အာရှအားကစားပွဲတော်တွင် မြန်မာ ယူ ၂၃ ဘောလုံးအသင်း အုပ်စုကျပ်အတွင်း ကျရောက်နေ

အာရှအားကစားပွဲတော်တွင် မြန်မာ ယူ ၂၃ ဘောလုံးအသင်း အုပ်စုကျပ်အတွင်း ကျရောက်နေ

ဇူလိုင် ၅။       ။ အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည့် အာရှအားကစားပွဲတော်တွင် မြန်မာလက်ရွေးစင် အမျိုးသား ယူ ၂၃ ဘောလုံးအသင်းသည် အာရှဘောလုံးအင်အားကြီးအသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ကြောင်း သတင်းရရှိသည်။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် အာရှအားကစားပွဲတော် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု မဲခွဲမှုများကို ဇူလိုင် ၅ ရက်ကပြုလုပ်ခဲ့ပြီး မြန်မာအသင်းအနေဖြင့် မြောက်ကိုရီးယား၊ ဆော်ဒီအာရေဗျ၊ အီရန်အသင်းများနှင့်အတူ တစ်အုပ်စုတည်း ကျရောက်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်ခဲ့သည်။

အာရှအားကစားပွဲတော်တွင် နိုင်ငံပေါင်း ၂၄နိုင်ငံမှ လက်ရွေးစင်ဘောလုံးအသင်း ၂၄သင်း ပါ၀င်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး အုပ်စုတစ်ခုလျှင် ၄သင်းဖြင့် အုပ်စု ၆အုပ်စု ယှဉ်ပြိုင် ကစားမည်ဖြစ်ကြောင်း သိရသည်။

အုပ်စု(A)တွင် အင်ဒိုနီးရှား(အိမ်ရှင်)၊ ဟောင်ကောင်၊ လာအို၊ တရုတ်(တိုင်ပေ)တို့ ပါ၀င်မည်ဖြစ်ပြီး အုပ်စု(B) တွင် ထိုင်း၊ ဥဇဘက်ကစ္စတန်၊ ဘင်္ဂလားဒေရှ့်၊ ကာတာတို့ ပါ၀င်မည်ဖြစ်သည်။ အုပ်စု(C)တွင် အီရတ်၊ တရုတ်၊ တီမော၊ ဆီးရီးယားတို့ ပါ၀င်ကာအုပ်စု(D)တွင် ဂျပန်၊ ဗီယက်နမ်၊ ပါကစ္စတန်၊ နီပေါတို့ ပါ၀င်မည် ဖြစ်သည်။ အုပ်စု(E)တွင် တောင်ကိုရီးယား၊ ကာဂျစ္စတန်၊ မလေးရှား၊ ဘာရိန်းတို့ပါ၀င်ပြီး အုပ်စု(F)တွင် မြောက်ကိုရီးယား၊ ဆော်ဒီအာရေဗျ၊ အီရန်နှင့် မြန်မာတို့ပါ၀င် မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယူ ၂၃ လက်ရွေးစင်အသင်းများသာပါ၀င်ယှဉ်ပြိုင်မည့် အာရှအားကစားပွဲတော်တွင် တစ်သင်းလျှင် အသက် ၂၃နှစ်အထက် ကစားသမား (၃)ဦး ပါ၀င်ခွင့် ရရှိမည်ဖြစ်သည်။

အထက်ပါ အုပ်စု(၆)အုပ်စုမှ အုပ်စုပထမ၊ ဒုတိယ နှစ်သင်းစီနှင့် အကောင်းဆုံး အုပ်စု တတိယ ၄ သင်းတို့ အုပ်စုတက်မည်ဖြစ်ပြီး ၁၆ သင်း ရှုံးထွက်ပွဲစဉ်များ ဆက်လက်ကစား ရမည်ဖြစ်သည်။ ယင်းနောက် ကွာတား ဖိုင်နယ်၊ ဆီမီးဖိုင်နယ်၊ တတိယ နေရာလုပွဲနှင့် ဗိုလ်လုပွဲများကို အဆင့်ဆင့် ဆက်လက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၈ အာရှအားကစားပွဲတော် ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ၂၃ အသင်းသည် သြဂုတ်လ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ မန္တလေးမြို့တွင် ကျင်းပမည့် Alpine Cup 2018 လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲဖြင့် ကြိုတင်ပြင်ဆင်မှုများပြုလုပ်သွားမည်ဖြစ်ပြီး လာမည့်ရက်ပိုင်းအတွင်း ပဏာမ ကစားသမားစာရင်းကို နည်းပြချုပ် အန်တွမ်နီဟေးလ်မှ ထုတ်ပြန် ပေးသွားမည်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှထုတ်ပြန်သည်။

အာရှအားကစားပွဲတော် အမျိုးသား ဘောလုံးပြိုင်ပွဲများကို အင်ဒိုနီးရှားနိုင်ငံတွင် ၂၀၁၈ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့အထိ ကျင်းပဖြစ်ပြီး ပွဲစဉ်များအတွက် ယှဉ်ပြိုင်ရမည့်ကွင်းများမှာ ဆိုရီအန်း၊ ဆီဘီနွန်း၊ ဘီကာဆီ၊ ဆီခါရန်း အားကစားကွင်းများတွင် ယှဉ်ပြိုင်မည်ဖြစ်ကာ ပွဲစဉ်ဇယား အသေးစိတ် ကို ဆက်လက်ထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် ယူ၂၃ အသင်းအနေဖြင့် အာရှအားကစားပြိုင်ပွဲကို ၁၉၅၁ ခုနှစ်တွင် ပထမဆုံး ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ကွာတားဖိုင်နယ် အထိရောက်ရှိခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် တတိယ ရရှိခဲ့ကာ ၁၉၆၆ နှင့် ၁၉၇၀ ခုနှစ်တွင် ချန်ပီယံ နှစ်ကြိမ်ဆက်အဖြစ် အောင်မြင်မှုရရှိခဲ့သည်။

၁၉၇၄မှ ၁၉၈၂ခုနှစ်အထိ ဒုတိယအဆင့်နှင့် အုပ်စုအဆင့်၊ ၁၉၈၆ နှင့် ၁၉၉၀ခုနှစ်တွင် ခြေစစ်ပွဲအောင်မြင်ခြင်း မရှိခဲ့ဘဲ ၁၉၉၄ ဟီရိုရှီးမား အာရှအားကစားပွဲတော် အုပ်စုအဆင့်တွင် ကာတာကို (၂-၂)ဂိုးသရေ ကျခဲ့ပြီး ယူ အေအီးကို(၀-၂)ဂိုးဖြင့်လည်းကောင်း၊ ဂျပန်ကို (၅-၀)ဂိုးဖြင့်လည်းကောင်း အရေးနိမ့်ခဲ့ကာ အုပ်စုမှ ထွက်ခဲ့ရသည်။

မြန်မာအသင်းသည် ၁၉၉၈ ခုနှစ်တွင် ပြိုင်ပွဲမှ နှုတ်ထွက်ခဲ့ပြီးနောက်ပိုင်း နှစ်ပေါင်း ၂၄ နှစ်ကြာ ပြန်လည်ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုခဲ့ဘဲ ၂၀၁၈ ခုနှစ်မှသာ အာရှအားကစား ပွဲတော်သို့ ပြန်လည်ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ယင်းကဲ့သို့ ဆယ်စုနှစ် ၂ ခုကျော်ကြာ ၀င်ရောက်ယှဉ်ပြိုင်ခြင်း မရှိသဖြင့် အုပ်စုအဆင့် မဲခွဲရာတွင် ဆီဒင်သတ်မှတ်ချက် အနိမ့်ဆုံးသို့ ရောက်ရှိကာ အုပ်စုကျပ်တွင်းသို့ ကျရောက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly