မှောင်ခို တင်သွင်းနေမှုများကြောင့် ပြည်တွင်းရှိ SME လုပ်ငန်းအချို့ ရပ်နားရသည်အထိ ကြံုတွေ့နေရ

မှောင်ခို တင်သွင်းနေမှုများကြောင့် ပြည်တွင်းရှိ SME လုပ်ငန်းအချို့ ရပ်နားရသည်အထိ ကြံုတွေ့နေရ

ရန်ကုန်၊ ဇူလိုင် ၆။            ။ အခွန်မပေးဆောင်ဘဲ ပြည်ပမှ မှောင်ခိုတင်သွင်းနေမှုများကြောင့် အခွန်ပေး၍ လုပ်ဆောင်နေရသော ပြည်တွင်းရှိ အသေးစားနှင့် အလတ်စားစီးပွားရေး (SME) လုပ်ငန်းများ မယှဉ်ပြိုင်နိုင်ဘဲ အချို့လုပ်ငန်းများမှာ ရပ်နား လာရသည်အထိ ကြံုတွေ့နေရကြောင်း ပုဂ္ဂလိကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယ သမ္မတ(၁) ဦးမြင့်ဆွေက ပြောသည်။

“ အထူးသဖြင့် SME တွေပေါ့။ အသးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေရဲ့ ထိခိုက်မှုတွေပေါ့။ ပြည်ပမှောင်ခိုတွေ ဝင်နေတဲ့ အခွန်မပေးရဘဲနဲ့ ၀င်လာတဲ့အတွက် အခွန်ပေးပြီး လုပ်ဆောင်နေရတဲ့ ပြည်တွင်းက အသေးစား အလတ်စား စက်မှုလုပ်ငန်းတွေ မယှဉ်နိုင်တဲ့ အနေအထားမှာ အများကြီး ဒုက္ခရောက်နေတယ်။ SME တွေ ပြုတ်သွားတဲ့ အနေထားမျိုးပေါ့။ ကိုရီးယားက အစပေါ့။ သူတို့ရဲ့ မြန်မာနိုင်ငံအတွင်းမှာ စက်ရုံ ဖွ့ံဖြိုးမယ့်ဟာတွေကအစ ထိခိုက်သွားတယ်”  ဟု ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေက ပြောသည်။

အဆိုပါ ပြောကြားမှုကို ဇူလိုင်လ ၆ ရက်နေ့က ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုဝန်ကြီးများနှင့် မြန်မာစီးပွားရေး လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲ (၁၈) ကြိမ်မြောက် အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် မှောင်ခိုတင်သွင်းမှုများကို တာဆီးရန် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းရှိ ရေပူစစ်ဆေးရေးဂိတ်၊ မရမ်းချောင် စစ်ဆေးရေး ဂိတ်များကို ဖွင့်လှစ်ထားပြီး ထိုက်သင့်သလောက် တားဆီးစစ်ဆေးမှုများ လုပ်ဆောင် နိုင်သော်လည်း ရှောင်ကွင်းလမ်းများမှ တင်သွင်းမှုများ ရှိနေခြင်းကြောင့် ထိခိုက်မှုများ ကြံုတွေ့နေရကြောင်း သိရသည်။

ထို့ကြောင့် အထူးအဖွဲ့များ ဖွဲ့စည်း၍ တားဆီးစစ်ဆေးမှုများကို ပြုလုပ်သွားမည် ဖြစ်ကာ မှောင်ခိုတင်သွင်းမှု အများဆုံး ဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း စသော ဒေသများကို ဦးစားပေး စစ်ဆေးသွားမည်ဟု ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေက ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly