ကမ္ဘာ့ဖလား ရာဇဝင်

ကမ္ဘာ့ဖလား ရာဇဝင်

 

"ဘောလုံး အခုခေတ်ကန်နေကြတဲ့ ဘောလုံးဆိုတဲ့အရာနဲ့ ကစားနည်းတွေရဲ့ စည်းမျဉ်းစည်းကမ်းတွေကို အင်္ဂလန်က စတင်တီထွင်ခဲ့တယ်ဆိုပေမယ့် ....... တရုတ်လူမျိုးတို့ ဂရိလူမျိုးနဲ့ ရောမလူမျိုးတို့က ဘောလုံးလိုမျိုး လုံးလုံးအရာတစ်ခုကို ခြေထောက်နဲ့ ကစားကစားခဲ့ကြတာဟာ ယေရှုခရစ်တော် မပေါ်ခင် ကာလတွေကတည်းကပါတဲ့။

သိပ္ပံနည်းကျကျ သက်သေ အထောက်အထားတွေအရ ဒီကမ္ဘာပေါ်မှာ ဘောလုံးလိုဟာမျိုးကို ခြေထောက်တွေနဲ့ ပထမဦးဆုံး စတင်ဆော့ကစား ခဲ့ကြသူတွေကတော့ ဟန်ခေတ်က( 206 BC - 220 AD) တရုတ်လူမျိုးတွေပါတဲ့။ အခုကျင့်သုံးနေကြတဲ့ နာမည်ကြီး ခေတ်သစ်ဘောလုံး ကစားနည်းတွေကတော့ အင်္ဂလန်မှာ ၁၈၆၃ ခုနှစ်မှာ စခဲ့တာပါ။

အဲဒီအရင် ရှစ်ရာစုဝန်းကျင်လောက်ကလည်း အင်္ဂလန်မှာ ဘောလုံးပွဲတွေ ဆော့ခဲ့ကြဖူးလေရဲ့။ ဒါပေမဲ့ အဲဒီတုန်းကဆော့တဲ့ ဘောလုံးပွဲတွေ ဘယ်လောက်ကြမ်းခဲ့ကြလဲဆိုရင် အခုခေတ်မှာလို ကစားတဲ့သူတွေ ထိခိုက်ဒဏ်ရာ ရတတ်ရုံတင်မဟုတ်ဘဲ အသေအပျာက်တွေပါ ဖြစ်ကြတဲ့အထိ တွယ်ကြတာဆိုပဲ။

အသေအကြေချကြမှာပေါ့ အဲဒီတုန်းက ဘောလုံးပွဲနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတစ်ခုမှ မရှိခဲ့ဘူးလေ။ ဒိုင်လူကြီးတို့၊ အဝါကဒ် အနီကဒ်တို့ ဆိုတာတွေ မရှိခဲ့ကြပဲ ကိုယ့်အသင်းကကန်တဲ့ အလုံးကြီး ဟိုဘက်ကကောင်တွေရဲ့ နယ်မြေထဲကို အရောက်သွင်းဖို့ပဲ။ အဲလိုသွင်းလို့ရဖို့ အသေအကြေချကြပြီး အသက်တွေပါ ပျောက်ကုန်လေ့ရှိကြလေတော့ နောက်ပိုင်း ဘုရင်ကိုယ်တော်မြတ်ကိုယ်တိုင် ဒီအလုံးကြီးတွေ လုံးဝ မကန်ရတော့လို့ ပိတ်ပင်ခဲ့ရသတဲ့။

အဲလိုနဲ့ အလုံးကန်ရင်း အသေအကြေ ဆော်ပလော်တီးကြတဲ့ပွဲတွေ ပျောက်သွားလိုက်တာ ....

၁၉ ရာစုမှာ ပြင်သစ်တွေနဲ့အပြိုင်အဆိုင် ကမ္ဘာတစ်ခွင်ပြဲပြဲစင်အောင် ကိုလိုနီနယ်ချဲ့ခဲ့ကြတဲ့ အင်္ဂလိပ်တို့ရဲ့ ဝိတိုရိယ ခေါ် Victoria ဘုရင်မကြီးရဲ့လက်ထက်၊ အင်္ဂလန်ကကျောင်းတွေမှာ ကျောင်းသားတွေ ရန်ဖြစ်ကြလွန်းလို့ အားကစားလုပ်ခိုင်းပြီး အာရုံပြောင်းစဖို့ ဘောလုံးကန်ခိုင်းခဲ့ကြသတဲ့။

အဲဒီအချိန်မှာ လူတွေဟာ လူသားပိုဆန်ပြီး တွေးတောမြှော်မြင်တတ်လာကြပြီဆိုတော့ စည်းမျဉ်း စည်းကမ်းတွေနဲ့ ကစားခိုင်းခဲ့ကြတယ်။ ဒါပေမဲ့ ကျောင်းတစ်ကျောင်းနဲ့ တစ်ကျောင်းရဲ့ ဘောလုံးပွဲ စည်းမျဉ်းတွေက မတူခဲ့ကြပါဘူးတဲ့။ ပြီးတော့ ဘောလုံးကန်တယ်ဆိုတာ ကွင်းပြင်ကျယ် တစ်ခုရယ်၊ အလုံးတစ်လုံး သို့မဟုတ် ကန်လို့၊ လှိမ့်လို့ရတဲ့ အရာတစ်ခု၊ ဂိုးတိုင်သတ်မှတ်ဖို့ ကျောက်ခဲလေးလုံးလောက်၊ ဒါတွေရှိရင် မိုးရွာရွာ နေပူပူ လွယ်လွယ်ကူကူနဲ့ ပျော်ပျော်ကြီး ကစားလို့ရတဲ့ ကစားနည်းတစ်ခုဖြစ်တာရယ်၊

ကမ္ဘာတစ်ဝှမ်း ရသမျှနိုင်ငံတွေကို လိုက်လံသိမ်းပိုက်ထားတဲ့အတွက် အင်္ဂလန်ရဲ့ ကိုလိုနီနိုင်ငံတွေမှာ တွင်တွင်ကျယ်ကျယ် ကစားလာခဲ့ကြတာကြောင့်ရယ် အင်္ဂလိပ်တို့ရဲ့ဘောလုံးကန်ကစားနည်းဟာ တဖြည်းဖြည်း ကမ္ဘာကျော်လာခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီတုန်းက နယ်တွေဒေသတွေအလိုက် ကိုယ်အဆင်ပြေသလို စည်းမျဉ်းတွေ ဖန်တီးသတ်မှတ်ပြီး ကစားခဲ့ကြရာကနေ သြစတြေလီယန် ဘောလုံးကစားနည်း ဆိုပြီးတော့လည်း ခွဲပြီးနာမည်ရှိလာပါတယ်။

၁၈၆၃ ခုနှစ် အောက်တိုဘာမှာတော့ အင်္ဂလန်မှာ FA (The Football Association) ကို Ebenezer Morley က ဦးဆောင်ပြီး စတင်တည်ထောင်ခဲ့တဲ့ပြီး သူဟာ ဒီအဖွဲ့အစည်းကြီးရဲ့ ဖခင်ကြီးလို့ အမည်တွင်လာခဲ့ပါတယ်။ သူတို့ FA အသင်းဖွဲ့ကြီးက အဖွဲ့ဝင်တွေ ဆွေးနွေးတိုင်ပင်ပြီး အခုနိုင်ငံတကာမှာ အသုံးပြုနေတဲ့ ဘောလုံး ကစားနည်းနာတွေနဲ့ စည်းမျဉ်းတွေကို တိတိကျကျချမှတ်နိုင်ခဲ့ကြပါတယ်။

ခြေကန်ဘော "Football” ကို "Soccer” လို့လည်း တွင်တွင်ကျယ်ကျယ် ခေါ်ဝေါ် အသုံးပြုကြပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီနေ့ခေတ် ကမ္ဘာတစ်ဝှမ်းမှာ တွင်တွင်ကျယ်ကျယ် ကစားနေကြတဲ့ ဘောလုံး ကစားနည်းတွေဖြစ်တဲ့ Football  နဲ့ Rugby  (လက်ရော ခြေထောက်ရော နှစ်မျိုးလုံးနဲ့ ကစားရ) ကစားနည်းတွေကတော့ ဘောအင်္ဂလန်ရဲ့ ဖန်တီးမှုတွေပါ။ကမ္ဘာ့ဖလား

ကမ္ဘာ့ဖလား ဘောလုံးပွဲတွေကို ၁၉၀၄ ခုနှစ်က ပဲရစ်မြို့မှာ ဖွဲ့စည်းတည်ထောင်ခဲ့ ကမ္ဘာ့ဘော လုံးအသင်းချုပ် FIFA (Fédération Internationale de Football Association) က ဦးစီးပြီး (၄) နှစ်တစ်ကြိမ် ကျင်းပပါတယ်။ FIFA မှာအသင်းဝင်နိုင်ငံပေါင်း ၂၁၁ နိုင်ငံရှိပါတယ်။ လေးနှစ်တစ်ကြိမ် (၃၂) နိုင်ငံပဲ ပြိုင်ပွဲဝင်ဖို့ အဆင့်ရောက်ဖို့ Qualified ဖြစ်ပါတယ်။ (မြန်မာနိုင်ငံကလည်း FIFA အသင်းဝင်ပါ။) ရုံးချုပ်ကတော့ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာ တည်ရှိပါတယ်။

တကယ်တော့ ကုလသမဂ္ဂက အသိအမှတ်ပြုထားတာကတော့ ကမ္ဘာပေါ်မှာနိုင်ငံပေါင်း ၁၉၅ နိုင်ငံပဲရှိပါတယ်။ ဘာကြောင့် FIFA မှာအသင်းဝင် ၂၁၁ နိုင်ငံဖြစ်နေတာလည်းဆိုရင်

- ဥပမာ UK ဆိုပြီးနိုင်ငံတစ်ခုတည်း အနေနဲ့သတ်မှတ်ထားတဲ့ United Kingdom ထဲမှာ England, Scotland, Wales, Northern Ireland ဆိုပြီး လေးနိုင်ငံပါပါတယ်။ အဲဒီလေးနိုင်ငံကို FIFA က သီးသန့်စီ ပါဝင်ယှဉ်ပြိုင်ခွင့် ပေးပါတယ်။ ဒါအပြင် UK နဲ့ France ကိုလိုနီနယ်မြေအဖြစ် ရှိနေသေးတဲ့ နိုင်ငံတချို့ကိုလည်း သီးသန့်စီ ပါဝင်ယှဉ်ပြိုင်ခွင့် ပေးထားပါတယ်။

- ပြီးတော့ Kosovo ဆိုရင်လည်း ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တစ်ဝက်လောက်ကပဲ လွတ်လပ်တဲ့ သီးသန့်နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ထားပေးမယ့် FIFA အတွက်ကတော့ နိုင်ငံတစ်ခုပါပဲ။ ဒါတွေကြောင့် FIFA က ၂၁၁ နိုင်ငံဖြစ်သွားရတာပါ။

အမျိုးသား ဘောလုံးသမားတွေ ကစားတဲ့ ပထမဦးဆုံး ကမ္ဘာ့ဖလားကို ၁၉၃၀ ခုနှစ်မှာ ပထမဆုံးစတင် ကျင်းပခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်နေတဲ့ အတောအတွင်း ၁၉၄၂ နဲ့ ၁၉၄၆ မှာတော့ မကျင်းပခဲ့ဖြစ်ပါဘူး။ အခု ၂၀၁၈ (ဇွန်လ ၁၄ ရက်နေ့ကနေ ဇူလိုင် ၁၅ ရက်) ရုရှားမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလားဟာ (၂၁) ကြိမ်မြောက်ပါ။ ၁၉၃၀ ခုနစ်မှာကျင်းပခဲ့တဲ့ ကမ္ဘာ့ပထမဆုံး ဘောလုံးချန်ပီယံကတော့ တောင်အမေရိကတိုက်က စပိန်စကားပြော နိုင်ငံတစ်ခုဖြစ်တဲ့ ဥရုဂွေး (Uruguay) နိုင်ငံပါ။ အိမ်ရှင်ကလည်း သူတို့ပါပဲ။ သူတို့လိုပဲ စပိန်ကိုလိုနီနိုင်ငံတစ်ခုဖြစ်ခဲ့တဲ့ အိမ်နီးချင်းနိုင်ငံ အာဂျင်တီးနား (Argentina) ကို Final မှာ လေးဂိုးနှစ်ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

၂၀၁၈အထိ ကမ္ဘာဖလားအများဆုံးကို လက်ဝယ်ပိုင်ဆိုင်ထားတဲ့ နိုင်ငံကတော့ တောင်အမေရိကတိုက်က ပေါ်တူဂီစကားပြောတဲ့ Brazil နိုင်ငံပါ။ (၅) ကြိမ်တိတိ ကမ္ဘာ့ချန်ပီယံဖြစ်ထားတာပါ။ အခုလက်ရှိ ချန်ပီယံကတော့ ၂၀၁၄ ခုနှစ်မှာ လေးခုမြောက် ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဂျာမနီပါ။

အီတလီကလည်း ကမ္ဘာဖလား လေးခုတိတိပိုင်ဆိုင်ထားပေမဲ့ အခု ၂၀၁၈ နှစ် ကမ္ဘာ့ဖလားမှာ ယှဉ်ပြိုင်ဖို့ ရုရှားအထိရောက်မလာတော့ပဲ ခြေစစ်ပွဲမှာတင် ပြုတ်ကျန်ရစ်ခဲ့ပါတယ်။

ဘောလုံးကစားနည်းတွေရဲ့ ဖခင်ကြီး အင်္ဂလန်ခမျာတော့ ပြင်သစ်တို့ စပိန်တို့လိုပဲ ဖလားတစ်ခုပဲ ရထားပါသေးတယ်။ နိုင်ငံအများစုက တစ်ခါမှနောက်ဆုံး Final အထိရောက်မလာနိုင်ခဲ့ကြပါဘူး။

အမျိုးသမီး ကမ္ဘာ့ဖလားကိုတော့ ၁၉၉၁ ခုနှစ်ကနေစပြီး ကျင်းပခဲ့ပါတယ်။ ၂၀၁၉ မှာ ရှစ်ကြိမ်မြောက်ဖြစ်မယ့် ကးအမျိုးသမီး ကမ္ဘာ့ဖလားကို ပြင်သစ်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသွားမှာပါ။

လောလောဆယ်အထိတော့ အမေရိကန် အမျိုးသမီးးဘာလုံးအသင်းက သုံးကြိမ်တိတိ ကမ္ဘာ့ဖလားကို ဆွတ်ခူးထားနိုင်ပြီ ထိပ်ဆုံးမှာရှိနေပါတယ်။ တော်သေးတယ် သူတို့တွေကြောင့် အမေရိကန် အမျိုးသား ဘောလုံးအသင်း အဖတ်နဲနဲဆယ်နိုင်သေးတယ်။ ပြင်သစ်နဲ့အင်္ဂလိပ် အမျိုးသမီးအသင်းကတော့ ဖလားမရဖူးသေးဘူး။ နော်ဝေးနဲ့ ဂျပန်က အမျိုးသားဘောအသင်းတွေကသာ ဘာမှမရသေးတာ အမျိုးသမီး အသင်းကဘကမ္ဘာ့ချန်ပီယံဖြစ်ဖူးနေကြပြီ။ ဂျာမနီကတော့ အမျိုးသားအသင်းရော အမျိုးသမီးအသင်းရော ဆရာကြီးတွေထင်ရဲ့။

နိုင်ငံအများကြီးက ကမ္ဘာ့ဖလားပွဲ အိမ်ရှင်နိုင်ငံဖြစ်ချင်ကြတယ်။ တချို့နိုင်ငံတွေကျတော့ ဖြစ်ဖို့ ငွေအင်အားမရှိကြဘူး။ "Venues” လို့ခေါ်တဲ့ ကမ္ဘာ့အဆင့်မီ ဧရာမဘောလုံးကွင်းကြီး ဆယ်ခုကျော်ဆောက်ဖို့ ဒေါ်လာသန်းပေါင်းများစွာ အကုန်ကျခံနိုင်ရမယ်။ အခု ၂၀၁၈ ကမ္ဘာ့ဖလားအတွက် ရုရှားနိုင်ငံက မြို့ကြီး (၁၁) မြို့မှာရှိတဲ့ ဘောလုံးကွင်းကြီး (၁၂) ကွင်းမှာ ကစားနေကြတာပါ။ ဒါပေမဲ့ တန်ပါတယ် ကမ္ဘာအရပ်ရပ်က ဘောလုံးဝါသနာအိုးများ အစုလိုက်အပြံုလိုက် သူတို့နိုင်ငံကိုသွားဖြုန်းကြတော့ ငွေဝင်တယ်။ ပြီးတော့ .... အိမ်ရှင်နိုင်ငံဟာ ဘယ်တော့မှာ ခြေစစ်ပွဲတွေထဲ ပါစရာမလိုဘူး။ အလိုအလျောက် Qualified ဖြစ်ပြီးသား။

ကနဦးကဆို ရန်တွေဖြစ် ဆန္ဒတွေပြ။ စိတ်တွေဆိုးပြီး လာမပြိုင်ကြတဲ့ နိုင်ငံတွေကရှိသေးတာ။ အဓိက ဥရောပတိုက်နဲ့ အမေရိကတိုက်နဲ့ ရန်ဖြစ်ကြတာ။ နောက်ပိုင်းကျ တစ်ယောက်တစ်လှည့်စီ လုပ်ကြေးဆိုပြီး သဘောတူသွားကြပြီး လေးနှစ်တစ်ကြိမ် အမေရိကားတိုက်မှာတစ်လှည့်၊ ဥရောပတိုက်မှာတစ်လှည့် လုပ်နေကြရာကနေ ၂၀၀၂ မှာအာရှကိုရောက်လာတယ်။ ဂျပန်နဲ့ တောင်ကိုရီးယား တစ်ဝက်စီ အိမ်ရှင်မျှလုပ်ကြတယ်။

အဲဒီလိုနဲ့နောက်ပိုင်းမှာတော့ မဲပေးပြီး အိမ်ရှင်နိုင်ငံရွေးကြတယ်။ (၇) နှစ် (၈) နှစ်လောက်ကြိုပြီး ရွေးထားကြတယ်။ ဒါမှ အိမ်ရှင်လုပ်မယ့် နိုင်ငံခမျာ ပြင်ဆင်ဖို့ အချိန်ရမှာကိုး။ ၂၀၂၂ ကမ္ဘာ့ဖလားကို အာရှက Qatar နိုင်ငံမှာကျင်းပသွားမှာဖြစ်ပြီး ၂၀၂၆ မှာတော့ ကနေဒါ၊ အမေရိကားနဲ့ မက္ကစီကို သုံးနိုင်ငံက ပူးတွဲအိမ်ရှင်အဖြစ် ဆောင်ရွက်သွားကြမှာပါ။ ပြင်သစ်နဲ့ နိုင်ငံတချို့ဆိုရင် နှစ်ခါစီတောင် အိမ်ရှင်ဖြစ်ဖူးထားကြပါတယ်။ အခု ၂၀၁၈ ကမ္ဘာ့ဖလားအတွက် ပထမပိုင်းပွဲတွေကြည့်ဖို့ လက်မှတ်တစ်စောင်ရဲ့အနည်းဆုံးစျေးကတော့ ယူရို ၈၉ကျပ်ဖြစ်ပြီး၊ ဖိုင်နယ်ပွဲတွေအတွက် အနည်းဆုံး လက်မှတ်စျေးကတော့ ယူရို ၃၈၄ ကျပ်ပါတဲ့။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly