သမိုင်းဝင်နိုင်ပွဲတစ်ပွဲ ဖန်တီးနိုင်ခဲ့တဲ့ ဘယ်လ်ဂျီယံ

သမိုင်းဝင်နိုင်ပွဲတစ်ပွဲ ဖန်တီးနိုင်ခဲ့တဲ့ ဘယ်လ်ဂျီယံ

ဇူလိုင် ၃၊ ရော့စ်တော့ဗ်။         ။ ကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက်အဆင့်မှာ ဂျပန်အသင်းကို သုံးဂိုး၊ နှစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဘယ်လ်ဂျီယံအသင်းဟာ သမိုင်းဝင်နိုင်ပွဲ တစ်ပွဲကို ဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။

ရော့စ်တော့ဗ်မှာ ကစားခဲ့တဲ့ အဲဒီပွဲစဉ်မှာ ဂျပန်အသင်းက ဟာရာဂူချီ၊ အီနူအီတို့ရဲ့ ဂိုးတွေနဲ့ နှစ်ဂိုး၊ ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ ပါတယ်။

အဲဒီနောက် ဘယ်လ်ဂျီယံအသင်းက ဗာတွန်ဂမ်နဲ့ ဖယ်လိုင်နီတို့က ခေါင်းတိုက်ဂိုးတွေနဲ့ ပြန်လည်ချေပခဲ့ပြီး ပွဲပြီးခါနီး နောက်ဆုံး မိနစ်မှာ ချက်ဒ်လီက အနိုင်ဂိုးသွင်းနိုင်ခဲ့တာပါ။

ဘယ်လ်ဂျီယံအနေနဲ့ ကွာတားအဆင့်ကိုတက်ရောက်နိုင်ခဲ့ရုံသာမက ရာစုနှစ်ဝက်အတွင်း ကမ္ဘာ့ဖလားရှုံးထွက်အဆင့်မှာ နှစ်ဂိုး ရှုံးနေရာကနေ အကောင်းဆုံးပြန်လည်အနိုင်ယူမှုအဖြစ် မှတ်တမ်းဝင်ခဲ့သွားခဲ့ပါတယ်။

ဒီလို နှစ်ဂိုးရှုံးနေရာကနေ ပွဲအချိန်မိနစ် ၉၀ အတွင်းမှာ ပြန်လည်အနိုင်ရခဲ့တဲ့အသင်းဆိုလို့ ၁၉၆၆ ခုနှစ်က ပေါ်တူဂီတစ်သင်းသာ ရှိခဲ့ပြီး မြောက်ကိုရီးယားအသင်းကို ငါးဂိုး၊ သုံးဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

နိုင်နေပြီးမှ ပြန်ရှုံးသွားတဲ့အသင်းတွေက အာရှအသင်းတွေဖြစ်ပြီး ပွဲအပြီးမှာအနိုင်ရသွားတဲ့အသင်းတွေက ဥရောပအသင်းတွေ ဖြစ်နေတာကလည်း ထူးထူးခြားခြားတိုက်ဆိုင်မှုလို့ ဆိုရမှာပါ။

တနင်္လာနေ့က ကစားခဲ့တဲ့ကမ္ဘာ့ဖလားရှုံးထွက်ပွဲတွေမှာ ဘရာဇီးအသင်းက မက္ကဆီကိုအသင်းကို နှစ်ဂိုး၊ ဂိုးမရှိနဲ့အနိုင်ရခဲ့ပြီး ဘယ်လ်ဂျီယံအသင်းက ဂျပန်ကို သုံးဂိုး၊ နှစ်ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ကွာတားအဆင့်မှာ ဘရာဇီးနဲ့ ဘယ်လ်ဂျီယံတို့တွေ့ဆုံနေပြီး ဇူလိုင် ရ ရက်မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags