မြောက်ဦးတွင် မိုးကြီးကာ ရေပြန်တက်နေ

မြောက်ဦးတွင် မိုးကြီးကာ ရေပြန်တက်နေ

ရန်ကုန်၊ စက်တင်ဘာ ၂ ။          ။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ယခုရက်ပိုင်းအတွင်း မိုးဆက်တိုက် ရွာသွန်းနေသောကြောင့် ရေ ၃ ပေထိ မြင့်တက်နေကာ ကုန်းနိမ့်ပိုင်းတွင် နစ်မြုပ်နေကြောင်းဒေသခံများ ကပြောသည်။

ကုန်းနိမ့်ပိုင်းများဖြစ်သော ဆင်ချဆိပ်ရပ်ကွက်၊ လေးမြို့စားရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်နှင့် မဟိန်ဂျီရပ်ကွက်များတွင် ရေပြန်တက်နေကြောင်း မြေက်ဦး နာရေးကူညီမှုအသင်းဝင် ဦးဦးမောင်သန်း ကပြောသည်။

"မိုးရွာများတဲ့အတွက် ကုန်းနိမ့်ပိုင်းတွေ မြုပ်နေတယ်။ တောင်ကျရေတော့ မဟုတ်ဘူး။ မြို့လယ်ထိတော့ မရောက်သေးဘူး။ အခြေအနေက ပြောလို့မရဘူး။ နောက်ဆိုရင် ဒီလိုမျိုးသာ မိုးရွာများမယ်ဆိုရင် မြို့လယ်ထိလည်း ပြန်ပြီးတော့ တက်နိုင်တယ်။" ဟု ပြောသည်။

မြောက်ဦးမြို့မှာ တောင်ကုန်းတောင်တန်းများတွင် တည်ထားသော်လည်း ပြီးခဲ့သည့် ရေကြီးမှုတွင် ဒေသခံများမှာ ဆိုးရွာစွာခံခဲ့ရပြီး ယခုလည်း မိုးနည်းနည်း ရွာသည်နှင့်ရေကမြင့်တက် လာခြင်းမှာရေ စီးဆင်းမည့် ချောင်းများ၊ မြောင်များကို ပိတ်ထားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးဖြစ်သူ ဦးသောင်းရွှေက ပြောကြားသည်။

"ကျွန်တော်တို့မှာက ချောင်းတွေကို အားလုံးပိတ်ထားကြတယ်။ မြောက်ဦးမြို့ရဲ့ အဓိက ရေစီးဆင်းတဲ့ ဘုရားပေါ်ချောင်း၊ ကံလှချောင်းနဲ့ မဟိန်ဂျီချောင်းကို ပိတ်ထားကြတယ်။ ချောင်းကမ်းနားမှာရှိတဲ့ လူတွေကလည်း သူတို့ရဲ့ နေအိမ်တွေကို တိုးချဲ့လာကြတယ်။ ချောင်းတွေကို မြေဖို့လာကြတယ်။ ပြီးတော့ အမှိုက်တွေ၊ စွန့်ပစ်ပစ္စည်းတွေ တော်တော်လည်း လွှင့်ပစ်နေကြတယ်။

အဲဒီတော့ ချောင်းတွေ၊ မြောင်းတွေက တိမ်ကောလာတာပေါ့။ အခုလိုမျိုးရေကြီးတော့ ရေက မစီးဆင်းတော့ ရေက လှောင်ပိတ်ခံနေရတာပေါ့။ ဒါကြောင့် ရေကြီးတာ။" ဟုပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက ရေကြီးခြင်းကြောင့် မြောက်ဦးမြို့နယ်တွင် ရပ်ကွက်ပေါင်း ၅ ခုနှင့် ကျေးရွာအုပ်စုပေါင်း ၉၂ ခု ရေနစ်မြုပ်ခဲ့ပြီး လူ ၁၆ ဦးသေဆုံးခဲ့ကြောင်း၊ လယ်ဧက ၉၅၀၃ ရေလွှမ်းမိုးခံ ခဲ့ရပြီး ၇၅၂၄၂ ဧကမှာ ပျက်စီးသွားခဲ့ကြောင်း မြောက်ဦးနာရေးကူညီမှုအသင်းက သြဂုတ်လ ၂၀ ရက်နေ့က ထုတ်ပြန်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly