ဒေါ်လာစျေး မြင့်တက်မှုနှင့် မတည်ငြိမ်မှုများကို လေ့လာပြီး ဒုသမ္မတထံတင်ပြမည်

ဒေါ်လာစျေး မြင့်တက်မှုနှင့် မတည်ငြိမ်မှုများကို လေ့လာပြီး ဒုသမ္မတထံတင်ပြမည်
ဓာတ်ပုံ-AFP
 

ဇူလိုင် ၆။             ။နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာစျေး မြင့်တက်မှုနှင့် မတည်ငြိမ်မှုများ၏ အဓိက အကြောင်းအရင်းများကို လေ့လာနေပြီး ရရှိလာသောအချက်အလက်များကို ဒုတိယသမ္မတနှင့် သက်ဆိုင်ရာအဖွဲ့ ၀င်များထံတင်ပြသွား မည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း ကပြောသည်။

ဇူလိုင် ၆ရက် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) တွင်ပြုလုပ်သည့် နိုင်ငံတော် ဒုတိယသမ္မတ(၁) ဦး ဆောင်၍ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများနှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲ (၁၈) ကြိမ် မြောက် အခမ်းအနားတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့ တစ်ပတ်ကျော်လောက်ကတော့ လူတွေတော်တော်လေး စိုးရိမ်ပူပန်မှုတွေဖြစ်ပါတယ်။ တောက် လျောက်တက်လာတယ်။ ၁၅၀၀ အထိတက်မယ်ဆိုပြီး အပြင်မှာကောလာဟလတွေ ဖြစ်လာတယ်။ ဒါပေမဲ့ ကံကောင်းချင်တော့ တဖြည်းဖြည်းပြန်ပြီးကျဆင်းလာတယ်။ သို့သော်လည်း အမြဲတမ်းဖြစ်နေတဲ့အတွက် ဒီအပေါ် မှာလည်း ကျွန်တော်တို့ အဖွဲ့တွေ ဆာဗေးလုပ်နေပါတယ်။ ဘာကြောင့် အဓိကအကြောင်းအရင်း ဘယ်လိုဖြစ် နေတာလဲဆိုတာ အဲအပေါ်မှာ သုံးသပ်ပြီးတော့ ရရှိတဲ့အဖြေကို ဒုသမ္မတကြီးနဲ့ အဖွဲ့ဝင်တွေကို အားလုံးတင်ပြပြီး ဆောင်ရွက်သွားဖို့ရှိပါတယ်” ဟု ဦးဇော်မင်းဝင်းကပြောသည်။

ငွေကြေးလဲလှယ်မှုနှုန်း အတက်အကျမြန်ဆန်လျှင် စီးပွားရေးလုပ်ငန်းရှင်များအတွက် ဆုံးဖြတ်ရ ခက်ခဲပြီး ထိခိုက်နစ်နာမှုများကြံုတွေ့ရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ကပြောသည်။

“ငွေလဲနှုန်းအပြောင်းအလဲကလည်း အတက်အကျမြန်ဆန်ရင် စီးပွားရေးလုပ်ငန်းရှင်များအဖို့ ဆုံးဖြတ်ရခက်ခဲပြီး ထိခိုက်နစ်နာပါတယ်။ ငွေလှယ်နှုန်းကလည်း ဒေါ်လာရဲ့တန်ဖိုးက တက်လာတာ တစ်ကမ္ဘာလုံးဆိုင်ရာပါဘဲ။ တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအခြေအနေအရ ကျွန်တို့နိုင်ငံရဲ့ ကျပ်ငွေ တန်ဖိုးကလည်း လျော့တာရှိပါတယ်။ ဒါကိုလည်း ကျွန်တော်တို့ အစိုးရအဖွဲ့၊ စီမံဘဏ္ဍာဝန်ကြီးဌာန၊ ဗဟိုဘဏ်၊ လုပ်ငန်းရှင်များနဲ့ ဆွေးနွေးညှိနှိုင်းပြီး ငွေလဲနှုန်းကိုတည်ငြိမ်အောင် ဆောင်ရွက်ပြီး ထိန်းသိမ်းနိုင်တဲ့ အနေအထားတော့ရှိပါတယ်” ဟု ဒေါက်တာ သန်းမြင့် ကပြောသည်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ပြည်တွင်းကို ၀င်ရောက်လာစေရန် ငွေကြေးလဲလှယ်မှုနှုန်းများ တည်ငြိမ်ရန်လိုအပ်ပြီး ဥပဒေများလည်း ခိုင်မာမှုရှိအောင် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags