ပေါ်ဖူးသမျှ အကောင်းဆုံး ပရိုဆက်ဆာ အင်တဲ မိတ်ဆက်ချပြ

ပေါ်ဖူးသမျှ အကောင်းဆုံး ပရိုဆက်ဆာ အင်တဲ မိတ်ဆက်ချပြ

ဆန်တာကလာရာ၊ စက်တင်ဘာ-၂ ။         ။ ပရိုဆက်ဆာဘီလူးကြီး အင်တဲ(Intel)က စက်တင်ဘာ ၂ရက်နေ့က စကိုင်းလိတ် (Skylake)ဟု အမည်ဝှက်ပေးထားသည့် ကွန်ပျူတာဦးနှောက်မျိုးစုတစ်ခုကို မိတ်ဆက်ချပြရင်း တစ်ကိုယ်ရေသုံးကွန်ပျူတာ နောက်မျိုးဆက်တစ်ခုကို စတင်ဖွင့်လှစ်မည့် ပေါ်ဖူးသမျှ အကောင်းဆုံးပရိုဆက်ဆာများဖြစ်သည်ဟု ဝိဂြိုဟ်ပြုချီးမွမ်းခန်း ဖွင့်သွားခဲ့သည်။

တာရှည်ခံသည့် ဘတ္ထရီသက်တမ်း၊ ပိုမိုကောင်းမွန်သော ဂရပ်ဖစ်နှင့် စွမ်းအင်စားသုံးမှု နည်းပါးသည့် စကိုင်းလိတ်ချိပ် (Chips)များက လပ်ပတော့နှင့် နုတ်ဘုတ်-တက်ပလက် နှစ်မျိုးစပ်ကွန်ပျူတာများကို ကွန်ပျူတာစွမ်းရည် လုံးဝမကျဆင်းစေပဲ ပိုမိုပါးလွှာသွားစေနိုင်မည်ဖြစ်သည်။

‘ဒီကွန်ပျူတာနယ်ပယ်မျာ တက်ပလက်စရိုက်လက္ခဏာရှိတဲ့ ပီစီတွေ ပေါ်ထွန်းလာရေးကို ကာလကြာမြင့်စွာကတည်းက ပြောလာနေခဲ့ကြတာပါ။ ကျနော်တို့ အဲဒီနေရာကို ရောက်နေပြီလို့ ပထမဆုံးအကြိမ် ခံစားမိလာပါတယ်’’ဟု Moor Insights and Strategy မှ ဝေဖန်သုံးသပ်သူ ပက်ထရစ် မူးဟတ်က ပြောကြားခဲ့သည်။

ချိပ်အသစ်များက တစ်နေ့လုံးခံသည့် ဘတ္ထရီသက်တမ်းနှင့် ထိဖန်ပြင်များလည်းပါဝင်သည့် ဈေးနှုန်း ကန်ဒေါ်လာ ၄၉၉နှင့် ၆၉၉သာရှိသော အလွန်ပါးလွှာပေါ့ပါးသည့် လပ်ပတော့ကွန်ပျူတာများကို ထုတ်လုပ်နိုင်စေတော့မည်ဖြစ်သည်ဟု ဆိုသည်။

‘အရင်ကဆိုရင်တော့ ဒီလိုစွမ်းဆောင်ရည်အဆင့်နဲ့ လပ်ပတော့ကွန်ပျူတာမျိုးရဖို့ဆိုရင် ဒေါ်လာ ၁၀၀၀ကနေ ၁၅၀၀လောက်အထိ ပေးမှရတယ်’’ဟု ပက်ထရစ်မူးက ပြောကြားခဲ့သည်။  

ပရိုဆက်ဆာဘီလူးကြီး အင်တဲကမူ တရားဝင် ဆဌမမျိုးဆက် အင်တဲကိုး (6th Gen Intel Core)ဟု အမည်ရသည့် လျှပ်စီးပတ်လမ်းပြား ချိပ်အသစ်များနှင့် ယခုနှစ်နွေရာသီက စတင်ထွက်ရှိလာခဲ့သည့် လုပ်ငန်းစနစ် Windows 10 တို့ ပေါင်းစပ်လိုက်ပါက ကျဆင်းနေသည့် ပီစီဈေးကွက်ကို ပြန်လည် သက်ဝင်လှုပ်ရှားလာစေလိမ့်မည်ဟု မျှော်လင့်နေသည်။

ယခုအခါ အစားထိုးရန်လိုအပ်နေသည့် သုံးနှစ်သက်တမ်းရှိ ပီစီ ၁ဘီလျံခန့်နှင့် ၄နှစ်မှ ၅နှစ်သက်တမ်းရှိ ပီစီ သန်း၅၀၀ခန့်ရှိမည်ဟု ဆန်တာကလာရာအခြေစိုက် ချိပ်ဘီလူးကြီး အင်တဲက ခန့်မှန်းထား သည်။ ထိုပီစီပိုင်ရှင်များအနေဖြင့် တစ်စုံတစ်ရာအသစ်ကို အလိုရှိနေကြမည်ဟုလည်း အင်တဲက ယူဆထားသည်။  

စကိုင်းလိတ်က ပီစီရောင်းအားကို ပြောင်းပြန် ပြောင်းလဲမသွားစေနိုင်သော်လည်း ယခုနှစ်တွင် ၉မှ၁၀ရာခိုင်နှုန်းအထိ ပီစီရောင်းအား ကျဆင်းမှုကိုမူ တည်ငြိမ်သွားအောင် ကူညီနိုင်သည် ဟုဝေဖန်သုံးသပ် သူတစ်ဦးက ပြောကြားသည်။

‘ပီစီအမျိုးအစားမှာ စကိုင်းလိတ်က ဖွံ့ဖြိုးမှုကို ဆောင်ကျဉ်းလာဖို့ မမျှော်လင့်ပါဘူး။ ဒါပေမယ့်လည်း ပီစီကျဆင်းမှုကိုတော့ တည်ငြိမ်စေပါလိမ့်မယ်’’ဟု ချိပ်လုပ်ငန်းဝေဖန်သုံးသပ်သူ ထရစ်စတန် ဂျာရာ ကပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly