မိုနာကိုလူငယ်တိုက်စစ်မှူး အန်တိုနီမာရှယ်ကို မန်ယူအသင်း ခေါ်ယူ

မိုနာကိုလူငယ်တိုက်စစ်မှူး အန်တိုနီမာရှယ်ကို မန်ယူအသင်း ခေါ်ယူ

စက်တင်ဘာ ၂၊ မန်ချက်စတာ ။        ။ မန်ယူအသင်းသည် မိုနာကိုအသင်းမှ အသက် ၁၉ နှစ်အရွယ်သာ ရှိသေးသည့် လူငယ်တိုက်စစ်မှူး အန်တိုနီမာရှယ် ကိုပြောင်းရွှေ့ကြေး ပေါင် ၃၆ သန်းဖြင့်လေးနှစ် စာချုပ် ချုပ်ဆိုကာ ခေါ်ယူလိုက်သည်။ မာရှယ်၏ ပြောင်းရွှေ့ကြေးသည် ပေါင် ၃၆ သန်းဖြစ်သော်လည်း ပေါင် ၅၈ သန်းအထိ မြင့်တက်သွားနိုင်ဖွယ်ရှိကြောင်း သတင်းများက ဖော်ပြခဲ့သည်။

မာရှယ်၏ ပြောင်းရွှေ့ကြေးသည် လူငယ်ခြေတက်ကစားသမားများထဲတွင် ကမ္ဘာ့အမြင့်ဆုံးပြောင်းရွှေ့ကြေးဖြစ်လာခဲ့သည်။ ထို့အပြင် ဒီမာရီယာနှင့် မာတာတို့ပြီးနောက် မန်ယူ၏ တတိယဈေးအကြီးဆုံး ကစားသမားလည်း ဖြစ်လာခဲ့သည်။

မာရှယ်သည် ပြီးခဲ့သည့် တနင်္လာနေ့က မန်ချက်စတာသို့ရောက်ရှိလာခဲ့ပြီး ဆေးစစ်မှုများခံယူကာ စာရွက်စာတမ်းကိစ္စရပ်အားလုံးကို အပြီးအစီးဆောင်ရွက်ခဲ့သည်။ ထို့နောက် အင်္ဂါနေ့တွင် မန်ယူအသင်း ကမာရှယ်ကို ခေါ်ယူနိုင်ပြီ ဖြစ်ကြောင်း တရားဝင်ကြေညာခဲ့သည်။

ပြင်သစ် ယူ-၂၁ လက်ရွေးစင်ကစားသမား မာရှယ်သည် မန်ယူအသင်းတွင် ကျောနံပတ် ၉ ဂျာစီကို ဝတ်ဆင်ကစားမည် ဖြစ်သည်။

'မန်ယူအသင်းနဲ့ လက်တွဲခွင့်ရလို့ အလွန်စိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော့်ရဲ့ မိုနာကို ကစားသမားဘဝက ကျေနပ်စရာကောင်းခဲ့ပါတယ်။ မိုနာကိုအသင်းနဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။

ကျွန်တော်ဟာ အမြဲပဲ ပရီးမီးယားလိဂ်မှာ ကစားချင်ခဲ့တာပါ။ ကမ္ဘာပေါ်က အကြီးကျယ်ဆုံးအသင်းတစ်သင်းကို ပြောင်းရွှေ့ခွင့်ရဖို့ဆိုတာ လူငယ်ကစားသမားတိုင်းရဲ့အိပ်မက်ပါပဲ။ ကျွန်တော့်ရဲ့ အသင်းဖော်သစ်တွေ ပြီးတော့ နည်းပြ ဗန်ဟားလ်တို့နဲ့ တွေ့ဆုံဖို့ မျှော်လင့်နေမိပါတယ်' ဟု မာရှယ်က ပြောသည်။

မာရှယ်သည် ပြီးခဲ့သည့် ၂ နှစ်က လိုင်ယွန်မှ မိုနာကိုသို့ ပေါင် ၇ သန်းဖြင့် ရောက်ရှိခဲ့သူ ဖြစ်သည်။ မိုနာကိုအသင်းတွင် ပထမရာသီ၌ ၁၅ ပွဲတွင် ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒုတိယနှစ်တွင် ပြိုင်ပွဲပေါင်းစုံ ၄၂ ပွဲ၌ ၁၁ ဂိုးသွင်းယူနိုင်ခဲ့သည်။ မာရှယ်သည် လိုင်ယွန်အသင်းတွင် ရှိစဉ်က လူငယ်ပြိုင်ပွဲများ၌ ၂၁ ပွဲတွင် ၃၂ ဂိုးအထိ သွင်းယူနိုင်ခဲ့သူ ဖြစ်သည်။

တိုက်စစ်မှူးအဖြစ်ကစားနိုင်သလို တောင်ပံကစားသမားအဖြစ်လည်း ကစားနိုင်သူ ဖြစ်သည်။ ပြင်သစ်၏ အွန်နရီလက်သစ်ဟု တင်စားခံရသူ ဖြစ်သည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly