ခန္တီးမြို့၌ အများပြည်သူသွားလာရာနေရာများတွင် မူးယစ်ဆေးဝါး ပေါ်ပေါ်ထင်ထင် သုံးစွဲမှုများရှိလာ

ခန္တီးမြို့၌ အများပြည်သူသွားလာရာနေရာများတွင် မူးယစ်ဆေးဝါး ပေါ်ပေါ်ထင်ထင် သုံးစွဲမှုများရှိလာ
မူးယစ်ဆေးသုံးရာတွင် အသုံးပြုထားသော ဆေးထိုးအပ်များ လွှင့်ပစ်ထားသည်ကို တွေ့ရစဉ်။

ဇွန် ၂၄၊ ခန္တီး ။                    ။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ်က မူးယစ်ဆေးဝါးအများဆုံး ဖမ်းစီးရမိခဲ့သည့် အထက်ချင်းတွင်းဒေသ ခန္တီးမြို့၌ အများပြည်သူသွားလာရာ နေရာများ၊ လမ်းများတွင် မူးယစ်သုံးစွဲသူများသည် ပေါ်ပေါ်ထင်ထင် သုံးစွဲမှု များပြားလာကြကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါ ပြသနာအပေါ် ဖြေရှင်းရေး ဒေသခံပြည်သူများ ၀ိုင်းဝန်းပါ၀င်ရန် ခန္တီးမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။

" ဒီပြသနာကို ဖြေရှင်းဖို့ ဌာနဆိုင်ရာ၊ ရဲတပ်ဖွဲ့နဲ့ ပြည်သူအားလုံး ပူးပေါင်းပါဝင်မှ ဖြေရှင်းနိုင်မှာပါ ။ ဥပမာ ကိုယ့်အိမ်ဘေးမှာ ဆေးရောင်းတဲ့သူရှိရင် တာဝန်သိပြည်သူတစ်ယောက်အနေနဲ့ သက်ဆိုင်ရာကို သတင်းပေးရမယ် ။ ဒါမှလည်း ဒီပြသနာတွေက အမြန်ဆုံး ဖြေရှင်းနိုင်မှာပါ။ ခန္တီးမှာ စေတနာဝန်ထမ်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ဆိုတာရှိတယ် ။ ဟိုတလောက မူးယစ်ဆေးရောင်းတဲ့သူကို မိတော့ အဲ့အဖွဲ့ထဲက ဖြစ်နေတယ် ။ ဒါကြောင့် ဒီအဖွဲ့ကိုလည်း ပြန်လည်ဖွဲ့စည်းဖို့လိုအပ်တဲ့အတွက် သူတို့အဖွဲ့နဲ့ လည်း ကျွန်တော်တိုင်ပင်ပါဦးမယ်" ဟု ခန္တီးမြို့နယ် ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်းက ပြောသည်။

ရတနာနယ်မြေဖြစ်သည့်အတွက် မှော်များရှိသောကြောင့် မူးယစ်ဆေးဝါးပေါများပြီး စျေးနှုန်းချိုသာ၍ လွယ်ကူစွာ ဝယ်ယူနိုင်ခြင်း၊ ဖမ်းစီးမှုများရှိသော်လည်း ထိရောက်နိုင်နင်းစွာ မဖမ်းဆီးနိုင်ခြင်း၊ သုံးစွဲသူများကိုသာ ဖမ်းစီးနိုင်ခြင်း၊ ပြည်သူနှင့် ဌာနဆိုင်ရာ ပူးပေါင်းမှု အားနည်းခြင်းကြောင့် ခန္တီးမြို့တွင် ယခုကဲ့သို့ မူးယစ်ဆေးဝါး ပြဿနာ ပိုဆိုးလာခြင်းဖြစ်သည်ဟု ဒေသခံများ ဝေဖန်ပြောဆိုသည်။

"ခန္တီးမှာ မူးယစ်ဆေးဝါး ပြသနာက ပိုဆိုးလာတယ် ။ အခုနောက်ပိုင်း ရ နှစ်တန်း ၈တန်းကအစ သုံးလာကြတယ် ။ ဟိုတစ်နေ့ကဆို နေ့ခင်းကြောင်တောင်ကြီး ရွေမုဌောဘုရားထဲမှာ နံပတ်ဖိုးလာထိုးနေလို့ ရဲခေါ်ပြီးတော့ နှစ်ခါကို ရှင်းလိုက်ရတာ ။ အဲ့လောက်ထိကို ဆိုးလာတယ်။ ရဲတွေကလည်း ဖမ်းဆီးတာတွေ ရှိပေမဲ့ နိုင်နိုင်နင်းနင်း မဖမ်းနိုင်ဘူး။ သုံးတဲ့သူတွေပဲ ဖမ်းမိတယ် ။ သုံးတဲ့သူတွေထဲမှာလည်း လက်ကြီးသမားနဲ့ လက်သေးသမားရှိတယ်။ ၅၀၀ ဖိုး ၁၀၀၀ ဖိုးကအစ ဝယ်လို့ရနေတယ်။ အကြွေးရောင်းတာကအစ ရှိတယ်။ ဒီပြဿနာကိုဖြေရှင်းနိုင်ဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တစ်ခုထဲလုပ်လိုမရဘူး။  ပြည်သူရော ပူးပေါင်းပြီးမှ လုပ်မှရမယ်" ဟု ခန္တီးဒေသခံကိုအောင်ဆန်းမြင့်က ပြောသည်။

ယခုနှစ် ဖေဖော်ဝါလ ၁၄ ရက် အသစ်ပြဋ္ဌာန်းခဲ့သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပေါင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ပုဒ်မ (၉)ပုဒ်မခွဲ (ဂ) နောက်တွဲ ပုဒ်မ (ဃ)တွင် ရဲတပ်ဖွဲ့ဝင်သည် ဆေးဝါးသုံးစွဲကြောင်း သံသယရှိသူအား ပဏာမဆေးစစ်ချက် ခံယူရန်နှင့် ဆေးဝါးသုံစွဲကြောင်း စစ်ဆေး တွေ့ရှိပါက ဆေးကုသမှု ခံယူနိင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသည့်ဌာန၊ ဂေဟာ သို့မဟုတ် ဤကိစ္စအလို့ငှာ အစိုးရအသိအမှတ်ပြုထားသည့် အနီးဆုံး ဆေးကုသဌာန၊ ဂေဟာသို့ ဆောလျင်စွာ ပို့အပ်ရမည် ဟု ပြဌာန်းထားသည်။

ထို့ကြောင့် အသစ် ပြဋ္ဌာန်းလိုက်သည့် မူးယစ်ဥပဒေကြောင့် မူးယစ်ဆေးသုံးစွဲသူများသည် နားလည်မှုလွဲကာ ယခုကဲ့ ပြောင်ပြောင်တင်းတင်း အသုံးပြုလာတာ ဖြစ်နိုင်ကြောင်း ခန္တီးမြို့မှ ဒေသခံ ဦးအုန်းလွင်က သုံးသပ်ပြောဆိုသည်။

" သူတို့မူးယစ်ဆေးဝါး ပုဒ်မကလည်း ပြစ်ဒဏ်လျော့ပေါ့ပေးထားတာရှိတယ် ။ ပြီးရင် မက်သဒုန်း တိုက်တာမျိုး တို့ပေါ့ ။ NGO အဖွဲ့အစည်းတစ်ခုက မူးယစ်ဆေး အသိပညာပေးတဲ့အခါ HIV/AIDS ရောဂါပိုးဖြစ်မှာစိုးတဲ့ အတွက် အပ်တွေအခမဲ့ ဝေပေးတာမျိုးတွေကြောင့် မူးယစ်ဆေးဝါး သုံးစွဲသူတွေရဲ့ စိတ်ထဲမှာ ငါတို့က လွတ်လွတ်လပ်လပ် သုံးလို့ရတယ်လို့ ထင်သွားပုံရတယ်။ ရည်ရွယ်ချက်ကတော့ ကောင်းပါတယ်။ ဒါပေမယ့် သူတို့စိတ်ထဲမှာတော့ တစ်မျိုးထင်သွားတာပေါ့။ ဥပဒေကတော့ ကောင်းပါတယ်။ လက်ပူးလက်ကြပ်မိပေမဲ့ လည်း ဖမ်းစီးလို့ မရတဲ့အခါကြတော့ ဥပဒေအရ အရေးယူတဲ့အခါ စားသုံးသူအပေါ်မှာတော့ အရေးယူမှု အားနည်းတာပေါ့" ဟု ဒေသခံ ဦးအုန်းလွင်က ပြောသည်။

ဤကဲ့သို့ အများပြည်သွားလာရာနေရာများတွင် မူးယစ်ဆေးဝါး ပေါ်ပေါ်ထင်ထင် သုံးစွဲမှုများပြားလာသည့် အပေါ် ခန္တီးမြို့မရဲစခန်းမှ တာဝန်ရှိသူများထံသို့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

ပြီးခဲ့သည့် ဇွန်လ ၂၃ရက်က ခန္တီးမြို့ ခရိုင်ထွေအုပ်ခန်းမမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ပြည်သူ့စကားဝိုင်းတစ်ခု ပြုလုပ်ခဲ့သေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly