အိန္ဒိယတစ်ဝန်းရှိ အလုပ်သမားသန်းပေါင်းများစွာ မိုဒီ၏ စီးပွားရေးပေါ်လစီများကို ဆန့်ကျင်ဆန္ဒပြ

အိန္ဒိယတစ်ဝန်းရှိ အလုပ်သမားသန်းပေါင်းများစွာ မိုဒီ၏ စီးပွားရေးပေါ်လစီများကို ဆန့်ကျင်ဆန္ဒပြ

နယူးဒေလီ၊ စက်တင်ဘာ ၂ ။        ။ လက်ယာယိမ်း ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ၏ စီးပွားရေးပေါ်လစီများကို ဆန့်ကျင်သည့်အနေဖြင့် အိန္ဒိယနိုင်ငံတစ်ဝန်း သန်းပေါင်းများစွာသော အလုပ်သမားများသည် စက်တင်ဘာ ၂က ၂၄နာရီကြာဆန္ဒပြပွဲတစ်ရပ်ကို ကျင်းပခဲ့သည်။ မိုဒီ၏ ပေါ်လစီများသည် အလုပ်အကိုင်များစွာကို ထိခိုက်စေပြီး သာမာန်လူများကို နစ်နာစေသည်ဟု ဆန္ဒပြသူများက ဆိုသည်။

ဘဏ္ဍာရေးဝန်ကြီး အေရွန်ဂျိတ်တလီနှင့် ဆွေးနွေးပွဲများပျက်ပြားသွားပြီးနောက် အဓိက အလုပ်သမားသမဂ္ဂကြီး ဆယ်ခုသည် အစိုးရ၏ စီးပွားရေး အစီအစဉ်များကို ဆန့်ကျင်သည့် တစ်ရက်ကြာ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သည်။ သမဂ္ဂများက နိုင်ငံပိုင်ကုမ္ပဏီများရှိ အစုရှယ်ယာများကို ရောင်းထုတ်ရန်နှင့် ကုန်ထုတ်လုပ်မှုမရှိသည့် စက်ရုံများကို ပိတ်ပစ်ရန် တောင်းဆိုခဲ့သည်။

ဘဏ်လုပ်ငန်း၊ ကုန်ထုတ်လုပ်မှု၊ ဆောက်လုပ်ရေးနှင့် ကျောက်မီးသွေးတွင်း ကဏ္ဍများမှ အပါအဝင် အလုပ်သမား သန်း၁၅၀ ခန့်သည် စက်တင်ဘာ ၂ တွင် အလုပ်မှ မပြောမဆို ထွက်ခွာလာခဲ့သည် ဟုမျှော်လင့်ရသည်။ သပိတ်မှောက်မှုကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ထိခိုက်ခဲ့သည်။

စက်တင်ဘာ၂ အစောပိုင်းတွင် အလုပ်သွားသူများနှင့် ကျောင်းသားများပါဝင်သော ရှည်လျားသော လူတန်းကြီးများကို ဘတ်စ်ကားမှတ်တိုင်များတွင် တွေ့မြင်ရသည်။ ခရီးသွားများလည်းလေဆိပ်များ တွင်သောင်တင်ကာ တက္ကစီနှင့် လန်ချားများလည်း လမ်းဘေးတွင်ရပ်ထားရသည်။

ဆန္ဒပြမှုကြောင့် ဘဏ္ဍာရေးလုပ်ငန်းများလည်း ထိခိုက်ဖွယ်ရှိပြီး ဘဏ်အများအပြားမှာ ၎င်းတို့၏ တံခါးများကို ပိတ်ထားသည်။ ခေါင်းရွက်ဗျက်ထိုးဈေးသည်များ၊ အိမ်တွင်းလုပ်သားများနှင့် နေ့စားအလုပ် သမားများလည်း အနိမ့်ဆုံးလုပ်ခတိုးမြင့်ပေးရေးတောင်းဆိုရန် ဆန္ဒပြပွဲတွင် ပါဝင်သည်ဟု မျှော်လင့်ရသည်။

အနောက်ဘင်္ဂလားပြည်နယ်တွင် ဆန္ဒပြမှု၏ သက်ရောက်မှုကို ရုပ်သံက ပြသခဲ့သည်။ ယင်းပြည်နယ်တွင် သမဂ္ဂအဖွဲ့များက သိသာထင်ရှားစွာ သြဇာကြီးမားနေပြီး ပြည်နယ်မြို့တော် ကိုလ်ကတ္တားတွင် အများအားဖြင့် ဘဏ်ခွဲများ၊ ဈေးဆိုင်များနှင့် အခြားစီးပွားရေးလုပ်ငန်းများမှာ စက်တင်ဘာ ၂အစောပိုင်းကတည်းက ပိတ်ထားသဖြင့် ခြောက်ကပ်နေသည်။

လွန်ခဲ့သည့်နှစ်မေလက မိုဒီသည် ပြည်ပရင်းနှီးမြုပ်နှံမှုများကို ဆွဲဆောင်ရန်နှင့် အာရှ၏ တတိယအကြီးဆုံးစီးပွားရေးကို ပြန်လည်ရှင်သန်ရန်အတွက် စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန် လွယ်ကူသောပြုပြင်ပြောင်းလဲမှုများပြုလုပ်မည်ဟု ကတိပြုကာ ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရခဲ့သည်။ သို့သော်လည်း အတိုက်အခံတို့က အထင်ကရအရေးပါသော အခွန်နှင့် မြေယာ ပြုပြင်ပြောင်းလဲမှုများကို ပိတ်ဆို့ခဲ့ရာ ရင်းနှီးမြုပ်နှံသူတို့၏ စိုးရိမ်မှုများကို ပိုမိုဆိုးဝါးစေခဲ့သည်။ ထိုစဉ် သမဂ္ဂများကလည်း မိုဒီ၏ ပြုပြင်ပြောင်းလဲမှုများအပေါ် ဒေါသထွက်နေသည်။

အိန္ဒိယ၏ စီးပွားရေးမှာ ယခုဘဏ္ဍာနှစ်၏ ပထမသုံးလပတ်တွင် မျှော်လင့်ထားသည့် ၇ဒသမဝရာခိုင်နှုန်းထက် ပိုမိုနှေးကွေးနေခဲ့ပြီး သန်းပေါင်းများစွာသော လူငယ်များအတွက် အလုပ်အကိုင်များ ဖန်တီးရန်လိုအပ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly