ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရပေမယ့် စံချိန်တစ်ခုတင်နိုင်ခဲ့တဲ့ စပိန်

ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရပေမယ့် စံချိန်တစ်ခုတင်နိုင်ခဲ့တဲ့ စပိန်

 

ဇူလိုင် ၂၊ မော်စကို။           ။ စပိန်လက်ရွေးစင်အသင်းဟာ ၁၆ သင်းရှုံးထွက်အဆင့်မှာ အိမ်ရှင်ရုရှအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲကထွက်ခဲ့ရပေမယ့် စံချိန်တစ်ခုတော့ တင်နိုင်ခဲ့ပါတယ်။

မိနစ် ၁၂၀ ကြာကစားခဲ့ရတဲ့ အဲဒီပွဲမှာ စပိန်အသင်းဟာ ဘောလုံးပေးပို့မှုပေါင်း ၁၁၁၄ ကြိမ်အထိ ပြုလုပ်ပြီး ကမ္ဘာ့ဖလားမှာ စံချိန်တင်ခဲ့တာပါ။

နည်းပြဟီယာရိုရဲ့ အသင်းဟာ ပွဲချိန်မိနစ် ၉၀ အတွင်းမှာလည်း ဘောလုံးပေးပို့မှုပေါင်း ရ၇၀ ပြုလုပ်ပြီးစံချိန်တင်နိုင်ခဲ့သလို ကမ္ဘာ့ဖလားပွဲစဉ်တစ်ပွဲအတွင်း ဘောလုံးပေးပို့မှုအကြိမ်ရေ ၁၀၀၀ ပြုလုပ်နိုင်တဲ့ ပထမဆုံးအသင်းဖြစ်လာခဲ့ပါတယ်။

ယခင်စံချိန်ကိုတော့ အာဂျင်တီးနားအသင်းက တင်ရှိထားတာဖြစ်ပြီး ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ဂရိနဲ့ကစားခဲ့တဲ့ပွဲမှာ ဘောလုံးပေးပို့မှု ရ၀၃ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ စပိန်အသင်းရဲ့ စံချိန်တင်ဘောလုံးပေးပို့မှုဟာ ရုရှခံစစ်ကိုထိုးဖောက်နိုင်လောက်အောင် အလုပ်မဖြစ်ခဲ့ဘဲ ပင်နယ်တီ အဆုံးအဖြတ်နဲ့တောင် ရှုံးနိမ့်ခဲ့ရပါသေးတယ်။

စပိန်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှုရာခိုင်နှုန်း ရ၉ ရာခိုင်နှုန်းထိရှိခဲ့ပြီး အသင်းခေါင်းဆောင်ရာမို့စ်ဟာလည်း ဘောလုံးပေးပို့မှု ၁၄၁ ကြိမ်ထိပြုလုပ်နိုင်ခဲ့လို့ ကမ္ဘာ့ဖလားပွဲစဉ် တစ်ပွဲအတွင်း ဘောလုံးအများဆုံးပေးပို့နိုင်တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။

တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ရှုံးထွက်ပွဲတွေမှာ စပိန်နဲ့ ရုရှတို့ ပွဲချိန်အတွင်း တစ်ဂိုးစီသရေကျခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ ရုရှက ၄-၃ ဂိုးနဲ့အနိုင်ရလို့ ကွာတားတက်သွားပါတယ်။

ခရိုအေးရှားနဲ့ ဒိန်းမတ်တို့ပွဲမှာလည်း ပွဲချိန်အတွင်း တစ်ဂိုးစီသရေကျခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ ခရိုအေးရှားက ၃-၂ ဂိုးနဲ့ အနိုင်ရလို့ ကွာတားတက်သွားခဲ့ပါတယ်။

အနိုင်ရတဲ့ ရုရှနဲ့ ခရိုအေးရှားတို့ဟာ ကွာတားအဆင့်မှာ တွေ့ဆုံကြမှာဖြစ်ပြီး ဇူလိုင် ၈ ရက်မှာ ယှဉ်ပြိုင်ကစားကြမှာပါ။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags