ရန်ကုန်ပရဟိတလိုင်စင်မဲ့ယာဉ်များ တရားဝင်ခွင့်ပြုချက်ရရှိရန် အစိုးရထံ အသနားခံစာတင်မည်ဟုဆို

ရန်ကုန်ပရဟိတလိုင်စင်မဲ့ယာဉ်များ တရားဝင်ခွင့်ပြုချက်ရရှိရန် အစိုးရထံ အသနားခံစာတင်မည်ဟုဆို

ဇူလိုင် ၁ ။  ။ ပရဟိတလူမှုကူညီရေးလုပ်ဆောင်နေသည့် လိုင်စင်မဲ့မော်တော်ယာဉ်များ တရားဝင်ခွင့်ပြုချက် အထောက်အထားတစ်ခုရရှိရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရမှတစ်ဆင့် နိုင်ငံတော်အစိုးရထံသို့ အသနားခံ စာတင်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဇွန်လ ၃၀ ရက် မင်္ဂလာဒုံမြို့နယ် စက္ကဝဌာကျောင်းတိုက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပရဟိတလူနာ တင်ယာဉ်များနှင့် ပတ်သက်သောကိစ္စရပ်များကို ပရဟိတအသင်း ၅၀ ခန့်မှ စုပေါင်း ဆွေးနွေးပွဲတွင် ယင်းသို့ ပြောခဲ့ကြခြင်း ဖြစ်သည်။

"ကျွန်တော်တို့က အသနားခံစာတင်ပါမယ်။ ရန်ကုန်တိုင်းအစိုးရကတစ်ဆင့် နိုင်ငံတော်အစိုးရအထိ အသနားခံစာ တင်ပါမယ်။ ကျွန်တော်တို့ကို တရားဝင် HSE လို ဒါမှမဟုတ် တရားဝင်လိုင်စင်လိုမျိုး စိစစ် ပြီးတော့ချပေးပါ။ ကျွန်တော်တို့ကလည်း ဥပဒေဘောင်အတွင်းကနေပြီးတော့ လူနာတင်ယာဉ်တွေ ဆက်လက် လုပ်ဆောင်ပေးပါမယ်" ဟု Golden Middle Way ပရဟိတလူမှုကယ်ဆယ်ရေးအသင်းမှ ကိုအောင်သော်(5 Star)က ပြောသည်။

ပရဟိတလူနာတင်ယာဉ်များအမည်ခံကာ လိုင်စင်မဲ့ယာဉ်များဖြင့် တရားဝင်ပစ္စည်းများ သယ်ဆောင်ခြင်း၊ သစ်များ ခိုးထုတ်ခြင်းတို့ကို လုပ်ဆောင်နေကြသည်ကို တွေ့ရှိရပြီးနောက် လာမည့် ဇူလိုင်လမှစတင်ကာ ပရဟိတလူမှုကူညီရေးဆောင်ရွက်နေသည့် လိုင်စင်မဲ့ကားများကို ဖမ်းဆီးအရေးယူမည်ဟု ပြည်ထဲရေး ဝန်ကြီးဌာနမှ စာထုတ်ပြန်ထားခြင်း ဖြစ်သည်။

"ဘာလို့ ဒီလိုတွေ ပေါ်လာလဲ။ ပရဟိတ ခုတုံးလုပ်ပြီး ကျွန်တော်တို့ ကျန်တဲ့သူတွေကို ဒုက္ခပေးတယ်။ ဒီလို လူမျိုးကိုလည်း ကျွန်တော်တို့ ပရဟိတအသင်းတွေ အားလုံးက တွန်းလှန်ရမယ်" ဟု မင်္ဂလာဒုံမြို့နယ် ၂/က စံပြရပ်ကွက် ရှင် ရေးကူညီမှုအသင်းမှ ဦးလှိုင်မင်းက ပြောသည်။

လက်ရှိ ရန်ကုန်တိုင်းအတွင်း၌ ပရဟိတအသင်းပေါင်း ၁၈၀ ကျော်ရှိပြီး အသင်းလိုင်စင်မှတ်ပုံတင်၊ လူနာတင် ယာဉ်လိုင်စင် ရှိသည့်အသင်းများရှိသလို၊ အသင်းမှတ်ပုံတင်မရှိသောအသင်းများလည်း ရှိကြောင်း သိရသည်။

ပရဟိတအသင်းအများစုသည် ဘဏ္ဍာရေး ငွေကြေးအခက်အခဲများရှိသောကြောင့် အသင်းများ၏ လူနာတင် ယာဉ် ရ၀ ရာခိုင်နှုန်းခန့်သည် လိုင်စင်မဲ့ယာဉ် အများစုပါ၀င်နေသည်ဟု ပရဟိတအသင်းများဘက်မှ ပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်းအစိုးရအနေဖြင့် လိုင်စင်မရှိသော အသင်းများ၊ လိုင်စင်မဲ့ လူနာတင်ယာဉ်များ စိစစ်ကာ တရားဝင်လိုင်စင် ခွင့်ပြုပေးစေချင် ကြောင်း ပရဟိတလုပ်ငန်းလုပ်ကိုင်နေသူတစ်ချို့ကဆိုသည်။

"လိုင်စင်မဲ့မော်တော်ယာဉ်တွေကို အရေးယူမှုဖြစ်လာမယ်ဆိုရင် မီးလောင်ပြင်တွေ၊ ယာဉ်တိုက်မှုတွေမှာ အချိန် မီကူညီနိုင်ခြင်း မရှိတော့ဘူးပေါ့။ ဆေးရုံအတက်အဆင်းလူနာတွေဆိုရင် ကျွန်တော်တို့လို အခမဲ့ကားတွေ အသုံး ပြုခွင့်မရှိတဲ့အတွက် သူတို့အနေနဲ့ ငွေကြေးကုန်ကျမှုတွေ ပိုမိုများပြားလာနိုင်ပါတယ်။ သဘာဝဘေးဒဏ် တွေကိုလည်း ကျွန်တော်တို့ အလျင်အမြန်သွားရောက် ကူညီနိုင်ခြင်းမရှိတော့ဘူး" ဟု ဖြူစင်မေတ္တာပရဟိတ အသင်း (ရန်ကုန်) အတွင်းရေးမှူး ကိုပြည့်ဖြိုးအောင်ကပြောသည်။

မန္တလေးတိုင်းတွင်မူ ပရဟိတလုပ်ငန်းဆောင်ရွက်နေသည့် လိုင်စင်မဲ့ကားများကို ဖမ်းဆီးအရေးမယူသေးဘဲ တိုင်ပင်ဆွေးနွေးနေဆဲသာ ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် က ပြောကြားထားသေည်လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရကမူ သဘောထားမှတ်ချက် ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ဇွန်လ ၃၀ ရက်က ပြည်တွင်းအခွန်ဦးစီးဌာနမှ နာရေးယာဉ်၊ လူနာတင်ယာဉ်၊ မီးသတ်ယာဉ်များအတွက် အထူးကုန်စည်ခွန် ကင်းလွတ်ခွင့်ပြု ထားကြောင်း ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly