ပြည့်တန်ဆာနှိပ်ကွပ်ရေးပုဒ်မဖြင့် စွဲဆိုထားသူ ၁၁ ဦးအမှု တရားလိုအပါအဝင် ရဲသက်သေ ၃ ဦးစတင်စစ်ဆေး

ပြည့်တန်ဆာနှိပ်ကွပ်ရေးပုဒ်မဖြင့် စွဲဆိုထားသူ ၁၁ ဦးအမှု တရားလိုအပါအဝင် ရဲသက်သေ ၃ ဦးစတင်စစ်ဆေး
ဓာတ်ပုံ-ရဲနိုင် (လောက်ကိုင်)
 

ရန်ကုန်၊ ဇူလိုင်လ ၄ ။             ။ ရန်ကုန်၊ တောင်ဥက္ကလာမြို့နယ်တွင် လိုင်စင်မဲ့အလှပြင်ဆိုင်လုပ်ငန်း ဗန်းပြပြီး ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင် နေသည်ဟုဆိုကာ ဖမ်းဆီးထားသူ ၂၈ ဦးထဲမှ ပြည့်တန်ဆာခေါင်းပုဒ်မဖြင့် စွဲဆိုထားသူ ၁၁ ဦးအမှုအား တရား လိုအပါအဝင် ရဲသက်သေ ၃ ဦးအား စတင်စစ်ဆေးခဲ့သည်။

ယင်း ၁၁ ဦးအား ယနေ့ ဇူလိုင်လ ၄ ရက်နေ့၊ တောင်ဥက္ကလာပမြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး တရားလို အပါအဝင် ရဲသက်သေ ၃ ဦးကို စတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ၁၁ ဦးအား ပြည်တန်ဆာခေါင်းအမှုဖြစ်သည့် ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေ ပုဒ်မ ၅(၁)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး ကျန်ရှိသည့် တရုတ်နိုင်ငံသူ ၁၇ ဦးအား ပြည်တန်ဆာအမှုဖြစ်သည့် ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေပုဒ်မ- ၃(က)/(ခ) ဖြင့် တရားစွဲဆိုစစ်ဆေးနေခြင်းဖြစ်သည်။

ယနေ့ ရုံးချိန်းတွင် တရုတ်နိုင်ငံသူ ၁၇ ဦးအား ရုံးထုတ်ခဲ့သော်လည်း စစ်ဆေးခဲ့ခြင်းမရှိပေ။

“ တရားခွင်မှာ အဓိကမေးတာက ဆရာအမှုသည်ကောင်မလေး လေးယောက်က အလုပ်သမား။ အလုပ်သမား ဆိုတာက အလုပ်ရှင်ဆီကရတဲ့ လုပ်ခလစာပေါ်မှာ သူတို့က အသက်မွေးဝမ်းကြောင်း ပြုတာလေ။ ပြည့်တန် ဆာလုပ်ငန်းကရတဲ့ ပိုက်ဆံအပေါ်မှာ အသက်မွေးဝမ်းကြောင်းပြုတာမှ မဟုတ်တာ။ ဆရာဒီအတိုင်းပဲ သွားပါ တယ်။ အလုပ်သမားတွေကို အွန်လိုင်းကခေါ်တယ်။ အစမ်းခန့် တစ်လခန့်တယ်။ ဘာလစာမှမရ သေးဘူး။ လစာမှမရသေးတာ ပြည့်တန်ဆာပိုက်ဆံကို ခံစားတယ်ဆိုတာ အဓိပ္ပာယ်မရှိဘူးလေ။ ဘာမှလုပ်ခလစာ မရသေးဘူး။ အစမ်းခန့်”ဟု ပြည့်တန်ဆာခေါင်းပုဒ်မဖြင့် တရားစွဲခံထားရသော မိန်းကလေး ၄ ဦးဘက်မှ လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးမြင့်သန်းက ပြောသည်။

ယင်းအမှုနှင့် ပတ်သက်ပြီး ဆက်လက်စစ်ဆေးနိုင်ရန်အတွက် လာမည့် ဇူလိုင်လ ၁၈ ရက်နေ့ကို ပြန်လည် ချိန်းဆိုလိုက်သည်။ ယင်းအမှုမှာ ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့က ရဲတပ်ဖွဲ့က တောင်ဥက္ကလာပမြို့နယ်၊ အမှတ် ၈ ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် Oriental Spa လိုင်စင်မဲ့အလှပြင်ဆိုင်အား ဝင်ရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဝင်ရောက်စစ်ဆေးခဲ့ရာတွင် ယင်းဆိုင်မှာ အလှပြင်ဆိုင် ဗန်းပြပြီး ရေချိုးခန်း၊ ပြည်တန်ဆာလုပ်ငန်း လုပ်ကိုင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် တရုတ်နိုင်ငံသူ ၁၇ ဦးအပါအဝင် ဆိုင်မှ ဝန်ထမ်းများအားလုံး စုစုပေါင်း ၂၈ ဦးအား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခဲ့သည့် တရုတ်နိုင်ငံသူ ၁၇ ဦးအား ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေပုဒ်မ- ၃(က)/(ခ)၊ လက်ရှိ ထွက်ပြေးနေသည့် ဆိုင်ပိုင်ရှင်နှင့် Peng An Ting အပါအဝင် တရုတ်နိုင်ငံသား ၂ ဦး၊ မမိုးမိုး(ခ) အားဖျင် အပါအဝင် ၈ ဦး၊ စုစုပေါင်း ၁၁ ဦးကို ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေပုဒ်မ- ၅(၁) တို့ဖြင့် ရဲတပ်ဖွဲ့က အမှုဖွင့် အရေးယူခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေသည့် ဆိုင်ပိုင်ရှင်ဆိုသူအား ပြည့်တန်ဆာခေါင်းပုဒ်မအပြင် တရားခံ ပြေးအဖြစ် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly