ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူရန် NLD ပါတီက ညွှန်ကြားခြင်းမဟုတ်

ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူရန် NLD ပါတီက ညွှန်ကြားခြင်းမဟုတ်
ဓာတ်ပုံ - AFP

ရန်ကုန် ၊ ဇူလိုင်  ၅ ။          ။ ၂၀၁၅ ရွေးကောက်ပွဲအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အာဏာ ရရှိလာခဲ့ပြီးနောက်ပိုင်း တစ်နိုင်ငံလုံး၌ ဗိုလ်ချုပ်ကြေးရုပ်များ စိုက်ထူလာမှုများသည် NLD ပါတီမှ ညွှန်ကြားခြင်းမဟုတ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

“ ပါတီရဲ့ ညွှန်ကြားချက်ကြောင့် ဗိုလ်ချုပ်ကြေးရုပ်တွေ စိုက်တာမဟုတ်ပါဘူး။ ပါတီက ဗိုလ်ချုပ်ကြေးရုပ်တွေစိုက်ဖို့ ဘယ်တုန်းကမှ ညွှန်ကြားချက်မရှိပါဘူး။”  ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ဗိုလ်ချုပ်ရဲ့ ပုံရိပ်ရုပ်တုများ စိုက်ထူရန် တစ်ချိန်က ဖိနှိပ်ခံခဲ့ရခြင်းကြောင့် ယခုလက်ရှိမှာ ဒေသခံပြည်သူအချို့မှ မိမိကိုယ်ပိုင် ရံပုံငွေဖြင့် စိုက်ထူခြင်းဖြစ်သည်ဟု သူက ဆိုသည်။

“ ဒေသအသီးသီးမှာ ဒေသခံပြည်သူများရဲ့ဆန္ဒအရ သူတို့ရဲ့ ကိုယ်ပိုင် ရံပုံငွေစိုက်ထုတ်မှုနဲ့ ဗိုလ်ချုပ်ရုပ်တုတွေကို စိုက်ထူခဲ့တာပါ။ ဒီနေရာမှာ ပါတီကနေ တစ်စုံတရာ ညွှန်ကြားတာမရှိပါဘူး။ ဒေသခံ ပါတီဝင်တစ်ချို့ကတော့ ပူးပေါင်း ပါဝင်ဆောင်ရွက်တာရှိပါတယ်။” ဟု ဒေါက်တာမျိုးညွန့်က ဗိုလ်ချုပ်ရုပ်တုများ စိုက်ထူခြင်းနှင့်ပတ်သက်ပြီး ပြောသည်။

လက်ရှိအချိန်တွင် နိုင်ငံ၏ ဒေသအနှ့ံအပြား၌ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူမှုများ ပြုလုပ်နေပြီး ရန်ကုန်မြို့ တောင်ဥက္ကလာ ပန်းခြံ တစ်ခုတည်းတွင်ပင် ဗိုလ်ချုပ်ကြေးရုပ် နှစ်ခုရှိနေခဲ့သည်။

သို့ရာတွင် တိုင်းဒေသကြီးများ၌ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူရာတွင် အငြင်းပွားဖွယ်ရာ ပြဿနာ တစ်စုံတစ်ရာမရှိသော်လည်း တိုင်းရင်းသားဒေသများ၌ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူရာတွင် ဆန့်ကျင်ကန့်ကွက်မှုများဖြင့် ကြုံတွေ့နေကြရခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့ကလည်း ကယားပြည်နယ် လွိုင်ကော်မြို့၌ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူမှုနှင့် ပတ်သက်ပြီး ဒေသခံ ပြည်သူများက ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်ခဲ့သည်။ ယင်းအပြင် မွန်ပြည်နယ် ဘီလူးကျွန်း ချောင်းဆုံ တံတားကို ဗိုလ်ချုပ်အောင်ဆန်း တံတားဟု အမည်ပေးခြင်းအပေါ် မွန်တိုင်းရင်းသားများက ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

ယခုလို ကန့်ကွက်ခံနေရမှုများနှင့် ပတ်သက်၍ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက တိုင်းရင်းသားတို့ လိုလားနေသော ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ချုပ်ပါ ဗိုလ်ချုပ်အောင်ဆန်း ကတိပြုခဲ့သည့် ကိစ္စရပ်များအပေါ် မဖြည့်ဆည်းနိုင်သေးသည့်အချိန်၌ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုများ တိုင်းရင်းသားဒေသ၌ စိုက်ထူခြင်းအပေါ် စိတ်ခံစားချက်များ ရှိနေနိုင်သည်ဟု သုံးသပ်သည်။

“တိုင်းရင်းသားဒေသတွေကို လောလောဆယ် ပို့ပေးဖို့ လိုအပ်နေတာက ၄၇ ပင်လုံကတိကဝတ်တွေ ပင်လုံသဘော တူညီချက်တွေပါ။ ကြေးရုပ်မဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်” ဟု ဦးမောင်မောင်စိုးက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly