ဖုန်းပါ အားသွင်းနိုင်မည့် နည်းပညာအခြေပြုကားမှတ်တိုင်တစ်ခု စတင်ဖွင့်လှစ်

ဖုန်းပါ အားသွင်းနိုင်မည့် နည်းပညာအခြေပြုကားမှတ်တိုင်တစ်ခု စတင်ဖွင့်လှစ်

ရန်ကုန်၊ ဇူလိုင် ၄ ။        ။ နိုင်ငံတကာအဆင့်မီ နည်းပညာအခြေပြု မှတ်တိုင်တွေ အသုံးပြုသွားမည်ဖြစ်ကြောင်း YRTA မှ ပြောဆိုထားခဲ့ပြီး တစ်နှစ်ကျော်အကြာ ဗဟန်းမြို့နယ် လမ်းနီမှတ်တိုင်အနီးတွင် ဖုန်းပါအားသွင်းနိုင်သည့် မှတ်တိုင်တစ်ခု ဇူလိုင် ၃ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။

ရန်ကုန်မြို့အချက်အခြာနေရာများ၌ ခေတ်မီဘတ်စ်ကားမှတ်တိုင် ၅၀၀ ကို ၃ နှစ်အတွင်း တည်ဆောက်သွားမည်ဟု  FMIDecaux ကုမ္ပဏီဘက်မှ သိရသည်။

ယင်းဘတ်စ်ကားမှတ်တိုင်များတွင် ဖုန်းအားသွင်းပေါက်၊ ဘတ်စ်ကားရောက်ရှိချိန်နှင့် အချက်အလက်ပြ မျက်နှာပြင်များ၊ ကြော်ငြာများ ပါ၀င်မည်ဖြစ်သည်။

" ဒီဟာတစ်ခုကနေ တကယ်ကိုသပ်သပ်ရပ်ရပ်လုပ်ငန်းတစ်ခုဖြစ်လာတဲ့အနေအထားမှာ ဒီစည်းစနစ်အတွင်းမှာ ရန်ကုန်မြို့သားတစ်ယောက်အနေနဲ့ welcome ဖြစ်တယ်" ဟု FMI ကုမ္ပဏီ၏ အမှုဆောင်ဒါရိုက်တာ ဦးထွန်းထွန်းက ဇူလိုင်လ ၂ ရက်နေ့က ပြောသည်။

အဆိုပါ ဘတ်စ်ကားမှတ်တိုင်များတည်ဆောက်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း တင်ဒါခေါ်ယူခဲ့ကာ အဆိုပြုကုမ္ပဏီ ၅ ခုအနက် FMIDecaux ကုမ္ပဏီကို လုပ်ကိုင်စေခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“တင်ဒါနဲ့ ဆောက်မယ့်မှတ်တိုင်က ရိုးရိုးမှတ်တိုင် မဟုတ်ဘူး။ ကြော်ငြာဘုတ်နဲ့ မဟုတ်ဘူး။ သူက သတင်းအချက်အလက်ကိုအခြေခံတဲ့ နည်းပညာအခြေပြုတဲ့ မှတ်တိုင်တွေ ဖြစ်လာမှာ။  အားလုံးက ဒီမြို့ရဲ့သတင်းအချက်အလက်တွေ အကုန်သိရမယ်။ ကားတွေရဲ့ တကယ့်အချိန်တွေကိုလည်း သိရမယ်။ နောက်တစ်ခုက ဖုန်းတွေအားသွင်းတာကအစ။ အဲဒါမျိုးတွေ အကုန်ပါမယ်။ ဒါမို့လို့လည်း ခေါ်တာကိုက နိုင်ငံတကာ တင်ဒါနဲ့ခေါ်တာ ” ဟု ဒေါက်တာမောင်အောင်က ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်က မဇ္ဈိမသို့ ပြောထားသည်။

ရန်ကုန်မြို့တွင်း အများပိုင်သယ်ယူပို့ဆောင်ရေးစနစ်ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် စတင်ပြေးဆွဲခဲ့ပြီး တစ်နှစ်ကျော်အကြာတွင် အဆိုပါမှတ်တိုင်များအနက်မှ တစ်ခုကို စတင်အကောင်အထည်ဖော်နိုင်ခြင်း ဖြစ်သည်။

အဆိုပါ မှတ်တိုင်အပြင် စိန့်ဂျွန်း၊ YUFL၊ မာလာမှတ်တိုင်များပါ ပြင်ဆင်နေပြီ ဟု သိရပြီး လတ်တလောတွင် မှတ်တိုင်သန့်ရှင်းရေးအတွက်  ကုမ္ပဏီဝန်ထမ်း ၂ ယောက်ချထားပေးကြောင်း သိရသည်။

ကားမှတ်တိုင်နှင့်ကြော်ငြာလုပ်ငန်းများအတွက် FMIDecaux ကုမ္ပဏီနှင့် စည်ပင်သာယာတို့ ၂၀၁၈ ဇန်နဝါရီလအတွင်းက စာချုပ်ချုပ်ဆိုခဲ့ပြီး အဆိုပါကုမ္ပဏီသည် နှစ် ၂၀ လုပ်ကိုင်ခွင့်ရမည် ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ဘတ်စ်ကားစီးနင်းသူ ၂.၅ သန်း ခန့်ရှိနေပြီး ဘတ်စ်ကားမှတ်တိုင်ပေါင်း ၂၀၀၀ ခန့်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly