ဦးကြည်လင်းက တရားခံအဖြစ် အစစ်ခံမည်ဟု ဖြေဆို

ဦးကြည်လင်းက တရားခံအဖြစ် အစစ်ခံမည်ဟု ဖြေဆို

ရန်ကုန်၊ ဇူလိုင်လ ၅ ။                      ။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တရားလွှတ်တော်ရှေ့နေဦးကိုနီအား သေနတ်ဖြင့် အနီးကပ်ပစ်ခတ် လုပ်ကြံခဲ့သည့် ဦးကြည်လင်းက တရားခံအဖြစ် အစစ်ဆေးခံမည်ဟု တရားခွင်အတွင်း ဖြေဆိုခဲ့သည်။

ယနေ့ ဇူလိုင်လ ၅ ရက်နေ့၊ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် ဦးကြည်လင်းအပါအဝင် ဦးအောင်ဝင်းဇော်နှင့် ဦးဇေယျာဖြိုးတို့ ၃ ဦးကို ၅၉ ကြိမ်မြောက် ရုံးထုတ်ခဲ့ချိန်၌ ရန်ကုန်မြောက်ပိုင်းခရိုင်အထူးခုံရုံး ဥက္ကဋ္ဌက တရားခံ အဖြစ် အစစ်ခံမည်လား၊ သက်သေအဖြစ် အစစ်ခံမည်လားဟု မေးမြန်းခဲ့ရာ ထိုသို့ ဖြေဆိုခဲ့ခြင်းလည်း ဖြစ်သည်။

“ သူက တရားခံအဖြစ်နဲ့ပဲ အစစ်ခံမယ်လို့ ဖြေကြားတယ်။ အဲ့ဒီဖြေကြားချက်အရ ပြောမယ် ဆိုလို့ချင်ရင်တော့ သူ့ကို စစ်မေးတဲ့အခါမှာ တရားရုံးကပဲ သူ့ကို တိုက်ရိုက် စစ်မေးမယ့် အနေအထားတစ်ရပ် ဖြစ်သွားတယ်။ အဲ့ဒီအပေါ်မှာ တရားလိုဘက်က အပြန်အလှန်စစ်မေးခြင်း ပြုလုပ်ခွင့် မရတော့ဘူး။ အဲ့ဒီ အခြေအနေကို ကြည့်မယ်ဆိုရင် သူ့(ဦးကြည်လင်း)က အပြန်အလှန်စစ်မေးခံရဲတဲ့ သတ္တိမရှိဘူးလို့ ယူဆပြီး ပြောရမှာပေါ့။” ဟု ဦးကိုနီမိသားစုဘက်မှ လိုက်ပါ ဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးနေလက မဇ္စျိမသို့ ပြောသည်။

ဦးကြည်လင်းက တရားခံအဖြစ် အစစ်ခံမည်ဆိုပါက ကျမ်းကျိန်စရာမလိုဘဲ အထူးခုံရုံးဥက္ကဋ္ဌက တိုက်ရိုက် စစ်မေးရမည်လည်း ဖြစ်သည်။

စွပ်စွဲခံရသူများအား ဥပဒေအရ တရားရုံးရှေ့ စစ်ဆေးသည့်အခါတွင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ- ၃၄၂ (၁) နှင့် ၃၄၂ (၂) ရှိပြီး ၃၄၁ (၁) မှာ သက်သေအဖြစ် အစစ်ခံခြင်းဖြစ်ကာ ၃၄၂ (၂) မှာ တရားခံအဖြစ် အစစ်ခံခြင်း ဖြစ်ကြောင်း ဦးကြည်လင်းဘက်မှ လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ကျော်ထိုက်က ဆိုသည်။

“ သက်သေအဖြစ် အစစ်ခံတယ်ဆိုတာ ဟုတ်တိုင်းမှန်စွာ ထွက်ဆိုပါမည်ဆိုပြီးတော့ ကျမ်းကျိန်ဆိုပြီးတော့ အစစ်ခံတာ။ သူ့က ကျမ်းကျိန်ပြီး အစစ်ခံတယ် ဆိုသော်ငြားလည်း တရားလုပ်ထုံးလုပ်နည်းနဲ့ တရားရုံး ကျင့်စဉ်အရ တစ်ဖက်ရဲ့ ပြန်လှန် မေးခွန်းကို ဖြေကြားခွင့်ရှိတယ်။ တစ်ဖက်က ဆိုလိုတာက သူက ဖြူတယ်လို့ ပြောတာကို မဖြူနိုင်တဲ့ အကြောင်းတရားတွေ မေးတာကို သူ့မှာ ဖြေရှင်းလို့ရတယ်။ အခုကျတော့ တရားခံအဖြစ် အစစ်ခံတာဖြစ်တဲ့ အတွက်ကြောင့် နှစ်ဖက်ရှေ့နေတွေက ဘာမှလုပ်ဆောင်ခွင့် မရှိတော့ ဘူး။ တရားရုံးနဲ့ စွပ်စွဲခံရသူပဲ တိုက်ရိုက် အမေးအဖြေလုပ်မယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ကျော်ထိုက်က ပြောသည်။

ယင်းအမှုနှင့် ပတ်သက်ပြီး ဦးကြည်လင်းအား တရားခံအဖြစ် စတင်စစ်ဆေးရန်အတွက် လာမည့် ဇူလိုင်လ ၁၂ ရက်နေ့အား ခရိုင်တရားရုံးမှ ပြန်လည် ချိန်းဆိုလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly