အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ရ )

အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ရ )

ဘဏ္ဍာရေး မညီမျှမှုများ (Fiscal Imbalances)

ဘဏ္ဍာရေးမညီမျှမှုသည် ပြည်သူ့အသုံးစရိတ်နှင့် ပြည်သူ့ဘဏ္ဍာငွေမညီမျှသည့်အခြေအနေတစ်ရပ်ကိုရည်ညွှန်းသည်။ ဆိုလိုသည်မှာ ဝင်ငွေ (အခွန်အပါအဝင် အခြားသော အစိုးရဝင်ငွေများအားလုံး) နှင့် ထွက်ငွေ (ပြည်သူ့ ဝန်ဆောင်မှု အသုံးစရိတ်တာဝန်များအားလုံး) မညီမျှခြင်း၊ တစ်နည်းအားဖြင့် ဝင်ငွေနည်းပြီး ထွက်ငွေ များနေ သည့်အခြေအနေကို ဆိုလိုသည်။

ဖက်ဒရယ်နိုင်ငံအပါအဝင် နိုင်ငံအများစုတွင် အစိုးရအဖွဲ့များအား အပ်နှင်း သော ဘဏ္ဍာရေးအာဏာများ (အသုံးစရိတ်တာဝန်ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများနှင့် အခွန်ဆိုင်ရာ လုပ်ပိုင်ခွင့် အာဏာများ) သည် များသောအားဖြင့် ဟန်ချက်ညီမှု သို့မဟုတ် ညီမျှမှုမရှိသည်ကို တွေ့ရသည်။ ပြည်နယ်နှင့် ဒေသန္တရအစိုးရများအား အပ်နှင်းထားသော အသုံးစရိတ်အာဏာ (တာဝန်များ) သည် ၎င်းတို့အား အပ်နှင်းထား သော အခွန်အာဏာများထက် ပိုများလေ့ရှိသဖြင့် ဘဏ္ဍာရေးမညီမျှမှုသည် သဘာဝဖြစ်စဉ်တစ်ခုပမာ ရှိနေ သည်။ ထိုဘဏ္ဍာရေးမညီမျှမှုအတိုင်းအတာသည် ဘဏ္ဍာရေး အာဏာခွဲဝေသည့် အတိုင်းအတာပေါ် မူတည်ပြီး ဖက်ဒရယ်နိုင်ငံအလိုက် ကွဲပြားသွားသည်။

ဘဏ္ဍာရေးမညီမျှမှုပုံစံ (၂) မျိုး ရှိသည်။ ဒေါင်လိုက်ဘဏ္ဍာရေးမညီမျှမှု (vertical fiscal imbalance) နှင့် အလျားလိုက်ဘဏ္ဍာရေးမညီမျှမှု (horizontal fiscal imbalance) တို့ ဖြစ်သည်။ ဒေါင်လိုက်ဘဏ္ဍာရေး မညီမျှ မှုသည် ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရများအား အပ်နှင်းထားသော ဘဏ္ဍာရေးအာဏာများ မညီမျှသည့် အခြေအနေ (ပြည်ထောင်စုသည် ပြည်နယ်များထက် ဘဏ္ဍာရေးအာဏာပိုရှိခြင်း) ကို ရည်ညွှန်းသည်။ အလျား လိုက် ဘဏ္ဍာရေး မညီမျှမှုသည် ပြည်နယ်များက တူညီသော ပြည်သူ့ဝန်ဆောင်မှုများကို မပေးနိုင်သည့် အခြေ အနေကို ရည်ညွှန်းသည်။ ဒေါင်လိုက်ဘဏ္ဍာရေးမညီမျှမှုသည် ပြည်နယ်၏ ဘဏ္ဍာရေးအာဏာများ (အသုံး စရိတ်တာဝန်နှင့် အခွန်အာဏာ) မညီမျှခြင်း သို့မဟုတ် ဘဏ္ဍာရေး စီမံအုပ်ချုပ်မှုစနစ်၏ အားနည်းချက်များ ရှိခြင်း (စွမ်းဆောင်နိုင်မှုနှင့်ထိရောက်မှုမရှိခြင်း) ကြောင့် ဖြစ်ပေါ်လာနိုင်သည်။ အလျားလိုက်ဘဏ္ဍာရေး မညီမျှ မှုသည် ပြည်နယ်အလိုက် သယံဇာတကြွယ်ဝမှုအဆင့်မတူညီခြင်း၊ မြို့ပြအခြေစိုက် စက်မှုလုပ်ငန်း ဖွံ့ဖြိုးမှုအနေ အထား မတူညီခြင်း၊ ပထဝီ အနေအထားခက်ခဲခြင်း စသည်တို့ကြောင့် ဖြစ်ပေါ်လာနိုင်သည်။

ဖက်ဒရယ်နိုင်ငံတစ်ခု၏ ဘဏ္ဍာရေးအာဏာခွဲဝေမှုပုံစံကြောင့် ထွက်ပေါ်လာနိုင်သော ဘဏ္ဍာရေးမညီမျှမှုများကို နည်းလမ်း အမျိုးမျိုးဖြင့် ဖြေလျှော့နိုင်သည်။ မူအရ ဒေါင်လိုက်ဘဏ္ဍာရေးမညီမျှမှှုများကို နည်းလမ်း (၄) ခု ဖြင့် ဖြေလျော့နိုင်သည်။ ၎င်းတို့မှာ ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ အသုံးစရိတ်တာဝန်များကို အစိုးရအဖွဲ့များအကြား လွှဲပြောင်းအပ်နှင်းခြင်း (ပြည်နယ်၏ တာဝန်အချို့ကို ပြည်ထောင်စုက လွှဲပြောင်းယူခြင်း)၊ အခွန်အာဏာများကို ပြန်လည်သတ်မှတ်ခွဲဝေခြင်း (ပြည်ထောင်စု၏ အခွန်အာဏာအချို့ကို ပြည်နယ်များအား ခွဲဝေပေးခြင်း)၊ အစိုးရ အဖွဲ့များအကြား (ပြည်ထောင်စုမှ ပြည်နယ်များသို့) ဘဏ္ဍာငွေလွှဲပြောင်းခြင်း၊ (အခွန်) ဝင်ငွေခွဲဝေမှုအစီအစဉ် များကို ခိုင်မာစွာချမှတ်ထားခြင်းတို့ ဖြစ်သည်။ အလျားလိုက်ဘဏ္ဍာရေး မညီမျှမှုများကို အစိုးရအဖွဲ့များအကြား (ပြည်ထောင်စုမှပြည်နယ်များသို့ သို့မဟုတ် ချမ်းသာသော ပြည်နည်များမှ ဆင်းရဲသော ပြည်နယ်များသို့) ဘဏ္ဍာငွေလွှဲပြောင်းခြင်း၊ ပြည်နယ်များ၏ အခွန်အာဏာကို တိုးပေးခြင်းနှင့် အခွန်စနစ်ထွန်ကားရေးအတွက် ပြည်နယ်များ၏ စီမံအုပ်ချုပ်နိုင်စွမ်းကို မြှင့်တင်ပေးခြင်း စသည့်နည်းလမ်းတို့ဖြင့် ကုစားနိုင်သည်။

အစိုးရအဖွဲ့များအကြား ဘဏ္ဍာငွေလွှဲပြောင်းခြင်း (Intergovernmental Transfers)

အစိုးရအဖွဲ့များအကြား ဘဏ္ဍာငွေလွှဲပြောင်းခြင်းသည် အစိုးရအဖွဲ့များ၏ ဘဏ္ဍာရေးဆက်နွှယ်မှုကို ထိန်းသိမ်း ရာတွင် အရေးအကြီးဆုံးသော ဘဏ္ဍာရေးဖက်ဒရယ်စနစ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ဖက်ဒရယ်နိုင်ငံ အပါအဝင် နိုင်ငံအများစုတွင် ဘဏ္ဍာရေးမညီမျှမှုများသည် အနည်းနှင့်အများ ရှိကြသည်။ ထိုမညီမျှမှုများကို ဖြေရှင်းသည့်အစီအမံများ(သို့မဟုတ်) ဘဏ္ဍာရေးညီတူမျှတူဖြစ်စေသည့် အစီအစဉ်များ (fiscal equalization) သည် အမျိုးမျိုးရှိနိုင်သည်။ ထိုအစီအစဉ်များသည် ဖက်ဒရယ်နိုင်ငံအလိုက် ကွဲပြားမှုရှိပြီး ဘဏ္ဍာရေးမညီမျှမှု အားလုံးကို ပပျောက်သွားအောင် ဖြေရှင်းနိုင်ခြင်း မရှိသည့်တိုင် လျော့နည်းသွားအောင် ကုစားပေးနိုင်သည်။ ဘဏ္ဍာရေး မညီမျှမှုများကို ကုစားနိုင်သည့် နည်းလမ်းများသည် ယေဘုယျအားဖြင့် (၃) မျိုး ရှိသည်။ ၎င်းတို့မှာ ဝင်ငွေခွဲဝေခြင်း (revenue sharing)၊ ထောက်ပံ့ငွေချပေးခြင်း (grants) နှင့် အစိုးရအဖွဲ့များအကြား ဘဏ္ဍာငွေ လွှဲပြောင်းခြင်း (intergovernmental transfers) တို့ ဖြစ်သည်။

ဝင်ငွေခွဲဝေသည့်နည်းသည် အခွန်တစ်ခုချင်းအလိုက် အခွန်ဝင်ငွေခွဲဝေခြင်း (tax-by-tax sharing) (သို့မဟုတ်)အခွန်ဝင်ငွေအားလုံး စုပေါင်းထားသည့် စုပေါင်းဘဏ္ဍာငွေမှ ခွဲဝေခြင်း (sharing from total pool) စသည့် ပုံစံ တစ်ခုခုဖြင့် ပြည်ထောင်စုနှင့် ပြည်နယ်များအား အခွန်ငွေခွဲဝေသည့် အစီအစဉ်ဖြစ်သည်။ ထိုအစီအစဉ်ဖြင့်ဘဏ္ဍာရေးမညီမျှမှုများကို ဖြေရှင်းနိုင်သည်။ ထိုနည်းလမ်းအရ ခွဲဝေမည့်အခွန်အချိုးအစား (ရာခိုင်နှုန်း) ကို အခြေခံမူ (၂) ရပ်ဖြင့် (ကောက်ခံရာဒေသ အခြေခံမူနှင့် ပြန်လည်ဖြန့်ဝေမှုအခြေခံမူ Derivation and Redistribution principles) သတ်မှတ်ကာ အစိုးရအဖွဲ့များအကြား အခွန်ငွေခွဲဝေသည်။ ထိုအခြေခံမူများအရ အခွန်ကောက်ခံရရှိသည့် ဒေသအတွက် သီးသန့်အခွန် အချိုးအစားတစ်ခု ကြိုတင် သတ်မှတ်ထားခြင်းဖြင့် (သို့မဟုတ်) စုပေါင်းအခွန်ဘဏ္ဍာငွေမှ စည်းမျဉ်းအခြေပြု ပုံသေနည်းတစ်ခုခုဖြင့် လည်းကောင်း အခွန်ငွေခွဲဝေပြီး ဘဏ္ဍာရေးမညီမျှမှုများကို ဖြေလျှော့နိုင်သည်။

ထောက်ပံ့ငွေချပေးရာတွင်လည်း ပုံစံအမျိုးမျိုးရှိသည်။ ပြည်ထောင်စုသည် ပြည်နယ်များအားသတ်မှတ်ချက်မပါ သော အထွေထွေထောက်ပံ့ငွေများ (unconditional grants) ပေးနိုင်သကဲ့သို့ သတ်မှတ်ချက်ပါသော (ပြည်နယ်များလိုက်နာရမည့် စည်ကမ်းချက်များပါရှိသော) အထူးထောက်ပံ့ငွေများ (special grants) လည်း ပြည်နယ်များအား ချပေးနိုင်ပါသည်။ ဥပမာ - ပြည်ထောင်စုအထူးထောက်ပံ့ငွေသည် အခြေခံအဆောက်အုံ ဖွံ့ဖြိုးရေးအတွက်သာ အသုံးချရမည် သို့မဟုတ် ပြည်နယ်များက ခွင့်ပြုထားသော အရက်ဝယ်ယူသုံးစွဲနိုင်သည့် အသက်အရွယ်ကို တိုးမြှင့်ရမည် အစရှိသည့် သတ်မှတ်ချက်များ ပါရှိပါက ထိုသတ်မှတ်ချက်များကို လိုက်နာမှ သာလျှင် ပြည်နယ်များသည် ပြည်ထောင်စု၏ အထူးအထောက်အပံ့ကို ရယူခံစားပိုင်ခွင့်ရှိမည် ဖြစ်သည်။ ပြည်နယ်များသည် ၎င်းတို့၏ အသုံးစရိတ်တာဝန်များအတွက် ကိုယ်ပိုင်ဝင်ငွေအရင်းအမြစ်လုံလောက်မှု မရှိ လျှင် ပြည်ထောင်စု၏ ထောက်ပံ့ငွေများကို ရယူလေ့ရှိသည်။

ဝင်ငွေခွဲဝေခြင်းနှင့် ထောက်ပံငွေချပေးခြင်း နည်းလမ်းတို့အပြင် အစိုးရအဖွဲ့တစ်ခုမှတစ်ခုသို့ (ပြည်ထောင်စုမှ ပြည်နယ်များသို့၊ သိုမဟုတ် ပြည်နယ်အချို့မှ အခြားပြည်နယ်များသို့) ဘဏ္ဍာငွေလွှဲပေးသည့် နည်းလမ်း (intergovernmental transfers) ဖြင့်လည်း ဘဏ္ဍာရေးမညီမျှမှုများကို လျှော့ချနိုင်ပါသည်။ ဤနည်းလမ်းတွင် ပြည်နယ်များ၏ ဘတ်ဂျက် လိုငွေများ (budget deficit) အတွက် ဘဏ္ဍာငွေလွှဲပေးခြင်းနှင့် ဒေသန္တရချေးငွေ များထုတ်ပေးခြင်းတို့ပါဝင်သည်။ချေးငွေများကြောင့်ကြွေးမြီများတိုးပွားလာနိုင်သဖြင့်ကြွေးမြီပမာဏကန့်သတ်မှုများ ထားရှိလာကြသည်။ သို့ရာတွင် လက်တွေ့တွင် ပြည်ထောင်စုအစိုးရသည် ပြည်နယ် တစ်ခုခုက ဘဏ္ဍာရေးအခက်အခဲနှင့် ရင်ဆိုင်နေရလျှင် အလိုက်သင့် ကူညီဖြေရှင်းပေးသည်က များပါသည်။ ထိုသို့ ဘဏ္ဍာရေး လိုအပ်ချက်များကို ကူညီဖြေရှင်း ပေးခြင်းကို ပြည်ထောင်စု အစိုးရ၏ ကူညီကယ်ထုတ်မှုများ (federal bailout) (တစ်နည်းချက်စာအုပ်ထုတ်ပေးသည့် ဖက်ဒရယ်စနစ် - cheque book federalism) ဟု ခေါ်ဝေါ်ကြသည်။ ထိုကူညီကယ်ထုတ်မှုသည် ပြည်နယ်များအပေါ် ပြည်ထောင်စုအစိုးရ၏ သြဇာလွမ်းမိုးမှုကို မြင့်တက်စေနိုင်သဖြင့် အကန့်အသတ်ဖြင့် ခွင့်ပြုသင့်ပါသည်။ ဘဏ္ဍာငွေလွှဲပေးခြင်းသည် ဘဏ္ဍာရေးမညီမျှ မှုများ ကုစားရန်အတွက် ရည်ရွယ်သော်လည်း ထိုအလေ့အထသည် တစ်ခါတစ်ရံ၌ ပြည်ထောင်စုအစိုးရအပေါ် ပြည်နယ်များ၏ ဘဏ္ဍာရေးအရ မှီခိုနေရမှု (fiscal dependency) နှင့် ပြည်နယ်များ၏ ဘဏ္ဍာရေးဆိုင်ရာ တာဝန်ခံမှု (fiscal accountability) တို့အပေါ် သက်ရောက်နိုင်သည်။ ပြည်နယ်များသည် ပြည်ထောင်စုအပေါ် ဘဏ္ဍာရေးအရ မှီခိုနေရမှုများလေလေ ပြည်နယ်များ၏ ဘဏ္ဍာရေးလုပ်ပိုင်ခွင့်အာဏာ (fiscal autonomy) ထိခိုက်လေလေ ဖြစ်သည်။ အထူးသဖြင့် ပြည်ထောင်စု၏ အသုံးစရိတ်ဆိုင်ရာ ဦးစားပေးမှုများသည် ပြည်နယ် ၏ အသုံးစရိတ်ဆိုင်ရာ ဦးစားပေးမှုများနှင့် တစ်ထပ်တည်းမကျသည့် အခြေအနေမျိုးတွင် ပြည်နယ် များသည် သတ်မှတ်ချက်ပါသော ပြည်ထောင်စု ထောက်ပံ့ငွေ ရရှိနိုင်ရေးအတွက် ပြည်ထောင်စု၏ သတ်မှတ်ချက်များကို လိုက်နာပေးရသည့်အခါ ပြည်နယ်ဘဏ္ဍာရေးလုပ်ပိုင်ခွင့်ကို အားနည်းသွားစေသည်။ ပြည်ထောင်စု၏ ကူညီမှု နှင့်အတူ လွှမ်းမိုးခြယ်လှယ်မှုများ ရှိလာနိုင်သောကြောင့် ပြည်ထောင်စု ထောက်ပံ့ငွေအပေါ် အလွန်အကျွံအား ထားမှုသည် ရေရှည်အားဖြင့် ကောင်းသော အလေ့အထ မဟုတ်ပေ။ ထို့ကြောင့် ပြည်နယ်များသည် ၎င်းတို့၏ ခြေထောက်ပေါ် ရပ်တည်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးအတွက် မိမိတို့၏ ဘဏ္ဍာရေး စွမ်းဆောင် နိုင်မှု (fiscal capacity) ခိုင်မာ အားကောင်းအောင် ဆောင်ရွက်သင့်ပါသည်။

အချုပ်အားဖြင့်ဆိုသော် ဘဏ္ဍာရေးဆိုင်ရာ ဆုံးဖြတ်ချက်များ (ဘဏ္ဍာရေးမူဝါဒများ ချမှတ်ခြင်းနှင့် ဘဏ္ဍာရေး အာဏာများ ခွဲဝေခြင်း) ချမှတ်ရာတွင် နိုင်ငံရေးရှုထောင့် (ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တာဝန်ယူ/တာဝန်ခံမှု စသည့် အခြေခံမူများ) နှင့် စီးပွားရေးရှုထောင့် (ထိရောက်မှု၊ မျှတမှုစသည့် အခြေခံမူများ) နှစ်ခုလုံးကို ထည့်သွင်း စဉ်းစားရန်လိုအပ်ပြီး ထိုရှုထောင့်များကို ချိန်ခွင်လျှာထိုးကာ ဆုံးဖြတ်သွားရန် လိုပါသည်။ အစိုးရအဖွဲ့ (ပြည် ထောင်စု သို့မ ဟုတ်) တစ်ခုခုကို ဘဏ္ဍာရေး အာဏာများ (အသုံးစရိတ်အာဏာနှင့် အခွန်အာဏာများ) ကို မညီမျှစွာ အပ်နှင်း ထားလျှင် (တနည်းအားဖြင့် ပြည်ထောင်စု သို့မဟုတ် ပြည်နယ်အစိုးရအား ဘဏ္ဍာရေး အာဏာတစ်ရပ် သို့မ ဟုတ် နှစ်ရပ်လုံးကို ပိုပေးထားလျှင်) ထွက်ပေါ်လာနိုင်သော နောက်ဆက်တွဲအကျိုး ဆက်များ (ဥပမာ - နိုင်ငံ ရေးအရ ဘဏ္ဍာရေးကိုယ်ပိုင်အုပ်ချုပ်ခွင့် မရှိခြင်းနှင့် ဘဏ္ဍာရေး တာဝန်ခံမှု မရှိခြင်း၊ စီးပွားရေးအရ ထိရောက်မှု မရှိခြင်းနှင့် တစ်နိုင်ငံလုံး သာတူညီမျှမှုမရှိခြင်း) ကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် အစီ အမံများ (ဘဏ္ဍာရေးသာတူ ညီမျှမှုဖြစ်စေခြင်းအစီအစဉ်များ) ကို စနစ်တကျ ချမှတ်သွားရန် အရေးကြီးပါ သည်။ နိုင်ငံရေးအာဏာခွဲဝေမှုနှင့် ဆက်စပ်မှုရှိသော ဘဏ္ဍာရေးအာဏာ ခွဲဝေမှုများသည် နိုင်ငံအလိုက် ကွဲပြား နိုင်ပြီး မည်မျှပင် စနစ်တကျခွဲဝေ သွားသည့်တိုင် ကမ္ဘာပေါ်တွင် လုံးဝ ပြီးပြည့်သော ခွဲဝေမှုပုံစံ မရှိပါ။ အားနည်း ချက်များ မလွှဲမရှောင်သာ ရှိနေ နိုင်သဖြင့် ထိုအားနည်းချက်များကို ကုစားနိုင်သည့် အစိုးရအဖွဲ့များအကြား ဘဏ္ဍာငွေ လွှဲပြောင်းမှုအစီအစဉ် များသည် ဘဏ္ဍာရေးဖက်ဒရယ်စနစ်၏ အရေးကြီးဆုံးသော အစိတ်အပိုင်း တစ်ခုဖြစ်သည်။  ။

  1. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၁ )

  2. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၂ )

  3. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၃ )

  4. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ်( ၄ )

  5. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ်( ၅ )

  6. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၆ )

Mizzima Weekly