သိမ်းဆည်းခံလယ်မြေပြန်ပေးရေးနှင့် လယ်ယာမြေဥပဒေပြင်ဆင်ပေးရန် တောင်းဆို

သိမ်းဆည်းခံလယ်မြေပြန်ပေးရေးနှင့် လယ်ယာမြေဥပဒေပြင်ဆင်ပေးရန် တောင်းဆို

ရန်ကုန်၊ ဇူလိုင် ၁ ။      ။ တောင်သူလယ်သမား သမဂ္ဂအဖွဲ့နှင့် တောင်သူ ၁၅၀ခန့်သည် သိမ်းဆည်းခံလယ်မြေပြန်ပေးရေးနှင့် လယ်ယာမြေဥပဒေ ပြင်ဆင်ပေးရန် ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ် ၊ ထမ်းမနိုင်ကျေးရွာမှ မြို့တော်ခန်းမအထိ ချီတက်ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

 ဇွန်လ ၃၀ ရက်မှ ဇူလိုင်လ ၁ ရက်နေ့အထိ ရန်ကုန်မြို့၊ မြို့တော်ခန်းမအရောက် ချီတက်လာခဲ့ကြခြင်း ဖြစ်သည်ဟုလည်း ဆန္ဒပြတောင်သူများဆီမှ သိရသည်။

 “ ၁၈၉၄ မြေသိမ်းဥပဒေနဲ့မညီ သိမ်းဆည်းထားသော မြေများကို မူလပိုင်ရှင်များထံကို အပ်နှံပေးရေးကို တစ်အနေနဲ့ ကျွန်မတို့ ခေါင်းစဉ်ထား ပြီးတောင်းဆိုပါတယ်” ဟု မြန်မာနိုင်ငံတောင်သူလယ်သမား သမဂ္ဂ ဒေါ်စုစုနွေး က ပြောသည်။

လယ်ယာမြေပြဿနာဖြေရှင်းမှုတွေမှာ သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ပါဝင် ကူညီဖြေရှင်းမှုမရှိဘူးဟု ဒေါ်စုစုနွေးက စွပ်စွဲပြောဆိုထာပြီး ယင်းကြောင့် ယခုလို လမ်းပေါ်ထွက် တောင်းဆိုရခြင်းဟုလည်း ၄င်းက ဆိုသည်။

“ လယ်သမားကျတော့ ပြစ်မှု ပြစ်ဒဏ်ရှိလို့ရှိရင် ဆုံးဖြတ်ချက်ချနိုင်တဲ့ နိုင်ငံဝန်ထမ်းကိုလည်း အရေးယူလို့ရတဲ့ ဥပဒေကိုသာ တူညီမျှပြဋ္ဌာန်းပေးရမယ်။ အဲ့တော့လယ်စီအဆင့်ဆင့်ကိုအရေးယူလို့ရတဲ့ ဒီဥပဒေ ၂ ချက်ကို ကျွန်မတို့ အဓိကထားပြီး တောင်းဆိုတာပါ” ဟု ဒေါ်စုစုနွေးက ပြောသည်။

ယခုဆန္ဒပြပွဲမှာ ကော့မှူး၊ တွံတေးနဲ့ ဒလက တောင်သူတွေ ပါဝင်ပြီး ပုဂ္ဂလိကကုမ္ပဏီတွေ၊ တပ်မတော်နဲ့ အစိုးရဌာနဆိုင်ရာတွေက လယ်ယာမြေတွေ သိမ်းဆည်းတာကြောင့် ထိခိုက်နစ်နာသူတွေ ပါဝင်နေသည်ဟု ဆန္ဒဖော်ထုတ်သူတွေက ဆိုသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်နေပြီဖြစ်တဲ့ အာဏာရ NLD ပါတီဦးဆောင်သူ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် စကားများကိုလည်း ကတ်ထူပြားတွေမှာ ရေးဆွဲထားတာကိုလည်း   တွေ့မြင်ရသည်။

လက်ရှိအချိန်ထိ သူတို့ရဲ့ဆန္ဒပြမှုတွေကို အစိုးရဘက်ကတုန့်ပြန်မှု မရှိသေးပါဘူးလို့လည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly