ထူးအိမ်သင် မွေးနေ့အထိမ်းအမှတ် " ချစ်ခြင်းအားဖြင့် ၅၅ ပန်းချီပြပွဲ "

.

ရန်ကုန် ဇွန် ၃၀ ။          ။ အဆိုတော်ထူးအိမ်သင်ရဲ့ ၅၅ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပန်းချီနဲ့ ကာရီ​ကေးချားပညာရှင်​ ဆရာ ဘီညို က " ချစ်ခြင်းအားဖြင့် ၅၅ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ရန်ကုန်မြို့၊ ၄၃ လမ်း မှာရှိတဲ့ 43 Art Gallery မှာ ပန်းချီပြပွဲ ပြုလုပ်နေပါတယ်။

ဒီပန်းချီပြပွဲကို ဇွန်လ ၂၉ ရက်နေ့ကနေ ဂျူလိုင် လ ၃ ရက်နေ့အထိ ၅ ရက်တိုင်တိုင် ပြသသွား မယ်လို့ သိရပါတယ်။

ထူးအိမ်သင်လိုလူ နောက်တစ်ယောက်မရှိနိုင်တဲ့ အတွက် အနုပညာလေးစားမှုတွေနဲ့ ဒီပန်းချီကား တွေ ဖန်တီးရေးဆွဲဖြစ်တယ်လို့ ပုဂံကနေ ရန် ကုန် မြို့မှာ ပန်းချီပြပွဲလာလုပ်တဲ့ ဆရာဘီညိုက ပြောပါတယ်။

" ထူးအိမ်သင်ဆိုတာ သူကွယ်လွန်ပြီးတဲ့နောက် မှာ နောက်တစ်ယောက်ပေါ်မလာနိုင်တဲ့ ပုဂ္ဂိုလ် လို့ ကျွန်တော်က မြင်တာ၊ အဲဒါကြောင့် ကျွန်တော် သူ့ကို ရွေးချယ်ပြီး သူ့ပုံတွေ ဆွဲဖြစ်တာပါ၊ ကိုငှက်ကြီး ရှိမယ်ဆိုရင် ၅၅ နှစ်ပြည့်ပြီလေ သူ မရှိတော့တဲ့နောက် သူ့ကို ဂုဏ်ပြုတာပါ" လို့ ဆရာဘီညိုက ပြောပါတယ်။

ပန်းချီနဲ့ ကာရီ​ကေးချားပညာရှင်​ ဆရာ ဘီညိုဟာ ကာတွန်းတွေလည်း ရေးဆွဲပြီး ကာတွန်း ဘီညိုဆိုတဲ့ ကလောင်နာမည်နဲ့ လူသိများသူတစ်ဦး လည်း ဖြစ်ပါတယ်။ ဒါဟာ ဆရာဘီညိုရဲ့ ဒုတိယ မြောက် ပန်းချီပြပွဲဖြစ်ပြီး ထူးအိမ်သင်ရဲ့ အသက် ၅၅ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ပန်းချီကား ၅၅ ကား ပြသနေတာပါ။

" ဒီကားတွေကို အချိန် ၁ နှစ်ခွဲလောက် အချိန်ယူ ဆွဲခဲ့ရတယ်၊ ကားတွေက ကိုငှက်ကြီးရဲ့ပုံတွေ ပါပဲ။ သူနဲ့က တစ်ခါ မှတ်မှတ်ရရ တေးသံသွင်းတစ်ခုမှာ ဆုံခဲ့ဖူးတယ်။ သူ့ သီချင်းကတော့ အကုန်ကြိုက်တယ်။ ဒါကြောင့်လည်း ရေးဖြစ်တာပေါ့။ အကြိုက်ဆုံးကတော့ ကျွန်တော်တို့အားလုံး ရင်ထဲရောက်တဲ့ အမေ့အိမ်သီချင်းကတော့ ဘယ်လိုမှ မေ့လို့မရအောင် အကြိုက်ဆုံးပဲ" လို့ ဆရာဘီညိုက ပြောပါတယ်။

ဒီပန်းချီပြပွဲကို ဇွန်လ ၂၉ ရက်နေ့ကနေ ဇူလိုင် လ ၃ ရက်နေ့အထိ ၅ ရက်တိုင်တိုင် ပြသသွားမယ်လို့ သိရပါတယ်။

အဆိုတော် ထူးအိမ်သင်ကို ၁၉၆၃ ခုနှစ်၊ ဇူလိုင် လ ၁ ရက်နေ့မှာ ပုသိမ်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ၁၉၈၆ ခုနှစ်မှာ နာရီပေါ်မှ မျက်ရည်စက်များ ဆိုတဲ့ ပထမဆုံးတေးစီးရီးနဲ့ ဂီတမှတ်တိုင်စိုက်ထူ နိုင် ခဲ့ပြီး မှော်ဆရာအိပ်မက်၊ သက်ငြိမ်၊ အတ္တပုံ ဆောင်ခဲများ၊ အကြင်နာ အိပ်မက်၊ အရင်အတိုင်း၊ စကားလုံးမရှိတဲ့ ကောင်းကင်၊ တစ်နေ့စာ အလွဲများ၊ ချစ်ခြင်းအားဖြင့် တို့အပါအဝင် တေးသီချင်း ပေါင်းများစွာ လူကြိုက်များခဲ့ပါတယ်။

အဆိုတော် ထူးအိမ်သင်ဟာ ၁၄-၈-၂၀၀၄ ခုနှစ် ၊ နံနက် ၁၁း၄၀ နာရီမှာ ကွယ်လွန်ခဲ့ပြီး ဇနီး သွယ်သွယ်ထွေးနဲ့ သမီး မိကွန်ထော တို့ ကျန်ရစ် ခဲ့ ပါတယ်။ လာမယ့် ဇူလိုင်လ ၁ ရက်နေ့မှာ ထူး အိမ်​သင်​​ရဲ့ ၅၅ နှစ်ပြည့်မွေး​နေ့ ကျရောက်မှာ ဖြစ်ပါ တယ်။