သပြေကုန်းတွင် တည်ဆောက်မည့် ဗိုလ်ချုပ်မြင်းစီးကြေးရုပ်တုအတွက် ခွင့်ပြုမိန့်ရရှိ

သပြေကုန်းတွင် တည်ဆောက်မည့် ဗိုလ်ချုပ်မြင်းစီးကြေးရုပ်တုအတွက် ခွင့်ပြုမိန့်ရရှိ
ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထားရှိမည့် သပြေကုန်းအဝိုင်းအား ၂၀၁၇ခုနှစ်၊ နိုဝင်ဘာ ၁၇ရက်က အပေါ်စီးမှ မြင်တွေ့ရစဉ်(ဓာတ်ပုံ- အီးပီအေ)

 

နေပြည်တော်၊ ဇူလိုင်၂  ။                         ။ နေပြည်တော် ရာဇသင်္ဂဟလမ်းနှင့် ပျဉ်းမနားတောင်ညိုလမ်းဆုံရာ သပြေကုန်းအဝိုင်းတွင် တည်ဆောက်မည့် ဗိုလ်ချုပ်မြင်းစီးကြေးရုပ်တုအတွက်   နေပြည်တော်ကောင်စီထံမှ ခွင့်ပြုမိန့်ရရှိပြီး မကြာမီ စတင်ဆောက်လုပ်မည် ဖြစ်သည်ဟု ရုပ်တုဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသူက ပြောသည်။

“အခုဟာက သမ္မတဆီက သဘောမျိုးပေါ့။ အခုဟာကတော့ သမ္မတကိုယ်စား နေပြည်တော်ကောင်စီက တာဝန်ခံပြီးမှ ဒေသဆိုင်ရာ အာဏာပိုင်ကနေ ခွင့်ပြုမိန့် ၊ သူက အဆင့်ဆင့် သမ္မတခွင့်ပြုချက်သဘောမျိုးပဲပေါ့လေ။ အဲ့ဒါမျိုးယူထားတာပါ။ ယူသွားပြီးမှ ခု စတင်ဆောက်လုပ်ဖို့အတွက်ကို လုပ်ငန်းစနိုင်ပြီဆိုတဲ့ အကြောင်း တရားဝင်အကြောင်းကြားစာရရှိခဲ့ပြီ”ဟု ဦးမင်းသူက ပြောသည်။

ရုပ်တုဆောက်လုပ်ရန် ခွင့်ပြုမိန့်အကြောင်းကြားစာကို ဇွန်လဆန်းပိုင်းက ရရှိခဲ့ခြင်းဖြစ်ပြီး ပြည်သူများမှ ထည့်ဝင်ငွေများဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းမြင်းစီး ကြေးရုပ်တုသည် အမြင့်ပေ ၁၈ ပေခန့်ရှိမည်ဖြစ်ပြီး ကြေးပိသာချိန် ငါးထောင်ခန့် အသုံးပြုမည်ဖြစ်ကာ အောက်ခံ ဖောင်ဒေးရှင်းများအပါအဝင် ကုန်ကျငွေကျပ်သိန်း နှစ်ထောင်ဝန်းကျင် ကုန်ကျမည်ဖြစ်ကြောင်း၊ ရုပ်တုကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်၊ ပန်းပုပညာဌာန မှ အငြိမ်းစားပါမောက္ခ ဒေါက်တာမြင့်စံက သွန်းလုပ်မည်ဖြစ်ကြောင်း သိရသည်။

ရုပ်တုဖြစ်မြောက်ရေး ကော်မတီများနှင့်အစည်းအဝေးပြုလုပ်ပြီး ၄င်းအစည်းအဝေးမှ ဆုံးဖြတ်ချက်များနှင့်အတူ ရုပ်တုသွန်းလုပ်မည့်ပညာရှင်ထံ အပ်နှံသွားမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

လက်ရှိနေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ ၊ တပ်ကုန်းမြို့နှင့် လယ်ဝေးမြို့များတွင် ဗိုလ်ချုပ် အောင်ဆန်းရုပ်တုများရှိသော်လည်း ၀န်ကြီးဌာနများရုံးစိုက်ရာ အုပ်ချုပ်ရေးမြို့တော်နေပြည်တော်ရှိ အချက်အချာကျသော သပြေကုန်းအဝိုင်းတွင် တည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်တွင် လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ထုကို ခမ်းနားထည်ဝါစွာ တည်ထားရေး၊ လွတ်လပ်ရေး တိုက်ပွဲကာလများတွင် ဗိုလ်ချုပ်ဆောင်ရွက်ခဲ့သော လုပ်ငန်းစဉ်များကို စံပြအနေဖြင့် နောင်လာမည့်သူများ ကျေးဇူးတရား မမေ့ရန်၊ မြန်မာနိုင်ငံတော်ကို ဗိုလ်ချုပ်မျှော်မှန်းတည်ဆောက်ချင်သည့်ရည်မှန်းချက်ဖြစ်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ကို ပြည်သူများအမြဲတမ်းသတိရနေစေလိုသည့် ရည်ရွယ်ချက်များဖြင့် တည်ဆောက်ခြင်းဖြစ်ကြောင်း ယခင်နှစ် နိုဝင်ဘာလပိုင်းက ဦးမင်းသူက ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly