နိုင်ငံတိုးတက်ဖို့ အခြေခံဥပဒေ သံကွန်ကြီးနဲ့ ဖုံးခံထားရဟု ဦးဝင်းထိန်ပြော

နိုင်ငံတိုးတက်ဖို့ အခြေခံဥပဒေ သံကွန်ကြီးနဲ့ ဖုံးခံထားရဟု ဦးဝင်းထိန်ပြော
ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးလုပ်ငန်းကော်မတီများ စုံညီတွေ့ဆုံပွဲတွင် NLD နာယက ဦးဝင်းထိန် အဖွင့်မိန့်ခွန်းပြောကြားစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇွန်လ ၃၀ရက်၊ ၂၀၁၈ခုနှစ်)။ ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတိုးတက်ရေးအတွက် သံကွန်ဖြင့် ဖုံးအုပ်ထားသကဲ့သို့ အဟန့်အတားဖြစ်နေရသည်ဟု အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နာယက ဦးဝင်းထိန်က ပြောကြားလိုက်သည်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ကိုယ်တို့အစိုးရအဖွဲ့ကော၊ နိုင်ငံတိုးတက်ဖို့ကောမှာ အုပ်ထားတဲ့ သံကွန်ချာကြီးလို့ ပြောချင်တယ်” ဟု ဇွန်လ ၃၀ရက်က နေပြည်တော်တွင် ပြုလုပ်သည့် NLD ပါတီ၏ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးလုပ်ငန်းကော်မတီများ စုံညီတွေ့ဆုံပွဲ ဖွင့်ပွဲအခမ်းအနားအပြီးတွင် ဦးဝင်းထိန်က သတင်းထောက်များကို ပြောသည်။

အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဝင်ကတည်းက NLD ၏ နိုင်ငံရေးရည်မှန်းချက်ဖြစ်ပြီး အဆိုပါ အခြေခံဥပဒေပြင်ဆင်ရေးအတွက် နည်းလမ်းရှာကြရန်လည်း တက်ရောက်လာသည့် အမျိုးသမီးများကို ဦးဝင်းထိန်က နှိုးဆော်သည်။

“အခုထိလည်း ဒီရည်ရွယ်ချက်ကို စွန့်လွှတ်ခြင်း မရှိသေးဘူး။ အဲ့ဒီတော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များအနေနဲ့ အစဉ်တစိုက် နှလုံးသွင်းလျက် ရှိပါတယ်။ နည်းလမ်းတွေ ရှာလျက် ရှိပါတယ်။ အလားတူပဲ ဒီအမျိုးသမီးထုအနေနဲ့လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ တတပ်တအား ဘယ်လိုပါရမလဲဆိုတာကို နည်းလမ်းရှာ ဖော်ထုတ်ဖို့ သင့်ပါတယ်” ဟု ဦးဝင်းထိန်က စုံညီတွေ့ဆုံပွဲ အဖွင့်မိန့်ခွန်းတွင် ပြောသည်။

ထိုသို့ နှိုးဆော်ရခြင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အခြေခံဥပဒေပြင်ဆင်ရေး ရည်မှန်းချက် ပျောက်ကွယ်မသွားကြောင်း ထောက်ပြလို၍ဖြစ်သည်ဟုလည်း ဦးဝင်းထိန်က ဆိုသည်။

လက်ရှိ အနေအထားအရ လာမည့် ၂၀၂၀ခုနှစ်အတွင်း အခြေခံဥပဒေပြင်ဆင်ရေး ဖြစ်နိုင်ခြေ ရှိ၊ မရှိ သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကိုလည်း “ဟေ့…ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ကိုယ်တို့ NLD အဖျက်ခံရတဲ့အခြေအနေကနေ ဒီအခြေအနေရောက်အောင် ဒေါ်စုက လုပ်လာခဲ့တာ။ ဖြစ်ရမှာပေါ့” ဟု ဦးဝင်းထိန်က ပြန်လည်ဖြေကြားသည်။

NLD ၏ ဗဟိုအမျိုးသမီးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာမေဝင်းမြင့်ကလည်း ပြင်ဆင်ရခက်ခဲ့သည့် ၂၀၀၈ အခြေခံဥပဒေကို ဒေါ်အောင်ဆန်းစုကြည်၏ မူဝါဒအတိုင်း ပြည်သူများကို မထိခိုက်စေသည့် နည်းလမ်းဖြင့် ပြင်ဆင်သွားမည်ဟု ဆိုသည်။

“၂၁ပင်လုံ လုပ်တဲ့အခါမှာ ငြိမ်းချမ်းရေးရည်ရွယ်ချက်တစ်ခုလည်း ပါတယ်။ အစုအဖွဲ့ ၆ဖွဲ့ ဆွေးနွေးတယ်။ အဲ့ဒီမှာ နိုင်ငံရေးအစုအဖွဲ့ ပါတယ်။ (လွှတ်တော်)ကိုယ်စားလှယ်အစုအဖွဲ့ ပါတယ်။ တပ်မတော်သားအစုအဖွဲ့လည်း ပါတယ်။ အဲ့ဒီမှာ ဘုံသဘောတူညီချက်ရသွားရင် အဲ့ဒီသဘောတူညီချက်ကို အခြေခံပြီး လွှတ်တော်ထဲမှာ ပြင်သွားလို့ရတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာက တပ်မတော်သားအစုအဖွဲ့လည်း ပါတယ်လေ။ (၂၁ရာစုပင်လုံ)တတိယအကြိမ်မှာ နားထောင်ပြီး အဲ့ဒီမှာ ရအောင်ဆွေးနွေးမယ်။ ဆွေးနွေးပြီး ဆုံးဖြတ်ချက်ကို လွှတ်တော်ထဲကို ပြန်ယူလာပြီးတော့ လွှတ်တော်ထဲမှာပဲ ပြင်မှာပါ။ ဒေါ်စုပြောသလို ပြည်သူတွေလည်း မထိခိုက်စေရဘူး။ တိုင်းပြည်လည်း မနစ်နာစေရဘူး။ ဖွဲ့စည်းပုံကိုလည်း ပြင်ဆင်သွားမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာမေဝင်းမြင့်က ပြောသည်။

အမျိုးသမီးလုပ်ငန်းကော်မတီများ စုံညီတွေ့ဆုံပွဲတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အပါအဝင် ပြည်တွင်းငြိမ်းချမ်းရေး၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေး စသည့် ရှေ့ုလုပ်ငန်းစဉ်များ ချမှတ်သွားမည် ဖြစ်သည်။

NLD ပါတီသည် အခြေခံဥပဒေပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ကြွေးကြော်ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly