တိုင်းရင်းသားလူနည်းစု အခွင့်အရေးဆိုသည့်ကိစ္စရပ် တတိယပင်လုံတွင် ဆွေးနွေးရန် သဘောတူညီချက်မရ

တိုင်းရင်းသားလူနည်းစု အခွင့်အရေးဆိုသည့်ကိစ္စရပ် တတိယပင်လုံတွင် ဆွေးနွေးရန် သဘောတူညီချက်မရ

နေပြည်တော်၊ ဇူလိုင်၄ရက် ။            ။ တတိယအကြိမ်မြောက် ၂၁ရာစု ပင်လုံညီလာခံတွင် တင်သွင်းဆွေးနွေးရန် အတွက် နိုင်ငံရေးခေါင်းစဉ် အောက်တွင် ပါသော ကျားမတန်းတူရေးနှင့် တိုင်းရင်းသားလူနည်းစုအခွင့်အရေး စသည့်နှစ်ချက်အနက်မှ တိုင်းရင်းသားလူနည်းစု အခွင့်အရေးဆိုသည့် ကိစ္စရပ်သည် ညီလာခံတွင် တင်သွင်းဆွေးနွေးရန် သဘောတူညီချက် မရရှိကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

“ကျွန်တော်တို့ UPJDC မှာ အကြိတ်အနယ် ဆွေးနွေးတယ်။ အဲ့ဒီမှာ လူနည်းစုကိစ္စအပေါ်မှာ ကျွန်တော်တို့ သဘောတူညီချက်မရဘူး။ တိုင်းရင်းသားလူနည်းစုနဲ့ အခြားလူနည်းစု၊ ဒီအပေါ်မှာ အဓိပ္ပါယ်ဖွင့်တဲ့ အခါမှာလည်း နိုင်ငံရေးကဏ္ဍမှာ တော်တော်လေးအပြင်းအထန် ပြောရတယ်။ ပြောရတဲ့အတွက် အခု ညီလာခံမှာလည်း ဒါကို မဆွေးနွေးသေးဘူး” ဟု ဦးဇော်ဌေးက ပြောသည်။

ယနေ့ ဇူလိုင်လ ယနေ့ ဇူလိုင်လ ၄ရက်နေ့က နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ှဗင်းရှင်း ဗဟိုဌာန(၂)တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံတတိယ အစည်းအဝေးအတွက် ကဏ္ဍအလိုက် လုပ်ငန်းကော်မတီ အစည်းအဝေးများ ခေတ္တရပ်နားချိန်တွင် ၄င်းက ပြောခြင်းဖြစ်သည်။

ဆက်လက်ပြီး “အဓိက ကျွန်တော်တို့ ဘာရလဲဆိုတော့ ငြိမ်းချမ်းရေးညီလာခံမှာ ကျနော်တို့ အဓိကစပြီး ဦးတည်တာက Federal Principle တွေ ကျွန်တော်တို့က မပြတ်သေးဘူး။ မပြတ်သေးတဲ့အတွက် Democracy Principle တွေ ကျန်သေးတယ်။ အဲ့တော့ Democracy နဲ့ ပက်သက်တဲ့ Principle တွေကို ဆွေးနွေးဖို့ မူလက ဦးတည်ထားတာ မရှိဘူး။ မရှိတော့ ဒီမိုကရေစီ အခွင့်အရေးတွေ၊ နောက် လူ့အခွင့်အရေး။ ကျွန်တော်တို့ ဒီဖက်မှာတော့ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေး ဒီပေါ်မှာလည်း စကားလုံးအရ အကျေအလည်မရဘူး။ မရတော့ နောက်ဆုံးတစ်ချက်ပဲရတဲ့ နိုင်ငံရေးကဏ္ဍကတော့ ကျား၊ မတန်းတူရေးနဲ့ ပက်သက်ပြီး အဓိကထားပြီး သဘောတူညီချက် ရအောင်လုပ်မယ်”ဟု ၄င်းက ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၂၁-ရာစု ပင်လုံတတိယကြိမ်အတွက်လုပ်ငန်းကော်မတီအစည်းအဝေးကို ယနေ့ ဇွန် ၄ရက်မှစတင်ကာ ဇွန်လ ၆ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး လုံခြုံရေးကဏ္ဍပိုင်းတွင် တတိယပင်လုံသို့ ၁၀ ချက်ခန့် တင်သွင်းသွားနိုင်အောင် ဆုံးဖြတ်ထားကြောင်း ၄င်းက ဆက်လက်ပြောသည်။

“ နိုင်ငံရေးကဏ္ဍမှာ ဒီ ညီလာခံမှာ သဘောတူညီချက်က နည်းနည်းလေး နည်းမယ့်သဘောရှိတဲ့အတွက် ကျန်တဲ့ကဏ္ဍတွေကနေပြီးတော့ သဘောတူညီချက်တွေ အများဆုံးရအောင် ကြိုးပမ်းသွားမယ်” ဟု ဦးဇော်ဌေးက ပြောသည်။

စီးပွားရေးကဏ္ဍတွင်မူ UPDJCသို့ ၁၅ ချက် တင်သွင်းကာ ၁၀ချက်ကျော် ဆုံးဖြတ်ချက် ချနိုုင်ရန် ရည်ရွယ်ထားတယ်ဟု စီးပွားရေးကိစ္စရပ်များဆွေးနွေးမှု လုပ်ငန်းကော်မတီတွင်ပါ၀င်သည့် ငြိမ်းချမ်းရေး ကော်မရှင်မှ ဦးလှမောင်ရွှေကပြောသည်။

“အခုတစ်ခေါက်မှာတော့စီးပွားရေးကဏ္ဍကတော့အချက် ၁၀ချက်ကျော်ကျော်ကို ချနိုင်ဖို့တော့ ရည်ရွယ်ထားတယ်။ အဲ့တော့ တင်နိုင်တာကတော့ အခုထိ ဆွေးနွေးနေတဲ့ အရဆိုရင်တော့ အချက် ၁၅ချက်လောက်တော့ UPDJCကို တင်သွင်းတယ်။ ဒါပေမယ့် အဆုံးအဖြတ်ကတော့ UPDJCက ညီလာခံကို ဘယ်လောက်တင်မလဲဆိုတာကတော့ UPDJCရဲ့ အဆုံးအဖြတ်ပဲဖြစ်ပါတယ်။ အခုထိ ဆွေးနွေးတာ အားလုံးကတော့ တစ်ယောက်နဲ့ တစ်ယောက်တော့ ကျွန်တော်တို့ အားလုံးရင်းရင်းနှီးနှီးနဲ့ ပွင့်ပွင့်လင်းလင်း ကျွန်တော်တို့ဆွေးနွေးနေတယ်”ဟု ဦးလှမောင်ရွှေကပြောသည်။

စီးပွားရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍ၊ နိုင်ငံရေး၊ လူမှုရေး နှင့် သဘာဝပတ်ဝန်းကျင်နှင့်မြေယာကဏ္ဍ စသည့် ကဏ္ဍငါးချက် အလိုက် တစ်ခုချင်းစီမှ အချက်များကို ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးများတွင် ဆွေးနွေးဆုံးဖြတ်ပြီးမှ တတိယပင်လုံညီလာခံသို့ ထပ်မံတင်သွင်းသွားမည် ဖြစ်သည်။

၂၁ ပင်လုံတတိယအကြိမ်အစည်းအဝေးကို ဇူလိုင်လ ၁၁ ရက်နေ့မှ ၁၆ ရက်နေ့ထိ ခြောက်ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly