ထိုင်းလူငယ်များကို အန္တရာယ်ကင်းကင်းနဲ့ ကယ်ထုတ်သွားမယ်လို့ ထိုင်းကယ်ဆယ်ရေးတပ်ဖွဲ့ ကတိပြု

ထိုင်းလူငယ်များကို အန္တရာယ်ကင်းကင်းနဲ့ ကယ်ထုတ်သွားမယ်လို့ ထိုင်းကယ်ဆယ်ရေးတပ်ဖွဲ့ ကတိပြု
ဓာတ်ပုံ-သူရ/မဇ္ဈိမ
 

ဇူလိုင် ၄ ။              ။ ထိုင်းကယ်ဆယ်ရေးတပ်ဖွဲ့က ထိုင်းလူငယ် ၁၂ ယောက်နဲ့ဘော်လုံးနည်းပြကို လှိုဏ်ဂူထဲကနေ အန္တရာယ်ကင်းကင်းနဲ့ ကယ်ထုတ်သွားမယ်လို့ ကတိပြုထားကြပါတယ်။   ရေလွှမ်းနေတဲ့လှိုဏ်ဂူထဲကနေ လူငယ်လေးတွေကို ကယ်ထုတ်ဖို့ဆိုတာ မဖြစ်နိုင်သေးသလို တချို့လူငယ်လေးတွေက ရေမငုပ်တတ်၊ ရေမကူးတတ်တဲ့လူငယ်လေးတွေဖြစ်ပါတယ်။

ထိုင်းကယ်ဆယ်ရေးတပ်ကတော့ မိုးဘယ်လောက်ပဲသည်းသည်း လူငယ်တွေကို ဘေးအန္တရာယ်နဲ့လွှတ်ကင်းရာကို ပြောင်းရွှေ့ပေးနိုင်မှသာ ကယ်ထုတ်မယ်လို့သိရပါတယ်။

ကျွန်တော်တို့ကယ်မထုတ်ခင်အချိန်ထိ လူငယ်လေးတွေဘာမှမဖြစ်စေရပါဘူး။ ၁၀၀ ရာခိုင်နှုန်းအာမခံပါတယ် လို့ Chiang Rai ဒေသခံအုပ်ချုပ်ရေးမှူး Narongsak Osottanakorn က ဗုဒ္ဓဟူးနေ့မှာပြောကြားခဲ့ပါတယ်။

သူတို့တွေကိုကျွန်တော်တို့ရင်သွေးလေးတွေအတိုင်းဂရုတစိုက်စောင့်ရှောက်သွားမယ်လို့ Narongsak Osottanakorn ကပြောခဲ့ပါတယ်။

လူငယ်တွေကို ရေငုပ်ကိရိယာတပ်ဆင်အသုံးပြုနည်း၊ ရေငုပ်နည်းများ သင်ကြားပေးနေပြီလို့ကြားသိရပါတယ်။

များမကြာမီရက်တွေမှာ မိုးသည်းထန်စွာရွာမှာဖြစ်တဲ့အတွက် အာဏာပိုင်တွေကလည်း ရေတွေကို တစ်နာရီ ၁ စင်တီမီတာနှုန်းနဲ့ ဖယ်ထုတ်ပေးနေတယ်လို့သိရပါတယ်။

လူ ၁၃ ယောက်ကို အတတ်နိုင်ဆုံးကယ်ထုတ်ပေးချင်ပေမယ့် ဘယ်နေ့၊ ဘယ်အချိန်မှာကယ်ထုတ်နိုင်မယ်ဆိုတာကို မပြောလိုပါဘူးလို့ ထိုင်းနိုင်ငံစစ်တပ်အကြီးအကဲ Prayut Chan-O-Cha ကဆက်ပြောပါတယ်။

လှိုဏ်ဂူအပြင်ဘက်မှာစောင့်ဆိုင်းနေတဲ့မိသားစုတွေကိုလည်း ထိုင်းရေတပ်က သတင်းတစ်ခုပြန်ကြားခဲ့ပါတယ်။

အားလုံးက ကင်မရာကို မျက်နှာမူ၊ လက်အုပ်ချီအနေအထားနဲ့ နာမည်ကိုယ်စီပြောပြီး ကျွန်တော်နေကောင်းတယ်လို့ ပြောကြတာဖြစ်ပါတယ်။

လူငယ်လေးတွေအားလုံး အသက်ကယ်အကျင်္ီကိုယ်စီဝတ်ထားကြပြီး ပြံုးနေတဲ့ရေငုပ်သမားကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ဇွန်လ ၂၃ ရက်မှာ လူငယ်လေးတွေနဲ့လှိုဏ်ဂူထဲဝင်သွားတဲ့ ၂၅ နှစ်အရွယ် နည်းပြကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။

တစ်မိနစ်စာကြာမြင့်တဲ့ ဗီဒီယိုလေးမှာ ၁၂ယောက်မြောက်လူငယ်လေးက သူမိတ်မဆက်လိုက်ရဘူးလို့ရယ်ရယ်မောမောပြောရင်းပြီးဆုံးသွားပါတယ်။   

ထိုင်းနိုင်ငံရဲ့အရှည်ဆုံးလှိုဏ်ဂူတွေထဲကတစ်ခုဖြစ်တဲ့ လှိုဏ်ဂူထဲ ၀င်ရောက်ကယ်တင်ကြမယ့် ကယ်ဆယ်ရေးတပ်တွေကို ထိုင်းတစ်မျိုးသားလုံးကချီးကျူးထောပနာပြုနေကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly