လူငယ်နဲ့ ကဗျာ ( ၃ )

ဟိုနေ့က ကဗျာအကြောင်း ပြောခဲ့ရာမှာ ကဗျာအကြောင်း တစ်စုံတရာအထိုက်အလျောက်သိဖို့ဆိုရင် မြန်မာကဗျာ စီးဆင်းလာခဲ့မှုသမိုင်းကို တို့ထိထားရင် ပိုကောင်းမယ်လို့ ကျနော်ပြောခဲ့ပါတယ်။ ဒီကနေ့ မြန်မာကဗျာရေစီးကြောင်းကို အကျဉ်းသဘောပြောဖို့ရှိပါတယ်။

ကဗျာဟာ ဥပမာ၊ ဥပမေယျ၊ အလင်္ကာ၊ သင်္ကေတ နမိတ်ပုံအစရှိတဲ့ ကဗျာ့ပရိယာယ်တွေနဲ့ တည််ဆောက်ရတဲ့ အနုပညာကိစ္စဖြစ်တယ်လို့ ကျနော်ပြောခဲ့ပါတယ်။ ဒါကြောင့်မို့လည်း ရှေးခေတ်ကျောက်စာနဲ့   ပေစာပေရွက်တွေမှာ မှတ်တမ်းမှတ်ရာပြုကြတဲ့အခါ၊ ကုသိုလ်ဒါနပြုကြတဲ့အခါ တစ်ခါတလေ ဥပမာတွေနဲ့စတင်ရေးခဲ့ရာက ကဗျာ့သန္ဓေစတင်ခဲ့လေသလား ထင်မှတ်ရလောက်အောင်   တွေ့ခဲ့ကြရပါတယ်။ ဘုရင့်ဘုန်းတော်၊ မိဘကျေးဇူးတော်၊ ရေကန်ရဲ့အလှ၊ အစရှိသည်တို့ကို ဖေါ်ပြရာမှာ ဘုန်းမီးနေလသကဲ့သို့သော၊ တာဝတိန်သာက နတ်ရေကန်ကဲ့သို့သော အစရှိတဲ့ ဥပမာတွေနဲ့ ဖေါ်ပြကြရင်းက ကဗျာရဲ့အသက်ဟာ စတင်ခဲ့လေသလား။ တွေးစရာပါပဲ။

ပုဂံခေတ်ကအစချီပြီး ကုန်းဘောင်ခေတ်နှောင်းပိုင်း ကိုလိုနီခေတ်အထိ ခေတ်ကြီး ၆ ခေတ်ဆိုပြီး ပိုင်းခြားလိုက်ရင် အဲဒီခေတ်ကြီးတွေအတွင်း အမျိုးအမည်များပြားလှတဲ့ ကဗျာတွေထွန်းကားပေါ်ပေါက်လာတာ တွေ့ရမှာပါ။ တချို့ကဗျာတွေက တစ်ခေတ်ထဲမှာပဲ နိဂုံးချုပ်သွားကြပေမယ့် တချို့ ကဗျာအမျိုးအစားတွေကြတော့ နှစ်ခေတ်သုံးခေတ်အထိ သက်တန်းရှည်ကြာခဲ့တာတွေ့ရပါတယ်။ သတိမထားဘဲနေလို့မရအောင် ထူးခြားတဲ့အချက်က လေးလုံးစပ်ကဗျာရဲ့သက်တမ်းဟာ အရှည်ကြာဆုံးတည်တန့်ခဲ့တာတွေ့ရပြီး ကဗျာအမျိုးအစားတော်တော်များများဟာ အဲဒီလေးလုံးစပ်ကဗျာကိုပဲအခြေခံပြီးမှ ထပ်ဆင့်တီထွင်ကြတဲ့သဘောသက်ရောက်ခဲ့တယ်ဆိုတဲ့အချက်ပါပဲ။

မြန်မာ့သမိုင်း အထင်ကရခေတ်အစဟာ ပုဂံခေတ်ပါပဲ။ ခရစ်သက္ကရာဇ် ၁၀၄၄ ၀န်းကျင်ကစမယ်ဆိုရင် မြန်မာကဗျာသက်တမ်း နှစ် တစ်ထောင်ဝန်းကျင်ရှိခဲ့ပါပြီ။ အဲဒီခေတ်အသီးသီးထဲမှာ ပေါ်ပေါက်ခဲ့တဲ့ကဗျာအမျိုးအစားတွေကတော့ ပုဂံခေတ်မှာ စကားပြေရော လင်္ကာဟန်နဲ့စခဲ့ပြီး ပင်းယခေတ်ကြတော့ တျာချင်း၊ ကာချင်း၊ ရတု။ နှောင်းခေတ်တွေမှာတော့ ဧချင်း၊ မော်ကွန်း၊ တာလား၊ ပျို့၊ အန်ချင်း၊ လူးတား၊ အဲချင်း၊ တမ်းချင်း၊ သံပေါက်၊ အိုင်ချင်း၊ ရဲတင်း၊ ညည်းချင်း၊ စည်တော်သံ၊ ငိုချင်း၊ လှေတော်သံ၊ ဒုံးချင်း၊ လွန်းချင်း၊ ဂုဏ်ချင်း၊ ဗုံကြီးသံ၊ ဘောလယ်၊ ဒွေးချိုး၊ လေးချိုး၊ တြ်ိချိုး၊ တေးထပ်..အစရှိတဲ့ကဗျာတွေပေါ်ပေါက်ခဲ့ပါတယ်။

ဒိီနေရာမှာ ကဗျာအမျိုးအစားတစ်ခုချင်းစီရဲ့ထူးခြားချက်က ပုံသဏ္ဍာန်တစ်ခုနဲ့တစ်ခု မတူကြတဲ့အပြင် ကဗျာပါအကြောင်းအရာမှာလည်း မတူကြပါဘူး။ ဥပမာ ကာချင်းဆိုပါစို့။ စစ်သည်တော်များ စစ်ချီစစ်တက်မယ်ပြုစဉ် ဒိုင်းကာလွှားတို့ကိုကိုင်ရင်း စုပေါင်းသီဆိုကြ ကကြတဲ့အခါ ရွတ်ဆိုရတဲ့ကဗျာအမျိုးအစားဖြစ်ပါတယ်။ နောက်ပိုင်း အင်မတန်လူကြိုက်များခဲ့တဲ့ ရတုကဗျာကြတော့ မောင်ဘွဲ့၊ မယ်ဘွဲ့၊ အလွမ်းဘွဲ့၊ တောတောင်ဘွဲ့ကိုစပ်ဆိုတဲ့ကဗျာအမျိုးအစားဖြစ်ပြီး အားနဲ့မာန်နဲ့ ရွတ်ဆိုဖို့မဟုတ်ဘဲ နွဲ့ပြီးယိုင်ပြီးဆိုတဲ့ကဗျာအမျိုးအစားဖြစ်ခဲ့ပါတယ်။

ဒါကတော့ မြန်မာကဗျာအကြောင်း တကယ့်ကို အကြမ်းပျဉ်းဆွေးနွေးလိုက်တာပါ။ အကြံပြုချင်တဲ့အချက်က ကဗျာဝါသနာပါသူတွေဟာ ခေတ်တစ်ခုချင်းစီမှာပေါ်ပေါက်ခဲ့တဲ့ကဗျာအမျိုးအစားအသီးသီးရဲ့ သဏ္ဍာနဲ့အကြောင်းအရာကို သည့်ထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်သိထားမယ်ဆိုရင် ပိုပြီးကောင်းပါလိမ်မယ်။

နောက်ထပ် အကြံပြုချင်တဲ့အချက် ရှိပါသေးတယ်။ ဘယ်ခေတ်မှာမဆို ပေါ်ပေါက်ခဲ့တဲ့ကဗျာတစ်ပုဒ်ချင်းစီမှာ အဲဒီကဗျာနဲ့ပတ်သက်တဲ့အဖြစ်အပျက်သမိုင်းတွေ ရှိနေတတ်တယ်ဆိုတဲ့အချက်ကိုလည်း အထူးလက်တို့လိုက်ချင်ပါတယ်။ ဥပမာ အနန္တသူရိယအမတ်ကြီးရဲ့ သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူအစချီကဗျာဟာ ဘုရင်ကို တရားပြနားချနိုင်ခဲ့တယ်ဆိုတဲ့သမိုင်း၊ မင်းလက်ဝဲသုန္ဒရအမတ်က မဲဇာတောင်ခြေ စီးတွေတွေတည့် အစချီရတု ရေးလို့ မဲဇာတောက ပြန်ခေါ်ခံရပုံ၊ အချုပ်တန်းဆရာဖေ ရဲ့ မြတ်ကောဇာပြရမှာဖြင့် အစချီကဗျာနဲ့ အင်္ဂလိပ်နယ်ချဲ့အစိုးရရဲ့ ဖမ်းဆီးချုပ်နှောင်ခြင်းခံရတဲ့အဖြစ်အပျက်တွေဟာ ကဗျာဝါသနာပါသူတိုင်း မလွဲမသွေလေ့လာသိထားသင့်တဲ့အချက်မျိုးတွေပါပဲ။

ကဲ ဒီကနေ့တော့ ဒီလောက်ပါပဲ။ နောက်နေ့တွေမှာ ကဗျာအကြောင်း ဆက်ပြီးဆွေးနွေးကြသေးတာပေါ့။

လူငယ်များ ကဗျာတွေထဲကတဆင့် လောကနဲ့ဓမ္မအကြောင်း သိနိုင်ကြပါစေဗျား။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

  1. လူငယ်နဲ့ ကဗျာ ( ၁ )

  2. လူငယ်နဲ့ ကဗျာ ( ၂ )

Mizzima Weekly