Mytel Group ဖုန်းကုမ္ပဏီမှ တရားစွဲဆိုမှုအား မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ အမှုရင်ဆိုင်မည်

Mytel Group ဖုန်းကုမ္ပဏီမှ တရားစွဲဆိုမှုအား မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ အမှုရင်ဆိုင်မည်

 

ရန်ကုန်၊ ဇူလိုင်လ ၃ ။           ။ Mytel Group ဖုန်းကုမ္ပဏီမှ မွန်ပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ပါတီအတွင်းရေးမှူးဟောင်း ဦးသန့်ဇင်တို့ကို ငွေကျပ်သိန်း ၁ ထောင်ကျော်ရလိုမှုဖြင့် တရားစွဲဆိုထားသည့် အမှုအား ပြည်ခိုင်ဖြိုး ပါတီမှ ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှ သိရသည်။

ယင်းအမှုနှင့် ပတ်သက်ပြီး ယနေ့ ဇူလိုင်လ ၃ ရက်နေ့၊ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ပါတီအတွင်းရေးမှူးဟောင်း ဦးသန့်ဇင်တို့ကို ငြင်းချက်ထုတ်ရန် ဇွန်လ ၃ဝ ရက်နေ့၊ ကြေးမုံ သတင်းစာမှ တစ်ဆင့် ဆင့်ခေါ်ထားခြင်းဖြစ်သည်။

ထိုသို့ ဆင့်ခေါ်ထားရာ နံပါတ် ၁ တရားပြိုင်ဖြစ်သည့် မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ အတွင်းရေးမှူး ဦးဝင်းမော်ဦးက ရုံးတော်သို့ လာရောက်ခဲ့ပြီး ၎င်းက မွန်ပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီကိုယ်စား အမှုအား ရင်ဆိုင်သွားမည်ဖြစ် ကြောင်းကို တရားရုံးတွင် ကိုယ်စားလှယ်လွှဲစာတင်ပြခဲ့ကြောင်း သိရသည်။

“ မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဘက်က အတွင်းရေးမှူး ဦးဝင်းမော်ဦးကနေပြီးတော့ ရုံးရှေ့ကိုလာပါတယ်။ ရုံး ရှေ့ကိုလာတဲ့အခါမှာ ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းကနေပြီးတော့ သူ့ကို အထွေထွေကိုယ်စားလှယ်လွှဲစာ လွှဲအပ်ထားတယ်ဆိုတဲ့ ကိုယ်စားလှယ်လွှဲစာကိုတင်ပြပြီးတဲ့အခါမှာ ဒီအမှုနဲ့ ပတ်သက်ပြီးတော့ မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရဲ့ကိုယ်စား သူကနေပြီးတော့ ရင်ဆိုင်သွားမှာဖြစ်တဲ့အကြောင်း ကိုယ်စားလှယ်လွှဲစာကို တင်ပြပါတယ်”ဟု ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှ သတင်းနှင့် ပြန်ကြားရေးအရာရှိ ဦးဌေးအောင်က ပြော သည်။

နံပါတ် ၂ တရားပြိုင်ဖြစ်သည့် မွန်ပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပါတီအတွင်းရေးမှူး ဟောင်း ဦးသန့်ဇင်က ယနေ့ ရုံးချိန်းသို့ လာရောက်ခဲ့ခြင်းမရှိဘဲ ထိုသို့ မလာရောက်ခဲ့သည့်အတွက် တရားလို ဘက်မှ အကျိုးဆောင်က ဆက်လက်ဆောင်ရွက်မည့်အပိုင်းများကို နောက်ရုံးချိန်းတွင် တင်ပြသွားမည်ဖြစ် ကြောင်း သိရသည်။ တရားစွဲဆိုခံထားရသည့် ပါတီအတွင်းရေးမှူးဟောင်း ဦးသန့်ဇင်မှာ ၂ဝ၁၅ ခုနှစ်တွင် Mytel Group ဖုန်းကုမ္ပဏီ မှ ဖုန်းများကို ရောင်းချသည့် လုပ်ငန်းလုပ်ကိုင်ခဲ့ပြီး ထိုသို့ လုပ်ကိုင်ခဲ့သည်မှာ ၎င်း၏ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းသာဖြစ်ကြောင်း၊ ပါတီနှင့် သက်ဆိုင်ခြင်းမရှိကြောင်း သိရသည်။

ဦးသန့်ဇင်မှာ ၂ဝ၁၆ ခုနှစ်၊ မွန်ပြည်နယ်ပါတီရုံးတွင် ပါတီတာဝန်ခံအသစ်ရွေးချယ်ရာ၌ ရွေးချယ်ခံခဲ့ရခြင်း မရှိသဖြင့် ထိုအချိန်ကစပြီး ပါတီမှ နုတ်ထွက်ထားသူဖြစ်ကြောင်း မွန်ပြည်နယ် USDP ပါတီမှ သိရသည်။ Mytel Group ကုမ္ပဏီမှ တာဝန်ပေးအပ်ခြင်းခံထားရသော တရားလို ဒေါ်နီလာချိုက ဟန်းဆက်ဖိုးငွေကျပ် ၁၁၁,၇၃၃,ဝဝဝ တိတိ ရလိုမှုဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ပါတီအတွင်းရေးမှူးဟောင်း ဦးသန့်ဇင် တို့ကို ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ၊ ၂၈ ရက်နေ့မှ စတင်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

“ နံပါတ် ၁ တရားပြိုင်ဖြစ်တဲ့ မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဘက်က အတွင်းရေးမှူး ဦးဝင်းမော်ဦးကတော့ နောက်ရုံးချိန်းမှာ သူက ရှေ့နေငှားရမ်းပြီးတော့ အမှုနဲ့ ပတ်သက်ပြီး ဆက်ပြီးတင်ပြဖို့ ရုံးချိန်းတောင်း သွား ပါတယ်”ဟု ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှ သတင်းနှင့် ပြန်ကြားရေးအရာရှိ ဦးဌေးအောင်က ပြောသည်။ ယင်းအမှုနှင့် ပတ်သက်ပြီး ဆက်လက်စစ်ဆေးရန်အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှ လာမည့် ဇူလိုင်လ ၁၈၊ နံနက် ၁ဝ နာရီအား ပြန်လည်ချိန်းဆိုလိုက်သည်။

ဟန်းဆက်ဖိုး ငွေကျပ် သိန်း ၁ ထောင်ကျော်ရလိုမှုဖြင့် တရားစွဲဆိုသည့် Mytel Group ကုမ္ပဏီမှာ လက်ရှိ မြန်မာနိုင်ငံအတွင်း  ၄ ခုမြောက် ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် Mytel နှင့် သက်ဆိုင်ခြင်းမရှိဘဲ နာမည်တူနေခြင်းဖြစ်ပြီး တရားစွဲဆိုထားသည့် Mytel Group ကုမ္ပဏီမှာ ဖုန်းကုမ္ပဏီ တစ်ခုသာ ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly