ခွင့်မပြုအမှိုက်များ စွန့်ပစ်ပါက ငွေဒဏ်မှထောင်ဒဏ်အထိ အပြစ်ပေးသွားနိုင်ရန် စီစဉ်နေ

ခွင့်မပြုအမှိုက်များ စွန့်ပစ်ပါက ငွေဒဏ်မှထောင်ဒဏ်အထိ အပြစ်ပေးသွားနိုင်ရန် စီစဉ်နေ

ပုသိမ်၊ ဇူလိုင် ၁ ။          ။ ပုသိမ်မြို့ပေါ်ရှိ အမှိုက်ကန်များတွင် မီးဖိုချောင်ထွက်အမှိုက်များကိုသာ လာရောက်စွန့်ပစ်ခွင့်ပြုထားပြီး အခြား အမှိုက်များ စွန့်ပစ်ပါက ငွေဒဏ်မှ ထောင်ဒဏ်အထိ အပြစ်ပေးသွားနိုင်ရန် စီစဉ်ထားကြောင်း ပုသိမ် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

"အမှိုက်များ စွန့်ပစ်တာ ပြည်သူမှာ အသိပညာနည်းတာပေါ့၊ အမှိုက်ကန်သည် မီးဖိုချောင်ထွက် အမှိုက်ပဲ ပစ်ရမယ်ဆိုတာကို မသိဘူး။ စည်ပင်ဌာနမှာ အမှိုက်ကားငှားလို့ရတယ်ဆိုတာ မသိဘူး၊ စီးပွားရေး အမှိုက်တွေ ဆိုင်တွေက ထွက်လာတဲ့ အမှိုက်တွေကို ကိုယ်အစီအစဉ်နဲ့ ကိုယ်ပစ်လို့လည်းရတယ်။ အမှိုက်ကုန်းမှာ သွားပစ်ရပါမယ်၊မြစ်ထဲချောင်းထဲကိုလည်း မပစ်စေချင်ဘူး။  ချောင်းတွေမြောင်းတွေ တိမ်ကောတဲ့အတွက်” အမှိုက်များနှင့်ပတ်သက်ပြီး ပုသိမ်စည်ပင်သာယာရေးကော်မတီက ဦးသက်နိုင်ဇော်ကပြောသည်။

ပုသိမ်မြို့တွင် စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်ကန် ၁၆ ကန်ကို ချထားပေးပြီး မီးဖိုခန်းမှ ထွက်သည့် အမှိုက်များကို လာရောက်ပစ်နိုင်ပြီး၊ ဆိုင်များ စီးပွားလုပ်ငန်းများမှ ထွက်ရှိသည့်အမှိုက်များ၊ခြံများမှ ထွက်သည့် အမှိုက်များအား လာရောက်စွန့်ပစ်ခွင့်မရှိကြောင်းနှင့် တွေ့ရှိပါက ဒဏ်ငွေ ၃၀၀၀၀ ကျပ် ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

ဆိုင်များမှ ထွက်ရှိသည့် အမှိုက်များ လာရောက်စွန့်ပစ်ပါက တတိယအကြိမ်အထိသာ ဒဏ်ငွေပေးဆောင်ရမည် ဖြစ်ပြီး ထပ်မံတွေ့ရှိလျှင် ထောင်ဒဏ်အထိသွားနိုင်အောင် စီစဉ်ထားကြောင်းသိရှိရသည်။

ပုသိမ်စည်ပင်သာယာရေးကော်မတီက အမှိုက်ကန်များတွင် မီးဖိုချောင်ထွက်အမှိုက်များကို လာရောက် စွန့်ပစ်ကြရန်၊ စီးပွားရေးလုပ်ငန်းထွက်အမှိုက်များ၊ ဆေးရုံဆေးခန်းထွက် အမှိုက်များ၊ခြံထွက်အမှိုက်များ၊စက်ရုံ အလုပ်ရုံ ထွက် အမှိုက်များ တည်ဆောက်ရေးလုပ်ငန်းထွက်အမှိုက်များ အား ကား၊ သုံးဘီးဆိုင်ကယ်များ၊ လက်တွန်းလှည်းများဖြင့် လာရောက်စွန့်ပစ်ခြင်းမပြုရန်နှင့် တွေ့ရှိပါက ဒဏ်ငွေ ၃၀၀၀၀ ကျပ် ပေးဆောင်ရမည်”ဟု သတိပေးဆိုင်းဘုတ်များဖြင့် ကြေညာထားသည်။

လက်ရှိ ပုသိမ်မြို့တွင် စီးပွားရေး အမှိုက်ခွန် ပေးဆောင်သည့်ဆိုင်မှာ ဆိုင် ၆၀၀ ကျော်သာ ရှိပြီး အမှိုက်ကန်များတွင် စောင့်ကြည့်ကင်မရာများ ရပ်ကျေးထောက်ကူပြုအဖွဲ့များဖြင့် စောင့်ကြည့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ဥပဒေအားပြင်ဆင်ရေးဆွဲရန် တိုင်းဒေသကြီးအစိုးရက စီစဉ်ထားကြောင်းနှင့် စည်ပင်သာယာရေးဥပဒေတွင် ထိရောက်သည့် ပြစ်ဒဏ်များအား ထည့်သွင်းရေးဆွဲသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly