အစိုးရ တိုက်ခိုက်မှုများမှ ထွက်ပြေးလာသည့် ဆီးရီးယားပြည်သူများကို အစ္စရေး အကူအညီ ပေး

အစိုးရ တိုက်ခိုက်မှုများမှ ထွက်ပြေးလာသည့် ဆီးရီးယားပြည်သူများကို အစ္စရေး အကူအညီ ပေး

ဂျေရုဆလင်၊ ဇွန် ၃၀ ။        ။ ဆီးရီးယားရှိ သူပုန်နယ်မြေများကို အစိုးရ၏ တိုက်ခိုက်မှုများကြောင့် ထွက်ပြေးလာကြသော ပြည်သူများကို အကူအညီများ ပေးပို့ခဲ့ကြောင်း အစ္စရေးစစ်တပ်က ဇွန် ၂၉ ရက်တွင် ပြောသည်။

ထိုသို့ အကူအညီများ ပေးပို့နိုင်ရေးအတွက် အစ္စရေးစစ်တပ်သည် ဂိုလန်ကုန်းမြင့်ရှိ စစ်ဆိုင်းထားသော ဧရိယာတစ်လျှောက် ညပိုင်းအော်ပရေရှင်းဖြင့် ဆောင်ရွက်ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ဒါရားပြည်နယ်က သူပုန်များ ထိန်းချုပ်ရာ ဧရိယာများကို ရုရှနောက်ခံပြုသော ဆီးရီးယားအစိုးရ၏ ဆယ်ရက်ကြာ ထိုးစစ်တိုက်ခိုက်မှုများကြောင့် ဂျော်ဒန်နှင့် နယ်စပ်ဖက်သို့ ထွက်ပြေးသူ ပြည်သူပေါင်း ငါးသောင်းကျော်ရှိကာ ထောင်ပေါင်းများစွာက စစ်ဆိုင်းဧရိယာအနီး ယာယီတဲများဖြင့် ခိုလှုံနေကြခြင်း ဖြစ်သည်။

ထိုနေရပ်စွန့်ပြေးလာသူများကို ဂိုလန်ကုန်းမြင့်က အစ္စရေး သိမ်းပိုက်ထားရာ နယ်မြေအပိုင်းတွင်းသို့ ဝင်ရောက်ခွင့် ပြုရန် အကြောင်းမရှိကြောင်းလည်း အစ္စရေးစစ်တပ်က ပြောထားသည်။

သို့သော် ရွက်ဖျင်တဲပေါင်း ၃၀၀ နှင့် အစားအစာ ၁၃ တန်အပြင် ဆေးဝါးများ၊ အဝတ်အစားများကို ဆီးရီးယားပိုင် သူပုန်အုပ်စုများ အများစု ထိန်းချုပ်ရာ ဒုက္ခသည်စခန်း လေးခုသို့ ပေးပို့ခဲ့ကြောင်း ပြောခဲ့သည်။

ကုလသမဂ္ဂက အထူးကြပ်မတ်စောင့်ကြည့်နေသည့် ယင်းစစ်ဆိုင်ဧရိယာကို အစ္စရေးစစ်တပ်က မည်သို့ ဖြတ်သန်းကာ အကူအညီများ ပေးပို့ခဲ့ခြင်းကိုမူ အသေးစိတ် ပြောဆိုခြင်း မရှိပေ။

“ရန်လိုတို်က်ခိုက်မှုတွေက ထွက်ပြေးလာသူ ဆီးရီးယားပြည်သူ ထောင်ပေါင်းများစွာဟာ အစ္စရေးနယ်စပ်အနီးက စခန်းတွေမှာ ဆိုးဝါးတဲ့ အခြေအနေနဲ့ နေနေကြရပါတယ်။”ဟု အစ္စရေးစစ်တပ်က ထုတ်ပြန်ထားပြီး “ဒီဆီးရီးယားပြည်သူတွေကို အစ္စရေး နယ်ထဲတော့ ဝင်ရောက်ခွင့် မပြုဘဲ အစ္စရေးရဲ့ လုံခြံုရေးကို ဆက်လက်ထိန်းသိမ်းသွားမှာပဲ ဖြစ်ပါတယ်။”ဟု ဖြည့်စွက်ဖော်ပြထားသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags