ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်ရန် ကြံ့ခိုင်ရေးပါတီ ဆုံးဖြတ်လိုက်ပြီ

ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်ရန် ကြံ့ခိုင်ရေးပါတီ ဆုံးဖြတ်လိုက်ပြီ
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇူလိုင် ၅ရက်၊ ၂၀၁၈ခုနှစ်)။ ။ ယခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပရန် ရှိနေသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် တိုင်းရင်းသားဒေသတချို့ကို ရှောင်ပြီး နေရာအများစုတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)က ဇူလိုင် ၅ရက်တွင် ဆုံးဖြတ်လိုက်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)၏ သမာသမတ်ကျမှု၊ တရားမျှတမှုအပေါ် အပြည့်အဝ ယုံကြည်မှုမရှိသောကြောင့်ဟုဆိုကာ ရွေးကောက်ပွဲဝင်ရန် သင့်၊ မသင့် USDP က စဉ်းစားနေခြင်းဖြစ်ပြီး ကိုယ်စားလှယ်လောင်းအမည်စာရင်း နောက်ဆုံးတင်သွင်းရန် ရက်သတ္တပတ်အလိုမှသာ ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

“ကျနော်တို့ ဝင်ပြိုင်ပါ့မယ်။ တချို့နေရာတွေက လွဲလို့ပေါ့လေ။ တချို့ တိုင်းရင်းသားဒေသတွေကိုတော့ ကျနော်တို့ တိုင်းရင်းသားပါတီတွေကို ဦးစားပေးတဲ့အနေနဲ့ မဝင်ဘူးပေါ့လေ။ အများစုတော့ ဝင်ပါမယ်” ဟု USDP ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ဇူလိုင် ၅ရက်၊ ညနေပိုင်းတွင် မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

ယခုကဲ့သို့ ကြားဖြတ်ရွေးကောက်ပွဲဝင်ပြိုင်ရန် ဆုံးဖြတ်ရခြင်းမှာ ဒေသခံ ပါတီခေါင်းဆောင်များ၏ ဆန္ဒ၊ ရပ်မိရပ်ဖများ၏ လိုလားချက်အရ ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ဒေသခံ ပါတီခေါင်းဆောင်တွေ၊ ဒေသခံ ရပ်မိရပ်ဖတွေကလည်း ဝင်စေချင်တယ်။ ဘာပဲဖြစ်ဖြစ် ဒီကနေ့ တိုင်းပြည်ရဲ့ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေး၊ အချုပ်အခြာအာဏာနဲ့ ပတ်သက်ပြီးတော့ အမျိုးသားရေးနဲ့ပတ်သက်ပြီးတော့ အခက်အခဲလေးတွေ ရှိတဲ့အချိန်မှာ ပြည်ခိုင်ဖြိုးက တစ်ယောက်ရလည်း တစ်အားပေါ့” ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။

ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များကိုမူ မကြာခင် အတိအကျ ထုတ်ပြန်သွားမည်ဟုလည်း ၎င်းက ဆက်လက် ပြောကြားသည်။

ကိုယ်စားလှယ်လောင်းများကိုမူ ပါတီဗဟိုက တိုက်ရိုက် ရွေးချယ်မည် မဟုတ်ဘဲ သက်ဆိုင်ရာ ဒေသခံ ပါတီခေါင်းဆောင်များနှင့် သက်ဆိုင်ရာဒေသ ရပ်မိရပ်ဖများက ရွေးချယ်ပေးသူကိုသာ အတည်ပြုသွားမည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကို်ယ်စားလှယ်လောင်း ရွေးချယ်မှုနှင့်ပတ်သက်ပြီး ထုတ်ဖော် ပြောဆိုထားသည်။

ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ဇူလိုင် ၂ ရက်မှ ၁၁ ရက်အထိ အမည်စာရင်းတင်သွင်းနိုင်ပြီး ဇူလိုင် ၁၆ ရက်တွင်မူ ကိုယ်စား လှယ်လောင်း အမည်စာရင်း တင် သွင်းလွှာများကို စတင်စိစစ်သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေငြာထားသည်။

ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာ ၃ရက်တွင် ကျင်းပသွားမည် ဖြစ်ပြီး လစ်လပ်မဲဆန္ဒနယ်များမှာ ပြည်သူ့လွှတ်တော်အတွက် ၄နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၁နေရာ၊ တိုင်းနှင့်ပြည်နယ်လွှတ်တော်များအတွက် ၈နေရာ၊ စုစုပေါင်း ၁၃နေရာ ဖြစ်သည်။

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကမူ လစ်လစ်မဲဆန္ဒနယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူများက ထုတ်ဖော်ပြောကြားထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags