လယ်ယာမြေပြန်ရရေး ဆန္ဒထုတ်ဖော်၍ တရားစွဲခံရသူ ၃ ဦး အမှုအစစ်ခံမည် မဟုတ်

လယ်ယာမြေပြန်ရရေး ဆန္ဒထုတ်ဖော်၍ တရားစွဲခံရသူ ၃ ဦး အမှုအစစ်ခံမည် မဟုတ်

 

ရန်ကုန်၊ ဇူလိုင် ၆ ။        ။ သိမ်းဆည်းခံလယ်ယာမြေများပြန်လည်ရရှိရေးအတွက် ဆန္ဒပြခဲ့၍  ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ဖြင့်တရားစွဲခံထားရသူ ၃ ဦးထဲတွင် နှစ်ဦးမှာ ဦးဆောင်သူထဲတွင်မပါ၀င်သောကြောင့် အမှုကိုအစစ်ခံမည်မဟုတ်ကြောင်း တရားစွဲခံရသည့် ဒေါ်စုစုနွေးကပြောသည်။

ကော့မှူးမြို့နယ်မှ ရန်ကုန်မြို့တော်ခန်းမအထိ လမ်းလျှောက်ဆန္ဒပြရာတွင် ဖြတ်သန်းသွားလာခဲ့သည့် ပန်းဆိုးတန်းဆိပ်ကမ်းမှ ကမ်းနားလမ်းနယ်မြေကို ခွင့်ပြုချက်မတင်ဟုဆိုကာ ဒေါ်စုစုနွေးအပါအဝင် ၂ ဦးကို ဆိပ်ကမ်းမြို့နယ် ရဲစခန်းမှူးမှ ပုဒ်မ ၁၉ ဖြင့်အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ၄င်းကပြောသည်။

တရားစွဲခံရသည့် ဒေါ်စုစုနွေးမှာ ဦးဆောင်သူစာရင်းတွင်ပါ၀င်သော်လည်း ကျန်နှစ်ဦးမှာ လာရောက်ဟောပြောပေးသူသာဖြစ်ပြီး ဦးဆောင်သူ စာရင်းတွင် မပါ၀င်ဟုလည်း ဆန္ဒပြခဲ့သူများကဆိုသည်။

“ မမှန် မကန်မှားယွင်းပြီးဖွင့်ထားတဲ့ကိစ္စကို ဦးဆောင်သူ ၃ ယောက်ရဲ့ နာမည်ကိုပြောင်းပြီး ပြန်မဖွင့်မချင်း ကျွန်မတို့အစစ်ခံမှာမဟုတ်ပါဘူး” ဟု ဒေါ်စုစုနွေး ကပြောသည်။

အဆိုပါဖြစ်ရပ်ကြောင့် ဂုဏ်သိက္ခာညိုးနွမ်းစေသည်ဟုဆိုကာ ဆန္ဒပြသူများဘက်မှလည်း ဇူလိုင် ၄ ရက်နေ့တွင် ဆိပ်ကမ်းမြို့နယ် ရဲစခန်းမှူးကို ပုဒ်မ ၅ဝဝ ဖြင့် ကော့မှူးရဲစခန်း၌ ပြန်လည်အမှုဖွင့် ထားကြောင်းသိရသည်။

ထို့ကြောင့် အမှန်တကယ် ဦးဆောင်သူ ၃ ဦး၏အမည်စာရင်းကိုလည်း ကော့မှူးရဲစခန်းသို့ မိတ္တူတစ်စောင်ပေးပို့ထားကြောင်းလည်းသိရသည်။

ကော့မှူး၊ တွံတေး၊ ကွမ်းခြံကုန်း၊ ဒလမြို့နယ်တို့မှ  သိမ်းဆည်းခံထားရသည့်လယ်ယာမြေများနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံ စာပေးပို့ခဲ့သော်လည်းအကြောင်းမပြန်သောကြောင့် ဇွန်လ ၃၀ ရက်တွင် ချီတက်ဆန္ဒပြခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly