မြစ်ရေတိုက်စားမှုကြောင့် လူနေအိမ်အချို့ ဖြိုဖျက်

မြစ်ရေတိုက်စားမှုကြောင့် လူနေအိမ်အချို့ ဖြိုဖျက်
လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါး နံရံများ ပြိုကျလာနေသည်ကို ဇူလိုင်လ ပထမသီတင်းပတ်တွင် မြင်တွေ့ရစဉ် [ဓာတ်ပုံ - မင်းပြားမြို့မစာကြည့်တိုက်]

 

မင်းပြား၊ ဇူလိုင်လ ၂ ရက်။           ။ ရခိုင်ပြည်နယ် မင်းပြားမြို့တွင် လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးများ ပြိုကျခဲ့ပြီး လူနေအိမ်အချို့ကို ဖြိုဖျက်လိုက်ရသည်။

ကမ်းပါးပြိုကျမှုကြောင့် ဖြိုဖျက်လိုက်ရသည့် လူနေအိမ်များမှာ ဦးစောတင့်ရပ်ကွက်နှင့် ပြည်တော်လှ ရပ်ကွက်တို့ရှိ မြစ်ကမ်းဘေးမှနေအိမ် (၅) လုံး ဖြစ်ပြီး မြေပြိုကျမှုမှာ ရ ပေနှင့် ၈ ပေခန့်ထိ အကွက်လိုက် ပြိုကျလာနေခြင်းလည်း ဖြစ်သည်။

“ ဦးတို့အိမ်အပါဝင် အိမ်သုံးဆောင်ကို မနေ့က အနောက်တစ်ခြမ်း ဖြိုချလိုက်ရတယ်။ တစ်ခြားအိမ်တွေကလည်း ကမ်းနဲ့ ကပ်နေကြပြီ။” ဟု ပြည်တော်လှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက ပြောသည်။

မိုးသည်းထန်စွာ ရွာသွန်းပြီး လေးမြို့မြစ် ရေစီးရေလာ ပြင်းထန်လာပါက ကမ်းပါးပြိုကျမှုများ ဆက်လက် ဖြစ်ပေါ်လာနိုင်ပြီး ပြည်တော်လှရပ်ကွက် မြစ်ကမ်းဘေးရှိ နောက်ထပ် နေအိမ် ၂၀ နီးပါးမှာလည်း ကမ်းပါးပြိုကျမှုတွင် ပါဝင်နိုင်သည့် အခြေနေရှိ၍ ဒေသခံများက စိုးရိမ်နေကြသည်။

နေအိမ်ကို ဖြိုဖျက်လိုက်ရသည့် မိသားစုများအနေဖြင့် နေအိမ် ဆုံးရှုံးနစ်နာမှုများနှင့် နေထိုင်စားသောက်ရေးအတွက် လက်ရှိတွင် ၎င်းတို့၏ မိသားစု ဆွေမျိုးများအိမ်၌ ယာယီ တည်းခိုနေထိုင်လျှက် ရှိကြသည်။

“သူတို့မှာက အိမ်တစ်ခြမ်းကို ဖြိုချလိုက်ရတာဆိုတော့ နောက်တစ်ခြမ်းမှာ နေကြတယ်။ လောလောဆယ်တော့ ရွွှေ့ပြောင်းနေထိုင်ကြတာ မရှိသေးဘူး။ ကမ်းပါး အခြေနေကို ကြည့်နေကြတယ်ပေါ့။ အိမ်တစ်ဆောင်လုံး ဖြိုလိုက်ရမယ် ဆိုတော့ သူတို့က လက်လုပ်လက်စားတွေဆိုတော့ အခက်ခဲရှိတာပေါ့။” ဟု ပြည်တော်လှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက ဆက်ပြောသည်။

ဦးစောတင့် ရပ်ကွက်တွင်ကမ်းပါးပြိုကျမှုကြောင့် အိမ်တစ်ခြမ်း ဖြိုဖျက်လိုက်ရသည့် မိသားစုကို ငွေငါးသောင်းကျပ်နှင့် နေအိမ် တစ်ဆောင်လုံး ဖြိုဖျက်လိုက်ရသည့် မိသားစုတစ်စုကို ငွေတစ်သိန်းကျပ်နှုန်းဖြင့် မင်းပြားမြို့နယ် အုပ်ချုပ်ရေး ဦးစီးဌာနမှ လာရောက် ထောက်ပံ့ခဲ့သည် ဟု ဦးစောတင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

“ ဦးစောတင့် ရပ်ကွက်မှာ နောက်ထပ် စိုးရိမ်ရတဲ့ အိမ်တွေလဲ ခြောက်ဆောင်လောက် ရှိပါသေးတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ အထက်ကို တင်ပြထားပါတယ်။” ဦးစောတင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသာစိန်ထွန်းက ဆိုသည်။

လက်ရှိမှာလည်း မင်းပြားမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းလျှက် ရှိနေသည်။

မင်းပြားမြို့နယ်တွင် မိုးရာသီ ရောက်တိုင်း လေးမြို့မြစ်ရေ တိုက်စားမှုနှင့် မြစ်ကမ်းပါး နံရံများ ပြိုကျမှုဒဏ်ကို ဒေသခံများက နှစ်စဉ်နှစ်တိုင်း ကြံုတွေ့နေကြရခြင်းဖြစ်ပြီး အစိုးရ တာဝန်ရှိသူများက ယင်းနေရာများတွင် ကမ်းထိန်းနံရံများ ပြုလုပ် ပေးစေလိုကြောင်းလည်း ဒေသခံများက ဆိုသည်။

ဒေသခံများ၏ စိုးရိမ်နေမှုနှင့် ပတ်သက်ပြီး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးအစီစဉ် လုပ်ငန်းများကို သိရှိနိုင်ရန် မင်းပြားမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးကျော်သိန်းထွန်းထံ ဆက်သွယ်ခဲ့သော်လည်း ၎င်း၏ ဖုန်းမှာ စက်ပိတ်ထားသည်။

ရခိုင်ပြည်နယ်တွင် ယခုနှစ် မိုးဦးရာသီ စတင်ချိန်၌ ရက်သတ္တပတ်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်းရှိ နေရာ တချို့တွင် မြေပြိုမှုများရှိခဲ့ကာ (၈) ဦးထက်မနည်း လူသေဆုံးမှုများလည်းရှိခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly