တစ်နေ့တာမှာ ရှောင်လွှဲမရတဲ့ ပြဿနာကို ဒီလိုရင်ဆိုင်ပါ

တစ်နေ့တာမှာ ရှောင်လွှဲမရတဲ့ ပြဿနာကို ဒီလိုရင်ဆိုင်ပါ

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို လုပ်ကိိုင်ရင်းတွေ့ရတဲ့ ပြဿနာတွေကတော့ အများကြီးပါ။ ဒီပြဿနာတွေထဲမှာမှ လူတိုင်း ရှောင်လွှဲလို့မရဘဲ မဖြစ်မနေကြံုတွေ့ရနိုင်တာက စိတ်ဖိစီးမှုပေါ့။ စိတ်ဖိစီးမှုက လူ့ဘဝရဲ့ ဖယ်ချန်ထားလို့မရတဲ့ အစိတ်အပိုင်းတစ်ခုပါ။ဒီလိုမျိုး ရှောင်လွှဲလို့မရဘဲ နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ နေရာယူထားတဲ့ Stress(စိတ်ဖိစီးမှု) ကို ပြံုးပြံုးလေးနဲ့ အန်တုနိုင်ဖို့ ဒီနည်းလေးတွေ လုပ်ကြည့်နော်။

ရှောင်လွှဲမရတဲ့ စိတ်ဖိစီးမှု (Stress)

လူတိုင်းစိတ်ဖိစီးမှုကို ခံစားဖူးမှာပါ။ အရွယ်တိုင်းလိိုလို စိတ်ဖိစီးမှုကိုခံစားရနိုင်ပါတယ်။ ကလေးမှာလည်း သူ့အတိုင်းအတာနဲ့သူစိတ်ဖိစီးမှုရှိပါတယ်။ ကျောင်းနေအရွယ်၊ တက္ကသိုလ်တက်တဲ့အချိန်၊ အလုပ်ခွင်ဝင်တဲ့အချိန်တွေမှာလည်း စိတ်ဖိစီးမှုက ကိုယ်တွေနဲ့အမြဲတစ်တွဲတွဲပဲနော်။ စိတ်ဖိစီးတာက စိတ်ပိုင်းဆိုင်ရာအရ ပူပန်၊ စိတ်ညစ်ရတဲ့ ခံစားမှုတစ်ခုပေါ့။ စိတ်ဖိစီးမှု (Stress) က အဆိုးတွေချည်းပဲဖြစ်စေတာတော့ မဟုတ်ပါဘူး။ အသေးအဖွဲ စိတ်ဖိစီးမှုလေးတွေက တစ်ခါတစ်လေမှာ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်မှုကိုလုပ်ပေးနိုင်စွမ်းရှိပါတယ်။ စိတ်ဖိစီးမှုက တာရှည်ဖြစ်လာမယ်၊ အလွန်အကျွံဖြစ်လာမယ်ဆိုရင်တော့ နေ့စဉ်ဘဝမှာ ထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ်။ နောက်တစ်ခုက ကျန်းမာရေးထိခိုက်လာနိုင်တာပါ။ စိတ်ဖိစီးမှု အရမး်များလာတဲ့အခါ ခေါင်းကိုက်တာ၊ သွေးတိုးတာ၊ နှလုံးထိခိုက်တာ၊ လေဖြတ်တာနဲ့ အခြားသော ကျန်းမာရေးပြဿနာတွေကို ရင်ဆိုင်ရနိုင်ပါတယ်။
ဒါတွေက စိတ်ဖိစီးမှုကို ဖြစ်စေနိုင်ပါတယ်

နေ့စဉ်လှုပ်ရှားလုပ်ကိုင်နေသူအဖို့ စိတ်ဖိစီးမှုရရှိနိုင်တဲ့ အခြေအနေတွေက အများကြီးပါ။ အမြဲလိုလိုစိတ်ဖိစီးမှုဖြစ်ရတာကတော့ ဒီအကြောင်းတွေကြောင့်ပါ။

  •     အလုပ်ခွင်ဖိအားတွေ
  •     မိသားစုတွင်းပြဿနာတွေ
  •     မိတ်ဆွေအပေါင်းအသင်းတွေနဲ့ဆက်ဆံရေး မပြေလည်တာ
  •     ချစ်သူ၊ အိမ်ထောင်ဖက်နဲ့ဆက်ဆံရေး ကတောက်ကဆဖြစ်တာ
  •     ငွေရေးကြေးရေးမဆင်မပြေတာတွေကြောင့် စိတ်ဖိစီးမှုဝင်နိုင်ပါတယ်။

ဒီစိတ်ဖိစီးမှုတွေကို အပြံုးမပျက်တု့ံပြန်နိုင်မယ့် နည်းလမ်းလေးတွေက

စိတ်ဖိစီးမှုဝင်လာတဲ့အခါ ကျန်းမာရေးကို ထိခိုက်မှုမရှိခင်မှာ အမြန်ဆုံး တုံ့ပြန်ဖြေရှင်းတာ အကောင်းဆုံးဖြစ်မှာပါ။ ဒီတော့ ဘယ်လိုဖြေရှင်းမလဲ ဆက်ကြည့်ရအောင်နော်။

 လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်တာကို စိတ်ဖိစီးမှုကို တုံ့ပြန်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းပါ။ နေ့တိုင်းလေ့ကျင့်ခန်းလုပ်ပေးပါ။ နေ့စဉ်မှန်မှန် လေ့ကျင့်ခန်းလုပ်သူတွေက စိတ်ဖိစီးမှုကို ကောင်းကောင်းတု့ံပြန်နိုင်ပါတယ်တဲ့။ ကဲလေ့ကျင့်ခန်းလုပ်မယ်မှတ်လား ……..

ပီကေဝါးပါ

ဒါကတော့ အလုပ်ခွင်ထဲမှာပါ လွယ်လွယ်ကူကူ လုပ်လို့ရတဲ့နည်းလမ်းတစ်ခုပါ။ စိတ်ဖိစီးမှုတွေဖြစ်လာပြီ။ စိတ်ပူပန်စရာအခြေအနေတွေကြံုရပြီဆိုရင် ပီကေတစ်ခုလောက် ကောက်ဝါးထားလိုက်နော်။ ပီကေဝါးတာက စိတ်တည်ငြိမ်မှုရရှိစေပြီး စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်ပါတယ်။ ဦးနှောက်ထဲကို သွေးစီးဆင်းမှုကောင်းအောင်လည်း အထောက်အပံ့ပေးပါသေးတယ်။ အိတ်ထဲမှာ ပီကေဆောင်ထားပြီး စိတ်ဖိစီးမှုကို တာတာ့ ပြလိုက်နော်….

ရယ်မောလိုက်ပါ

စိတ်ဖိစီးနေပါတယ်ဆိုမှ ရယ်နိုင်ပါ့မလားလို့တွေးနေလား။ ဘယ်ရယ်နိုင်မလဲ ခက်ခဲတာသိတာပေါ့။ ဒါပေမယ့် စိတ်ဖိစီးမှုကို အနိုင်မပေး ချင်ဘူးဆိုရင်တော့ အားခဲပြီး ရယ်လိုက်နော်။ ရယ်မောတာက ခန္ဓာကိုယ်ရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင် ပိုမိုရောက်ရှိစေနိုင်သလို စိတ်ဖိစီးနေတဲ့ စိတ်ကိုလည်း သက်သာရာရစေပါတယ်။ စိတ်ဖိစီးမှုကြောင့် ကြွက်သားတွေမှာ ဖြစ်ပေါ်နေတဲ့ တင်းအားတွေကိုလည်း သက်သာစေနိုင်ပါသေးတယ်။ နေ့စဉ်ရယ်မောနိုင်ဖို့ ကြိုးစားပါ ကိုယ်ခံအားကိုရော စိတ်ခံစားမှုကို ပါကောင်းစေနိုင်ပါတယ်။

စိတ်အရမ်းဖိစီးနေလို့ မရယ်နိုင်ဘူးဆိုရင် ရယ်စရာရုပ်ရှင်ကြည့်တာဖြစ်ဖြစ်၊ ကိုယ့်ကိုရယ်မောစေနိုင်မယ့် သူငယ်ချင်းနဲ့တွေ့တာဖြစ်ဖြစ်၊ ရယ်စရာကောင်းတဲ့ အကြောင်းအရာတွေကို ဖတ်တာဖြစ်ဖြစ်လုပ်ပါ။ နောက်ဆုံးဘာမှမလုပ်ချင်ရင်တောင် ကြံုခဲ့ရတဲ့ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ အခြေအနေထဲက ရယ်စရာကောင်းလောက်တဲ့ အခြေအနေကို ပြန်တွေးကြည့်လိုက်နော်။ အဆိုးတွေထဲမှာ အကောင်းလေးတွေရှိနေတတ်စမြဲပါ။

အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ အချိန်ဖြုန်းပါ

အိမ်မွေးတိရစ္ဆာန်လေးတွေက စိတ်ဖိစီးမှုကို ပြေလျော့စေပြီး စိတ်ခံစားမှုကိုတိုးတက်ကောင်းမွန်စေတဲ့ အိန်ဂျယ်လ်လေးတွေပါ။ တစ်နေ့တာလုံး စိတ်ဘယ်လောက် ညစ်ညစ် အိမ်ရောက်လို့ သူတို့လေးတွေ လာကြိုရင်ကို စိတ်ညစ်စရာတွေက ပျောက်သွားရော။ တစ်နေ့တာလု့း ကိုယ့်ကိုလွမ်းနေတဲ့ သူတို့လေးတွေရဲ့ ချွဲနွဲ့မှုတွေက စိတ်ညစ်စရာတွေကို ပြေပျောက်သွားစေတာတော့ အမှန်ပါ။ အိမ်မွေးတိရစ္တာန်လေူတွေရှိတဲ့သူတွေက မရှိတဲ့သူတွေနဲ့စာရင် စိတ်ဖိစီးမှုကို ခံစားရနိုင်ခြေနည်းတယ်ဆိုတဲ့ သုတေသန ရလဒ်တွေတောင်ရှိတယ်နော်။

သီချင်းနားထောင်ပါ

စိတ်အရမ်းညစ်လာပြီဆိုရင် လုပ်နေသမျှတွေကို ခဏချပြီး သီချင်း အေးအေးငြိမ့်ငြိမ့်လေးတွေ နားထောင်လိုက်ပါ။ သီချင်းနားထောင်တာက ဦးနှောက်အတွက်ရော ခန္ဓာကိုယ် အတွက်ပါ အကျိုးရှိစေနိုင်ပါတယ်။ သီချင်းနားထောင်တာက သွေးပေါင်ချိန်ကို ကျဆင်းစေနိုင်သလို စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်းတစ်မျိုးဖြစ်တဲ့ cortisol ပမာဏကိုလျော့ကျစေနိုင်ပါတယ်။ ဖုန်းထဲမှာ သီးချင်းအေးအေးလေးတွေ ထည့်ထားပြီး စိတ်ညစ်တဲ့အခါ နားထောင်ပေးပါ။

အသက်ဝဝရှုလိုက်ပါ

စိတ်ဖိစီးလွန်းလို့ လုပ်နေသမျှကို ဘာမှမလုပ်ချင်တော့ဘူးဆိုရင် ငြိမ်ငြိမ်လေးထိုင်ပြီး အသက်ကို ခပ်ပြင်းပြင်းလေးရှုလိုက်နော်။ ဒီလိုလုပ်ပေးတာက စိတ်ဖိစီးမှုကြောင့် ဖြစ်လာတဲ့ နှလုံးခုန်မြန်တာ၊ အသက်ရှုမြန်တာ၊ သွေးကြောတွေ ကျံု့တာကို သက်သာစေနိုင်ပါတယ်။ စိတ်အရမ်းညစ်တဲ့အခါ ဝင်သက်ထွက်သက်မှတ်ပေးပါ။

ယောဂလေ့ကျင့်ခန်းလုပ်ပေးပါ

ယောဂလေ့ကျင့်ခန်းလုပ်တာက စိတ်ဖိစီးမှုကို သက်သာစေနိုင်တဲ့ နည်းလမ်းတစ်ခုအနေနဲ့ လူတွေကြားမှာ ရေပန်းစားလာနေပါတယ်။ ယောဂလေ့ကျင့်ခန်းလုပ်ဆောင်ရတဲ့ လေ့ကျင့်မှုပုံစံ တစ်ခုနဲ့တစ်ခုမတူပေမယ့် အားလုံးရဲ့ ရည်ရွယ်ချက်ကတော့ ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာကို အကောင်းဆုံး ချိတ်ဆက်နိုင်ဖို့ပါ။ ယောဂ ကစားတာက စိတ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းအောင် အများကြီးအထောက်အပံံ ပေးနိုင်ပါတယ်။ ယောဂလေ့ကျင့်ပေးမှုကြောင့်စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်းတစ်မျိုးဖြစ်တဲ့ cortisolပမာဏကျဆင်းစေသလို ခန္ဓာကိုယ်မှာ သွေးတိုးတာမျိုးမဖြစ်အောင်လည်း လုပ်ဆောင်ပေးနိုင်ပါတယ်။

အခုပြောခဲ့တဲ့နည်းလေးတွေအတိုင်း လုပ်ဆောင်ကြည့်ပြီး နေ့စဉ် ရှောင်လွှဲရခက်လောက်အောင် ကြံုတွေ့နေရတဲ့ စိတ်ဖိစီးမှု (Stress) တွေကို အကောင်းဆုံးကျော်လွှားကြရအောင်နော်။   အောင်မြင်ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်ကြပါစေကြောင်း……

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly