ကလေးမြို့တွင် လယ်ယာလုပ်ကိုင်ခွင့်ရရှိရေး ဒေသခံလူ ရ၀ ကျော် ဆန္ဒထုတ်ဖော်

ကလေးမြို့တွင် လယ်ယာလုပ်ကိုင်ခွင့်ရရှိရေး ဒေသခံလူ ရ၀ ကျော် ဆန္ဒထုတ်ဖော်

ဇွန် ၃၀၊ ကလေး ။          ။ ကလေးမြို့နယ် အင်ဒိုင်းလေးကျေးရွာအနီးတွင် တောင်သူများလုပ်ကိုင်နေသည့် လယ်ယာခင်းများကို တပ်ပိုင်မြေဟုဆိုကာ ခြံစည်းရိုးခတ်ရံထားပြီး လုပ်ကိုင်ခွင့်မရှိသည့်အပေါ် လယ်ယာလုပ်ကိုင်ခွင့်ရရှိရေးအတွက် ဒေသခံလူ ရ၀ ကျော် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲကို ဇွန်လ ၃၀ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က ကလေးမြို့ မြို့ဝင်ကောင်းသန့်ဆီဆိုင်မှစတင်၍ တာဟန်းတံတားဦးအထိပ်ထိ ၁ နာရီအကျော်ကြာ ဒေသခံ ရ၀ ကျော် လမ်းလျှောက်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

"အခုဆန္ဒပြတာဟာ ကာကွယ်ရေးဝန်ကြီးဦးတင်လှိုင်လက်မှတ်ထိုးသိမ်းယူခဲ့တဲ့ ၁၀.၇၅ ဧကအပြင် ကျွန်မတို့ အင်ဒိုင်းလေးကျေးရွာရဲ့ လမ်းမကြီးကိုရော သူတို့ရဲ့လက်အောက်မှာထားရှိပြီး သွားလာရမယ်ဆိုတော့ ကျွန်မတို့ကျေးရွာသူကျေးရွာသားတို့က မဖြစ်သင့််ဘူး၊ လက်မခံနိုင်ဘူးဆိုပြီး ဆန္ဒပြတယ်။ဒုတိယအချက်က ဆ.သ.ရ ၆ ရဲ့လယ်ယာမြေတွေထဲမှာ ကျွန်မတို့လုပ်ကိုင်စားသောက်တာ အခုမှမဟုတ်ပါဘူး။အရင်ထဲကပါ။ပုံစံ ရ တွေလည်း ထိုက်သင့်သလောက်ရှိတယ်။ မရှိတဲ့သူတွေကလည်း လျှောက်ထားဆဲပါ။ပုံစံ ရ ရှိတဲ့ ဦးကျော်လှ လယ်ထဲမှာ ဆ.သ.ရ ၆ တပ်ကနေလာပြီးတော့ ခြံစည်းရိုးခတ်နေတဲ့အတွက် ကျွန်မတို့တောင်သူတွေဟာ လယ်လုပ်ဖို့ရာ ပျိုးခင်းထဲ ကျဲထားသော်လည်း သွားလာလို့မရပါဘူး။သွားလာရင် တပ်မြေကျုးကျော်မှုနဲ့ တရားစွဲမယ် ပြောတယ်။ ကြောက်လန့်နေရတယ်"ဟု ဦးဆောင်ဆန္ဒပြသူ ဒေါ်အေးအေးကြူက ပြောသည်။

ထို့အပြင် ကျွဲ၊ နွားများအတွက် စားကျက်မြေများပါ ပျောက်ဆုံးသွားပြီး ဒေသခံများအနေဖြင့် ယင်းတို့ လယ်ယာမြေ အပေါ် အဆင်ပြေစွာ လုပ်ကိုင်စားသောက်နိုင်စေဖို့အတွက် ဌာနဆိုင်ရာအသီးသီးမှ အကူအညီပေး၍ ဖြေရှင်းပေးရန် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

"အခုလို လယ်ယာမြေတွေကို သိမ်းလိုက်မယ်ဆိုရင် ဒီကျေးရွာသူ၊ ကျေးသားတွေ စားဝတ်နေရေး ဒုက္ခရောက်သွားတယ်"ဟု ဦးဆောင်ဆန္ဒပြသူဒေါ်အေးအေးကြူက ပြောသည်။

အဆိုပါကျေးရွာတွင် ကလေး-တမူး ကားလမ်းဘေးတွင် တည်ရှိပြီး အင်ဒိုင်းလေးကျေးရွာ၏အရှေ့ဘက် လယ်ယာနှင့် စိုက်ခင်းဧက ၂၅၅ ဒသမ ၅ ဧကကို ယင်းကျေးရွာအနီးရှိ ဆက်သွယ်ရေးတပ်က ယခုနှစ်မှ စတင်၍ ခြံစည်းရိုးခတ်ကာ ဒေသခံများကို ဝင်ရောက်လုပ်ကိုင်ခွင့် မရရှိသည့်အပေါ် မူလအတိုင်း စိုက်ပျိုးခွင့် ရရှိရေး ဆန္ဒပြခဲ့ခြင်းဖြစ်သည်ဟု ယင်းဆန္ဒပြသူများပြောသည်။

ဆန္ဒပြရာတွင် ဥပဒေမဲ့ဆောင်ရွက်ချက်များ ထိရောက်စွာ အရေးယူပေးရေးl လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိရေးနှင့် အမှတ် ၆ ဆက်သွယ်ရေးတပ်မှ ခြံစည်းရိုးခတ်ထားမှုအား အမြန်ဆုံးစစ်ဆေးပေးစသည့် ကြွေးကြော်အသံများနှင့် လမ်းလျှောက်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly