အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၆ )

အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၆ )

 

 အခွန်ဘဏ္ဍာဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများ

(Revenue-raising or Taxation Powers)

အခွန်ဘဏ္ဍာဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများကို အစိုးရအဖွဲ့များ၏ အရေးအကြီးဆုံးသော ဘဏ္ဍာရေးဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာအဖြစ် ရှုမြင်နိုင်သည်။ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအတွက် အသုံးစရိတ်တာဝန်များကို အကောင်းဆုံးနှင့် အထိရောက်ဆုံး ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးသည် အစိုးရ၏ ဘဏ္ဍာငွေအခြေအနေနှင့် များစွာသက်ဆိုင်ပါသည်။ အစိုးရအဖွဲ့၏ အသုံးစရိတ်တာဝန်များ များပြားနေလျှင် ထိုအသုံးစရိတ်များကို ကာမိ စေရန်လုံလောက်သော ကိုယ်ပိုင်ငွေ အရင်းအမြစ် (သို့မဟုတ်) အခွန်ကောက်ခံခွင့်အာဏာရှိရန် အရေးကြီး သည်။ ပြည်နယ်အစိုးရသည် အသုံးစရိတ်တာဝန်များကို ဆောင်ရွက်ရာတွင် ကိုယ်ပိုင်ငွေအရင်းအမြစ်(အခွန်နှင့် အခွန်မဟုတ်သောဝင်ငွေများ) အပြင် ပြည်ထောင်စု အစိုးရ၏ လွှဲပြောင်းငွေများဖြင့် ဆောင်ရွက်နိုင်သည်။ သို့ရာတွင် ပြည်ထောင်စုလွှဲပြောင်းငွေများသည် အနှောင်အဖွဲ့များ/ သတ်မှတ်ချက်များပါလာနိုင်ပြီးပြည်ထောင်စု အစိုးရ၏ လွှမ်းမိုးခြယ်လှယ်မှုကို ခံရနိုင်ဖွယ်ရှိရာ ပြည်နယ်များ၏ ဘဏ္ဍာရေးဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ထိပါးလာနိုင်သည်။ ထို့ကြောင့်အစိုးရအဖွဲ့များအကြား ခွဲဝေကျင့်သုံးသော အသုံးစရိတ်တာဝန်များနှင့် အခွန်ဆိုင် ရာ လုပ်ပိုင်ခွင့်အာဏာများသည် ဟန်ချက်ညီရန် အရေးကြီးပါသည်။

အစိုးရအဖွဲ့များအကြား အခွန်ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများ ခွဲဝေကျင့်သုံးရာတွင် စီးပွားရေးဆိုင်ရာ အခြေခံမူအချို့ကို ထည့်သွင်းစဉ်းစားလေ့ ရှိသည်။ ၎င်းတို့မှာ ပြည်တွင်းဘုံစျေးကွက်ဖြစ်ထွန်းမှု (Efficiency of the Internal Common Market)၊ တစ်မျိုးသားလုံး သာတူညီမျှမှု (national equity)၊ စီမံအုပ်ချုပ်မှုနှင့်လိုက်နာမှု ကုန်ကျစရိတ်(Administrative and compliance costs) နှင့်ဘဏ္ဍာရေးတာဝန်ခံမှု (fiscal accountability) တို့ဖြစ်သည်။ ပြည်တွင်းဘုံစျေးကွက် ဖြစ်ထွန်းမှုမူအရ အရင်းအမြစ်အားလုံး (လုပ်သား၊ အရင်းအနှီး၊ ကုန်စည် နှင့် ဝန်ဆောင်မှုများ)သည် ပြည်နယ်တစ်ခုနှင့် တစ်ခုအကြား လွတ်လပ်စွာ စီးဆင်းခွင့်ရှိလျှင် ပြည်တွင်းဘုံစျေး ကွက် ဖြစ်ထွန်းမည်ဖြစ်သည်။ ပြည်နယ်များသည် အခွန်အခြေခံဖွင့်ဆိုချက် သို့မဟုတ် အခွန်နှုန်းထားသတ်မှတ် မှု မတူညီသော အခွန်စနစ်အမျိုးမျိုးကို ကျင့်သုံးလျှင် အရင်းအမြစ်များ၏ လွတ်လပ်စွာ စီးဆင်းမှုကို အတား အဆီးဖြစ်စေနိုင်ပြီး အရင်းအမြစ်အချို့၏ စျေးကွက်ဖြစ်ထွန်းမှုကို ထိခိုက်စေနိုင်သည်။ထို့ကြောင့်ရွှေ့ပြောင်းနိုင် သော အရင်းအမြစ်များအပေါ် အခွန်စည်းကြပ်ကောက်ခံမှုကို ပြည်ထောင်စု အစိုးရအား တာဝန်ယူစေခြင်း (သို့မဟုတ်) ပြည်နယ်များ၏ အခွန်စနစ်များကိုစည်းဝါးညီစေခြင်း (ဥပမာ - အခွန်အခြေခံများကို အဓိပ္ပါယ်ဖွင့်ဆို မှု တူညီစေခြင်း) ဖြင့် ပြည်တွင်းဘုံစျေးကွက်ဖြစ်ထွန်းမှုကို ဖော်ဆောင်နိုင်သည်။

အခွန်ဆိုင်ရာလုပ်ပိုင်ခွင့်အာဏာခွဲဝေမှုအတွက် အရေးကြီးသော နောက်ထပ်အခြေခံမူမှာ တစ်မျိုးသားလုံး သာတူညီမျှရေး ဖြစ်သည်။ ဤမူအရ နိုင်ငံသားတိုင်းသည် အစိုးရ၏ “လူမှုဖူလုံရေးလုပ်ငန်းများ (social welfare functions)” ကို သာတူညီမျှ အကျိုးခံစားခွင့် ရှိသည်။ ဆိုလိုသည်မှာ တူညီသော ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို အစိုးရက ပံ့ပိုးပေးရမည်။ ထိုအတွက် အစိုးရသည် ကောက်ခံရရှိလာသော အခွန်ငွေများကို ပြန်လည် ဖြန့်ဝေပေးရမည့်တာဝန်ရှိသည်။ ပြည်နယ်များသည် ပြည်ထောင်စုထက် အခွန်အာဏာများ ပိုရှိနေ လျှင် ပြည်ထောင်စုအစိုးရသည် တစ်နိုင်ငံလုံးမျှတမှုအတွက် တာဝန်ယူရာတွင် အခက်အခဲ ရှိနို်င်သည်။ ထို့ကြောင့် ပြန်လည်ဖြန့်ဝေမှုအတွက် သင့်တော်သော အခွန်အခြေခံ (အခွန်အမျိုးအစား) များကို ပြည်ထောင်စု အစိုးရ သို့မဟုတ် ပြည်ထောင်စုနှင့်ပြည်နယ်အစိုးရနှစ်ရပ်လုံးအား စည်းကြပ်ကောက်ခံခွင့်ပေးရန် လိုပါသည်။

ထို့အပြင် အခွန်အာဏာများကို ခွဲဝေရာတွင် စီမံအုပ်ချုပ်မှုနှင့် လိုက်နာမှု ကုန်ကျစရိတ်များကိုလည်း ထည့်သွင်းစဉ်းစားရန် အရေးကြီးသည်။ အစိုးရအဖွဲ့များအကြား အခွန်အာဏာခွဲဝေကျင့် သုံးလျှင်အစိုးရအဖွဲ့တစ်ခု ထက်မ က အခွန်စည်းကြပ် ကောက်ခံကြသဖြင့် အခွန်စီမံအုပ်ချုပ်မှုနှင့် လိုက်နာမှုကုန်ကျစရိတ်များ မြင့်တက်လာနိုင် သည်။ ထို့အပြင် ပြည်နယ်များက အခွန်စနစ်အမျိုးမျိုးကျင့်သုံးနိုင်သဖြင့် အခွန်ရှောင်သည့် အလားအလာမှာ လည်း ပိုများလာနိုင်သည်။ အထူးသဖြင့် ရွှေ့ပြောင်းနိုင်သော အခွန်ခြေခံများရှိသည့် အခွန်များကို ပြည်နယ်များ က စည်းကြပ် ကောက်ခံလျှင် အခွန်ရှောင်ခြင်းအပြင် အခွန်ထပ်ခြင်းနှင့် အခွန်မကောက်မိခြင်းများ ရှိလာနိုင် သည်။ ထိုစိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် ရိုးရှင်းသော အခွန်ဖွဲ့စည်းပုံထားရှိခြင်း၊ အခွန်အခြေခံတိုးချဲ့ခြင်းနှင့် အခွန်နှုန်းထား လျှော့ချခြင်းတို့ကို ဆောင်ရွက်နိုင်သည်။

အထက်ပါအခြေခံမူများအပြင် ဘဏ္ဍာရေးတာဝန်ခံမှုသည် အစိုးရအဖွဲ့များအကြား အခွန်အာဏာခွဲဝေရန် ခိုင်မာ သော အကြောင်းရင်းတစ်ခု ဖြစ်သည်။ ပြည်နယ်များသည် ၎င်းတို့၏ အသုံးစရိတ်တာဝန်များကို ၎င်းတို့၏ ကိုယ်ပိုင်ဝင်ငွေ အရင်းအမြစ် (အခွန်ရငွေများ) ဖြင့် ဆောင်ရွက်ရန်လိုလျှင် ဘဏ္ဍာရေးတာဝန်ယူမှု ပိုရှိနိုင်သည် ဟု ရှုမြင်ကြသည်။ ပြည်နယ်များသည် ၎င်းတို့၏ အသုံးစရိတ်တာဝန်များအတွက် ပြည်ထောင်စုအစိုးရ၏ လွှဲပြောင်းငွေများကို အလွန်အကျွံ မှီခိုနေလျှင် အသုံးစရိတ်များအပေါ်တာဝန်ခံမှု အားနည်းသွားနိုင်သည်။ ထို့ကြောင့် ပြည်နယ်အစိုးရ စည်းကြပ်ကောက်ခံခွင့်ရှိသော အခွန်များသည် ဝင်ငွေအရင်းအမြစ်များသော အခွန် အမျိုးအစားများ ဖြစ်ရန် အရေးကြီးသည်။သို့မှသာ ပြည်နယ်များ၏ ဘဏ္ဍာငွေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင် မည်ဖြစ်ပြီး ပြည်နယ်များ၏ ဘဏ္ဍာရေးတာဝန်ခံမှုကို ခိုင်မာအားကောင်းစေနိုင်မည် ဖြစ်သည်။ အခွန်အာဏာ ခွဲဝေကျင့်သုံးသင့်သည့် အထက်ပါစဉ်းစားချက်များအပြင် အခွန်တစ်ခု၏ အခြေခံအခွန်ဖွဲ့စည်းပုံ(အခွန်အခြေ ခံနှင့် အခွန်နှုန်းထားများ) သဘောတရားများကို ဦးစွာ သိရှိထားရန်လိုပြီး ထို့နောက်စည်းကြပ် ကောက်ခံမည့် အခွန်များကို ခွဲဝေရာတွင် ထည့်သွင်းစဉ်းစားသင့်သော အချက်များ/အခြေခံမူများ ဖြင့် ဆုံးဖြတ်နိုင်သည်။ အခြေခံမူများကို အသုံးပြုရန် ဆီလျော်မှုသည် အခွန်အမျိုးအစားအလိုက်ကွဲပြားသွားနိုင်သည်။ ထို့အပြင် တစ်ခါ တစ်ရံတွင် နိုင်ငံတစ်ခု၏ ဖွဲ့စည်းပုံအရ အစိုးရအဖွဲ့များအား အပ်နှင်းသည့် အာဏာများအပေါ်၌လည်း မူတည် သည်။ ထိုမူများအားလုံးကို ခြံုငုံသုံးသပ်ကြည့်လျှင် စီးပွားရေး ထိရောက်မှု (efficiency)၊ တစ်နိုင်ငံလုံးမျှတမှု (equity)၊ စီမံအုပ်ချုပ်ကွပ်ကဲနိုင်မှု (administrative feasibility) နှင့် ဘဏ္ဍာရေးလိုအပ်ချက် သို့မဟုတ် ဝင်ငွေ လုံလောက်မှု (fiscal needs or revenue adequacy) စသည့် အခြေခံမူ(၄) ခုအပေါ်တွင် အခြေခံထားသည်။ တစ်ခါတစ်ရံ၌ ထိုမူများသည် တစ်ခုနှင့်တစ်ခု ပဋိပက္ခဖြစ်နိုင်သည်။ ဥပမာ- သဘာဝသယံဇာတအခွန်၏ အခွန် အခြေခံသည် ရွှေ့ပြောင်းနိုင်မှု နည်းသဖြင့် ထိရောက်မှုအားဖြင့် ပြည်နယ်များကစည်းကြပ်သင့်သည်။ ထို့အတူ သယံဇာတကဏ္ဍသည် ဝင်ငွေများစွာဆောင်ကျဉ်းပေးနိုင်သဖြင့် မျှတမှုအားဖြင့် ဘဏ္ဍာရေးမညီမျှမှုများကို လျှော့ချနိုင်ရန် ပြည်ထောင်စုအစိုးရက စည်းကြပ်သင့်သည်။ အခွန်ဆိုင်ရာ လုပ်ပိုင်ခွင့် အာဏာခွဲဝေမှုအခြေခံ သဘောတရားအရ အစိုးရအဖွဲ့များအကြား အခွန်အာဏာများခွဲဝေနိုင်ပါသည် ။

အစိုးရအဖွဲ့များ၏ (ပြည်ထောင်စုသို့မဟုတ် ပြည်နယ် သို့မဟုတ် ဒေသန္တရအစိုးရတို့၏) သီးခြားအခွန်အာဏာ (အခွန်အခြေခံ ဖွင့်ဆိုခြင်း၊ အခွန်နှုန်းထား သတ်မှတ်ခြင်းနှင့် အခွန်ကောက်ခံခြင်းနှင့် စီမံအုပ်ချုပ်ခြင်း)နှင့် ပြည်ထောင်စုနှင့် ပြည်နယ်တို့၏ ထပ်ထူပြု အခွန်အာဏာ (ပြည်ထောင်စုက အခွန်အခြေခံဖွင့်ဆိုပြီး ပြည်နယ် များက နှုန်းထားသတ်မှတ်ခြင်းနှင့် အခွန်ကောက်ခံခြင်း သို့မဟုတ် ပြည်ထောင်စုက အခွန်အခြေခံဖွင့်ဆိုပြီး ပြည်ထောင်စုနှင့် ပြည်နယ်များသည် မိမိတို့၏ နှုန်းထားများကို သတ်မှတ်ခြင်းနှင့် အခွန်ကောက်ခံခြင်း) ဟူ၍ အုပ်စုကြီး (၂) မျိုးဖြင့် ခွဲခြားသုံးသပ်နိုင်သည်။ ထိရောက်မှုနှင့်မျှတမှုဆိုင်ရာ စီးပွားရေးအခြေခံမူနှစ်ရပ်ကို အသုံး ပြုပြီး အခွန်အာဏာများကို အစိုးရအဖွဲ့များအား ခွဲဝေထားခြင်းဖြစ်သည်။ ထိုမူများသည် တစ်ခါတစ်ရံတွင် နိုင်ငံရေးအခြေခံမူအချို့ (ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်)နှင့် ပဋိပက္ခထိပ်တိုက်ဖြစ်နိုင်သည်။ အထူး သဖြင့် နိုင်ငံတစ်ခု၏ ဖွဲ့စည်းပုံအရ အခွန်အာဏာများကို ပြည်ထောင်စု သို့မဟုတ် ပြည်နယ်အစိုးရအား ပိုပေး ထားလျှင် စီးပွားရေးအခြေခံမူဖြင့် ခွဲဝေရန် ခက်ခဲသွားနိုင်သည်။ ဥပမာ - သဘာဝသယံဇာတအခွန်အားလုံးကို ပြည်နယ်များကိုသာ အပ်နှင်းထားလျှင် နိုင်ငံရေးအရ ပြည်နယ်များ၏ လုပ်ပိုင်ခွင့်သည် အလွန်မြင့်မားနိုင်သည်။ သို့ရာတွင် စီးပွားရေးအရ ပြည်နယ်များအကြား မျှတမှုရှိရေးကို ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများရှိလာနိုင်သည်။ အထူးသဖြင့် ပြည်နယ်များအကြား သယံဇာတကြွယ်ဝမှုအလွန်ခြားနားနေလျှင် အချို့သောပြည်နယ်များသည် သယံဇာတအခွန်အာဏာ ရှိသော်လည်း အခွန်ကောက်ခံနိုင်စွမ်းသည် မတူညီနိုင်ပေ။ ထို့ကြောင့် သယံဇာတ အပါအဝင် အချို့သော အခွန်များကို ပြည်ထောင်စုနှင့် ပြည်နယ်တို့၏ ထပ်တူပြုအခွန် အာဏာအဖြစ်သတ်မှတ် ကြသည်။ ထပ်တူပြုအခွန်အာဏာများနှင့် စပ်လျဉ်း၍ အခွန်ထပ်ခြင်း (အခွန်နှစ်ခါ ကောက်မိခြင်း) နှင့် အခွန် ရှောင်သည့် ပြဿနာများကြောင့် နိုင်ငံ၏ ရှားပါးအရင်းအမြစ်များ အလေအလွင့်နည်းပါးသွားရန်နှင့် ပြည်နယ် များ၏ အခွန်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုလည်း စနစ်တကျ ကျင့်သုံးသွားနိုင်ရန်အလို့ငှာ ပြည်ထောင်စုနှင့် ပြည်နယ်တို့၏ အခွန်စနစ် အမျိုးမျိုးကို စည်းဝါးညီစေခြင်း (tax harmonization) ပြုလုပ်သွားရန် အရေးကြီးပါ သည်။ အခွန်စနစ် စည်းဝါးညီအောင် ဆောင်ရွက်နိုင်သည့် နည်းလမ်းအမျိုးမျိုး ရှိသည်။ ပထမတစ်မျိုးမှာ ဝင်ငွေခွဲဝေခြင်း (revenue sharing) ဖြစ်ပြီး ပြည်နယ်များအတွက် ခွဲဝေပေးမည့် (အခွန်တစ်ခုစီ၏) အခွန်ရငွေ အချိုးအစားတစ်ခုကို ကြိုတင်သတ်မှတ်ပြီး ခွဲဝေပေးခြင်း ဖြစ်သည်။ ထိုသို့ခွဲဝေရာတွင် ဆုံးဖြတ်ရမည့်အချက် (၂) ချက်မှာ ပြည်နယ်အားလုံးအတွက် ခွဲဝေပေးမည့် အခွန်ငွေ အချိုးအစားနှင့် ထိုအချိုးအစားကို ပြည်နယ် တစ်ခုချင်းစီအတွက် ခွဲဝေမည့် အချိုးအစားတို့ဖြစ်သည်။ ဥပမာ - ဂျာမဏီ နိုင်ငံတွင် ပြည်နယ် (Landers) အားလုံးအတွက် ဝင်ငွေခွန်နှင့် ကော်ပိုရေးရှင်းအခွန်ရငွေ၏ ၄၂.၅ ရာခိုင်နှုန်းခွဲဝေပြီး ထိုဝေစုကို ပြည်နယ်တစ်ခု ချင်းစီအလိုက် ပြန်လည်ခွဲဝေရာတွင် ပြည်နယ်အလိုက် ကောက်ခံရရှိသည့် ပမာဏအပေါ် မူတည်ပြီး ခွဲဝေသည်။ ထို့အပြင် တန်းဖိုးဖြည့်ခွန် (VAT) ရငွေ၏ ၅၅ ရာခိုင်နှုန်းကို ပြည်နယ်အားလုံးအတွက်နှင့် ထိုစုပေါင်း ရရှိသည့် အခွန်ငွေကို ပြည်နယ်တို့အား အညီအမျှ ပြန်လည်ခွဲဝေပေးသည်။ ဤပုံစံသည် စီမံခန့်ခွဲမှု ကုန်ကျ စရိတ်နည်းသော်လည်း ပြည်နယ်များတွင် အခွန်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာမရှိသလောက်နည်းသည်။ ထို့ကြောင့် VAT ကဲ့သို့ ပြည်နယ်များစည်းကြပ်ကောက်ခံရန် မသင့်သောအခွန်များကိုသာ ဤပုံစံသုံးသင့်သည်။

ဒုတိယအခွန်စနစ်စည်းဝါးညီစေသည့်ပုံစံမှာ ပြည်နယ်ထပ်တိုးအခွန် (state surtax) ဖြစ်ပြီး ပြည်နယ်များသည်

မိမိတို့ ပြည်နယ်တွင် တည်ရှိသော ပြည်ထောင်စု၏ အခွန်များအပေါ် စည်းကြပ်ကောက်ခံခြင်းဖြစ်သည်။ဤပုံစံ တွင် အခွန်တစ်ခု၏ အခွန်အခြေခံနှင့် အခွန်နှုန်းထားများကို ပြည်ထောင်စုက သတ်မှတ်ပြီး ပြည်နယ်များက ၎င်းတို့၏သီးခြား အခွန်နှုန်းထားများ သတ်မှတ်ကာ ပြည်ထောင်စုအခွန်ရငွေများအပေါ်ကောက်ခံခြင်းဖြစ်သည်။ ထို့ကြောင့် ပြည်နယ်ထပ်တိုး အခွန်သည် အခွန်အပေါ်အခွန်ကောက်သည့်စနစ် (tax-on-tax sytem) တစ်ခု အဖြစ် ရှုမြင်ကြသည်။ ပြည်ထောင်စုသည် ပြည်နယ်နှုန်းတိုးအခွန်ကို ပြည်နယ်ကိုယ်စားကောက်ခံပြီး ရရှိလာ သော အခွန်ငွေများကို ပြည်နယ်များသို့ လွှဲပြောင်းပေးသည်။ ဤပုံစံသည် ဝင်ငွေခွဲဝေခြင်းပုံစံ (revenue sharing) နှင့် နှိုင်းယှဉ်လျှင် ပြည်နယ်လုပ်ပိုင်ခွင့် ပိုရှိနေသလိုဖြစ်သော်လည်း အားနည်းချက်များလည်း ရှိသည်။ ၎င်းတို့မှာ ပြည်ထောင်စုအစိုးရကအခွန်အခြေခံနှင့် အခွန်နှုန်းထားများကို ပြောင်းလိုက်လျှင် ပြည်ထောင်စု၏ အခွန်ရငွေအပြင် ပြည်နယ်များ၏ အခွန် ရငွေအပေါ်၌လည်း သက်ရောက်နိုင်ခြင်းနှင့် ပြည်နယ်များသည် အခွန် အခြေခံနှင့် အခွန်နှုန်းထားများကို မူဝါဒဆိုင်ရာရည်ရွယ်ချက်များအတွက် အသုံးပြုခွင့် မရှိခြင်းတို့ ဖြစ်သည်။

တတိယနည်းမှာ တူညီသောအခွန်ခြေခံပေါ်တွင် မတူညီသော အခွန်နှုန်းထားများဖြင့် အခွန်ကောက်ခံခြင်း (Tax on base sytem) ဖြစ်သည်။ ပြည်ထောင်စုနှင့် ပြည်နယ်တို့ကောက်ခံခွင့်ရှိသော ထပ်ထူပြုအခွန်များ အတွက် ဘုံအခွန်အခြေခံကို ပြည်ထောင်စုက အဓိပ္ပါယ်ဖွင့်ဆိုပြီး မတူကွဲပြားသော အခွန်နှုန်းထားများကို ပြည်ထောင်စုနှင့် ပြည်နယ်များက အသီးသီး သတ်မှတ်ကြသည်။ သတ်မှတ်အခွန်နှုန်းထားအတိုင်း အစိုးရ တစ်ခုတည်းက အခွန်ကောက်ခံပေးပြီး လွွှဲပြောင်းပေးသည်။ ဥပမာ - ကနေဒါနိုင်ငံတွင် အခွန်ကောက်ခံမှု သဘောတူချက်များ (Tax Collection Agreements) အရ သဘောတူစာချုပ် ထိုးထားသော ပြည်နယ်များ သည် တစ်ဦးချင်းဝင်ငွေကို စည်းကြပ်ရာတွင်ပြည်ထောင်စုဖွင့်ဆိုထားသော အခွန်အခြေခံများအပေါ် ၎င်းတို့၏ သီးခြားအခွန်နှုန်းထားများအတိုင်း ပြည်ထောင်စုအစိုးရက ကိုယ်စားကောက်ခံပြီး ၎င်းတို့ထံ လွှဲပြောင်းသည်။ ဤပုံစံသည် အထက်ပါအခွန်စနစ် စည်းဝါးညီစေသည့် ပုံစံနှစ်ခုနှင့် နှိုင်းယှဉ်လျှင် ပြည်နယ်များတွင် လုပ်ပိုင်ခွင့် အာဏာ ပိုရှိသည်ဟု သုံးသပ်နိုင်သည်။ အခွန်အခြေခံတူညီခြင်းကြောင့် စီမံခန့်ခွဲမှုနှင့် လိုက်နာမှု ကုန်ကျစရိတ် (administrative and compliance costs) သက်သာနိုင်ပြီးနှုန်းထားမတူညီခြင်းကြောင့် ပြည်နယ်များ၏ အခွန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အထိုက်အလျောက် အားပေးသည်။ ထို့ကြောင့် ဤပုံစံသည် အစိုးရအဖွဲ့များအကြား အခွန်အာဏာထိန်းညှိရာတွင် အသင့်လျော်ဆုံးပုံစံတစ်ခုအဖြစ်သတ်မှတ်ကြသည်။

အခွန်စနစ် စည်းဝါးညီစေသည့်စနစ်အပြင် ပြည်နယ်များအား ပြည်ထောင်စုထက် အခွန်အာဏာပိုပေးထားလျှင်

ဘဏ္ဍာရေး မထိရောက်မှုနှင့် ဘဏ္ဍာရေးမညီမျှမှုတို့ကို ဖြစ်စေနိုင်သောကြောင့် ၎င်းတို့ကို ကုစားနိုင်သည့် အခွန်

ကောက်ခံနိုင်စွမ်းကို ညီတူမျှတူဖြစ်စေသည့်စနစ်တစ်ခု (a system of equalization of revenue-raising

capacities) စီစဉ်ထားသင့်သည်။ သို့မှသာ နှိုင်းယှဉ်နိုင်သော ပြည်သူ့ဝန်ဆောင်မှုအဆင့်ကို နှိုင်းယှဉ်နိုင်သော

အခွန်နှုန်းထားများဖြင့် ဘဏ္ဍာငွေပံ့ပိုးနိုင်မည့် အလားအလာရှိမည် ဖြစ်သည်။ အခွန်စနစ် စည်းဝါးညီစေခြင်းနှင့် အခွန်ကောက်ခံနိုင်စွမ်း သာတူညီမျှဖြစ်စေသည့် စနစ်တို့သည် အစိုးရအဖွဲ့များ အကြား ဘဏ္ဍာရေး ဆက်နွှယ်မှု ၏ အရေးကြီးသော အစိတ်အပိုင်းများဖြစ်သည်။ ထို့ကြောင့် ဤအစီအစဉ် နှစ်ခု လုံးကို ဘဏ္ဍာရေးဖက်ဒရယ် စနစ်တွင် ထည့်သွင်းထားလေ့ရှိသည်။    ။ 

  1. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၁ )

  2. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၂ )

  3. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၃ )

  4. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ်( ၄ )

  5. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ်( ၅ )

       
 

Mizzima Weekly