည်မဟုတ်
ဓာတ်ပုံ - သက်ကို

 

ရန်ကုန် ၊ ဇူလိုင် ရ ။        ။ အာဇာနည်နေ့အထိမ်းအမှတ်အနေဖြင့် သိမ်ဖြူလမ်းရှိ အတွင်းဝန်ရုံး(၀န်ကြီးများရုံး)ကို အများပြည်သူ ကြည့်ရှုနိုင်ရန် ဝင်ရောက်ခွင့်ပေးမည်ဖြစ်သော်လည်း ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရသည့်အခန်းအား အဆောက်အဦကြံ့ခိုင်မှုအခြေအနေအရ ဝင်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်း အတွင်းဝန်ရုံးအဆောက်အဦ မွမ်းမံပြင်ဆင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက ဆိုသည်။

“အဆောက်အဦကလည်း ၁၉ ရာစုက ဆောက်ခဲ့တာ နှစ်ပေါင်း ၁၅၀ လောက် ရှိနေတော့ အဆောက်အဦရဲ့ ကြံ့ခိုင်ရေး လာကြည့်တဲ့လူတွေ အန္တရာယ်အတွက်ရော ထည့်တွက်ပြီးတော့ အပေါ်တက်ခွင့်မပြုတော့ပါဘူး။ CCTV ကင်မရာနဲ့ အောက်မှာ ပြထားပါမယ်” ဟု ဒေါက်တာမောင်မောင်သိမ်းက ဆိုသည်။

ယနေ့ ဇူလိုင်လ ရ ရက်နေ့က အတွင်းဝန်ရုံးအတွင်း၌ ပြုလုပ်သည့် (၇၁) ကြိမ်မြောက် အာဇာနည်နေ့နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ၄င်းကပြောဆိုခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း အတွင်းဝန်ရုံးအတွင်း၌ရှိသော လွတ်လပ်ရေးရရှိပြီးနောက် ပထမဆုံး မြန်မာနိုင်ငံ အလံလွှင့် တင်ခဲ့သည့် ၀န်ကြီးများရုံးအတွင်းရှိ အလံတိုင်နေရာ၊ တိုင်းပြုပြည်ပြုလွှတ်တော်ရုံး၊ ကက်ဘိနက်ဝန်ကြီးများ အစည်းအဝေးခန်းမ စသည့် နေရာများကို ၀င်ရောက်လေ့လာနိုင်မည်ဖြစ်သည်။

ရန်ကုန်မြို့ရှိ သမိုင်းဝင်အဆောက်အဦ ဖြစ်သည့် ၀န်ကြီးများရုံးကို ၂၀၁၄ ခုနှစ်မှ စတင်ပြီး အာဇာနည်နေ့ ရောက်ရှိတိုင်း အများပြည်သူကြည့်ရှုနိုင်ရန် ဖွင့်လှစ်ပြသခဲ့သော်လည်း အဆောက်အဦ၏ ကြံ့ခိုင်မှုအနေအထား အရ အချို့နေရာများကို ကန့်သတ်ထားဆဲဖြစ်သည်။

လက်ရှိအချိန်တွင် အဆိုပါ ၀န်ကြီးများရုံးကို အနော်မာအနုပညာအဖွဲ့က တာဝန်ယူ ပြုပြင်လုပ်ကိုင်နေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly