NLD အစိုးရလက်ထက်တွင် ထာဝရငြိမ်းချမ်းရေးရလိုဟု တပ်မတော်ပြော

NLD အစိုးရလက်ထက်တွင် ထာဝရငြိမ်းချမ်းရေးရလိုဟု တပ်မတော်ပြော

 

ရန်ကုန်၊ ဇူလိုင် ၃ ။                         ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအစိုးရ လက်ထက်တွင် ထာဝရငြိမ်းချမ်းရေးရရန် ဆန္ဒရှိနေကြောင်း  ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-U) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကပြောကြားလိုက်သည်။

ရန်ကုန်မြို့၊ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)တွင်ပြုလုပ်သည့်၁၇  ကြိမ်မြောက် JMC-U၏ ပုံမှန်အစည်းအဝေးအဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြား လိုက်ခြင်းဖြစ်သည်။

“ ကျွန်တော်တို့တပ်မတော်အနေနဲ့ လက်ရှိအစိုးရကာလမှာပဲ ခိုင်မြဲတဲ့ထာဝရငြိမ်းချမ်းရေးရရှိလိုတဲ့ ဆန္ဒရှိပါတယ်။ ဒါဟာ တပ်မတော်အကြီးအကဲကလည်း ဒီတိုင်းပဲဆန္ဒရှိတာဖြစ်ပါတယ်”ဟု JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောသည်။

 ထို့အပြင် လက်နက်ကိုင်လမ်းစဉ် စွဲကိုင်ထားပါက လိုချင်နေသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာမှာမဟုတ်ဘူးဟုလည်း ၄င်းကပြောသည်။

ခိုင်မြဲသည့်ငြိမ်းချမ်းရေးရန် NCA ဟာတစ်ခုတည်းသော မဟာဗျူဟာတစ်ခုဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေအနေဖြင့်NCA တွင်ပါ၀င်သည့် ကတိကဝတ်များကို လိုက်နာရန်လိုသည်ဟုလည်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကဆိုသည်။

JMC-U ဒုဥက္ကဋ္ဌ (၁) ဗိုလ်ချုပ်စောအိုင်းဇက်ဖိုး ကလည်း စစ်ပွဲများ ရပ်ပြီး ငြိမ်းချမ်းရေး တည်ဆောက်ကြရန် တိုက်တွန်းလိုက်သည်။

“ ပဋိပက္ခတွေကြောင့် နှစ်ဖက်လုံးရဲ့ထိခိုက်နစ်နာမှုက တိုင်းပြည်အတွက် အနုတ်လက္ခဏာပဲဆောင်ပါတယ်။ ဒါကြောင့် အနာဂတ် စစ်မှန်တဲ့ပြည်ထောင်စု တည်ဆောက်ရာမှာ အနာဂတ်တိုင်းပြည်ကို ကာကွယ်ရာမှာ လိုအပ်မယ့်အင်အားတွေကို ဆုံးရှုံးမှုတွေကို သက်ဆိုင်ရာခေါင်းဆောင်များအနေနဲ့ စဉ်းစားဖို့လိုအပ်ပါတယ် “ ဟု တိုင်းရင်းသားလက်နက်ကိုင်များအစုအဖွဲ့မှ JMC -U  ဒုဥက္ကဋ္ဌ (၁) ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးက ပြောသည်။

JMC သည်  NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းနှင့် တပ်မတော်အကြားတွင် တိုက်ပွဲများမဖြစ်ရန်နှင့် ဖြစ်ပွားခဲ့ပါကညှိနှိုင်းဖြေရှင်းပေးရန် ဖွဲ့စည်းထားသည့် အဖွဲ့တစ်ခုဖြစ်သည်။

ယခုရန်ကုန်တွင်လုပ်နေသည့်JMC၏ ၁၇ ကြိမ်မြောက်အစည်းအဝေးတွင် ရှေ့ဆက်လုပ်မည့်လုပ်ငန်းစဉ်များနှင့် JMC မှာအရပ်သားပါ၀င်မှုကိစ္စများကို ဆွေးနွေးသွားမည်ဟုလည်းသိရသည်။

အပစ်ရပ် တိုင်းရင်းသားများနှင့် တပ်မတော်ကိုယ်စားလှယ်များ ပါ၀င်သည့် JMC အစည်းအဝေး ကို ဇူလိုင်လ ၃ ရက်နေ့မှ ဇူလိုင်လ ၅ ရက် နေ့ ထိ ပြုလုပ်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly