အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ်( ၅ )

အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ်( ၅ )
ဓာတ်ပုံ - သူရ

ဘဏ္ဍာရေးဖက်ဒရယ်စနစ်ကို Richard Musgrave (1959) နှင့် Wallace Oats (1972) တို့က “ အစိုးရအဖွဲ့ အဆင့်ဆင့် တို့၏ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများနှင့်   ပြည်သူ့ဘဏ္ဍာရေးဆိုင်ရာ စနစ်တစ်ခု” ဟုလည်းကောင်း၊ Anwar Shah က “ဖက်ဒရယ်စနစ်တစ်ခုအတွင်းရှိ အစိုးရအဖွဲ့အဆင့်ဆင့်တို့၏ ပြည်သူ့ဘဏ္ဍာရေးစနစ်များ” ဟု လည်းကောင်း ရည်ညွှန်းကြသည်။ ထို့ပြင် “ဖက်ဒရယ်နိုင်ငံတစ်ခု၏ အစိုးရအဖွဲ့များအကြားအခွန်ကောက်ခံခြင်း၊ ဘဏ္ဍာငွေသုံးစွဲခြင်းနှင့် လုပ်ငန်းများကို ထိန်းချုပ်ခြင်းနှင့် အစိုးရအဖွဲ့များအကြား ဘဏ္ဍာငွေလွှဲပြောင်းခြင်းဆိုင် ရာ အစီအမံများနှင့် အလေ့အထများ” ဟုလည်းအဓိပ္ပါယ်ဖွင့်ဆိုသည်။ ဘဏ္ဍာရေးဖက်ဒရယ်စနစ်ကို အဓိပ္ပါယ် အမျိုးမျိုးဖွင့်ဆိုကြသော်လည်း သဘောတရားအားဖြင့် တူညီသည်။ ဘဏ္ဍာရေးဖက်ဒရယ်စနစ်သည် အစိုးရ အဖွဲ့များ(ပြည်ထောင်စု၊ ပြည်နယ်နှင့် ဒေသန္တရ) အကြား ဘဏ္ဍာရေးဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများကို ခွဲဝေ ကျင့်သုံးသည့်စနစ်ဟု ယေဘုယျအားဖြင့် အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါသည်။ ဘဏ္ဍာရေးဆိုင်ရာလုပ်ပိုင်ခွင့်အာဏာ များဟု ဆိုရာတွင် ပြည်သူ့အသုံးစရိတ်ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများ၊ အခွန်ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများ၊ ပြည်သူ့အသုံးစရိတ်အာဏာနှင့် အခွန်အာဏာမညီမျှမှုကြောင့် ဖြစ်ပေါ်လာသော ဘဏ္ဍာရေး မညီမျှမှုတို့ကို ကုစားပေးသည့် အစိုးရအဖွဲ့များအကြား (ပြည်ထောင်စုမှ ပြည်နယ်များသို့ သို့မဟုတ် ပြည်နယ်မှ ပြည်နယ်သို့) ဘဏ္ဍာငွေလွှဲပြောင်းခြင်း အစီအစဉ်များကို စီမံခွင့်အာဏာများ ပါဝင်ပါသည်။

ဖက်ဒရယ်နိုင်ငံများတွင် ကျင့်သုံးသော ဘဏ္ဍာရေးဖက်ဒရယ်စနစ်၏ အခြေခံအစိတ်အပိုင်း (၄) ခု မှာ

၁) အသုံးစရိတ်တာဝန်ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများ (Expenditure Responsibilities)

၂) အခွန်ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများ (Revenue-raising or taxation powers)

၃) ဘဏ္ဍာရေး မညီမျှမှုများ (Fiscal Imbalances) နှင့်

၄) အစိုးရအဖွဲ့များအကြား ဘဏ္ဍာငွေလွှဲပြောင်းမှုများ (Intergovernmental transfers) တို့ ဖြစ်သည်။

အသုံးစရိတ်တာဝန်ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများ

(Expenditure Responsibilities)

ဖက်ဒရယ်နိုင်ငံတစ်ခုတွင် အစိုးရအဖွဲ့များ (ပြည်ထောင်စု၊ ပြည်နယ်နှင့် ဒေသန္တရ) သည် မိမိတို့ အုပ်ချုပ်မှု နယ်နိမိတ်အတွင်းရှိ နိုင်ငံသားများ၏ အခြေခံလူနေမှုအဆင့်အတန်းကို ထိန်းသိမ်းရန်နှင့် လူမှုစီးပွားအခြေအနေ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်သော အခြေခံပြည်သူ့ကုန်စည်နှင့်ဝန်ဆောင်မှုများကို တာဝန်ယူဖြည့်ဆည်း ဆောင်ရွက်ပေးရသည်။ ဥပမာ - အခြေခံအဆောက်အုံများဖြစ်သော လမ်းတံတားများ ဖောက်လုပ်ခြင်း၊ စာသင်ကျောင်းနှင့် ဆေးရုံများ တည်ဆောက်ခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် လုံခြံုရေးဆိုင်ရာ အခြေခံဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းအပါအဝင် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေး အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ငွေကြေးစနစ်နှင့် စျေးကွက် တည်ငြိမ်ရေးအတွက် ထိန်းကျောင်းပေးခြင်း စသည့် လုပ်ငန်းတာဝန်များ များစွာရှိသည်။ ဖက်ဒရယ်နိုင်ငံများတွင် ယင်းအသုံးစရိတ်တာဝန်များကို အစိုးရ အဖွဲ့တစ်ခုတည်းကသာ (ဥပမာ ပြည်ထောင်စု အစိုးရကသာ)တာဝန်ယူဆောင်ရွက်ခြင်းထက် အစိုးရအဖွဲ့များ (ပြည်ထောင်စု၊ ပြည်နယ်နှင့် ဒေသန္တရ) အကြား အသုံးစရိတ်တာဝန်များကို ခွဲဝေယူကြသည်။

ပြည်ထောင်စုအစိုးရသည် အခြေခံပြည်သူ့ကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းများအတွက်အသုံးစရိတ် တာဝန် များကိုပြည်နယ်နှင့် ဒေသန္တရအစိုးရများအား ခွဲဝေပေးသင့်သည်ဟူသော ယူဆချက်သည် အကြောင်းပြချက် အချို့အပေါ်အခြေခံသည်။ ပထမတစ်ချက်မှာ အောက်ခြေအစိုးရအဖွဲ့များ (ပြည်နယ်နှင့် ဒေသန္တရအစိုးရများ) သည် ပြည်သူလူထုနှင့် ပိုနီးစပ်သဖြင့် ဒေသတွင်းကြိုက်နှစ်သက်မှုနှင့် လိုအပ်ချက်များကို ပြည်ထောင်စုအစိုးရ ထက် ပိုသိနိုင်ပြီး တုန့်ပြန်ဆောင်ရွက်ပေးမည့် အလားအလာ ပိုရှိသည်။ ပြည်နယ်များသည် ပထဝီအနေအထား၊ လူဦးရေးဖွဲ့စည်းပုံ၊ ကုန်စျေးနှုန်းနှင့် ကုန်ကျစရိတ်များ မတူကွဲပြားနိုင်သည်။ ပြည်ထောင်စုအစိုးရသည် ပြည်နယ် များအကြား မျှတမှုရှိရေးအတွက် အသုံးစရိတ်တာဝန်များကို တစ်သမတ်တည်းပုံစံဖြင့် ဆောင်ရွက်လေ့ရှိသဖြင့် တစ်ခါတစ်ရံတွင် ပြည်နယ်များ၏ အကြိုက်(သို့မဟုတ်) လိုအပ်ချက်များနှင့် ကွဲလွဲနိုင်သည်။ ထို့ကြောင့် အသုံး စရိတ်တာဝန်များ ပိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အသုံးစရိတ်ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများကို အောက်ခြေအစိုးရအဖွဲ့များအား ခွဲဝေသင့်သည်။

ဒုတိယအချက်မှာ အစိုးရအဖွဲ့များအကြား သတင်းအချက်အလက်ရရှိမှု မတူညီခြင်း ဖြစ်သည်။ အချို့သော အခြေအနေများတွင် ပြည်နယ်နှင့်   ဒေသန္တရအစိုးရတို့သည်   ပြည်ထောင်စုအစိုးရထက် ဒေသအခြေအနေကို ပိုသိကျွမ်းသဖြင့်ဒေသလိုအပ်ချက်များနှင့်အညီ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ပြည်ထောင်စုအစိုးရထက် ကုန်ကျစရိတ်သက်သာစွာနှင့် ထိရောက်စွာ ဆောင်ရွက်ပေးနိုင်သည်။ ပြည်သူ့ဝန်ဆောင်မှုအစီအစဉ်များကို အကောင်အထည်ဖော်ရာတွင် ဒေသအလိုက် ကုန်ကျစရိတ်များကို သိရှိထားမှသာလျှင် အရင်းအမြစ်လေလွင့်မှု နည်းအောင် ဆောင်ရွက်နိုင်မည်။ ပြည်နယ်အစိုးရသည် ပြည်သူလူထုနှင့် ပိုနီးစပ်ပြီး မိမိတို့၏ အုပ်ချုပ်မှုနယ်မြေ အတွင်းရှိ ပြည်သူ့ဝန်ဆောင်မှုကုန်ကျစရိတ်များကို ပြည်ထောင်စုအစိုးရထက် ပိုသိနိုင်သဖြင့် အသုံးစရိတ် တာဝန်များကို ခွဲဝေယူသင့်သည်။တတိယအချက်မှာ ပြည်နယ်များအား အသုံးစရိတ်တာဝန်ခွဲဝေပေးခြင်းအား ဖြင့် ပြည်သူ့ဝန်ဆောင်မှုအစီအစဉ်များသည် ပိုမိုကောင်းမွန်လာနိုင်ခြင်းနှင့် ကုန်ကျစရိတ်သက်သာနိုင်ခြင်း ဖြစ် သည်။ ပြည်နယ်များသည် ပြည်သူ့ဝန်ဆောင်မှု အစီအစဉ်များနှင့်စပ်လျဉ်း၍ အပြိုင်အဆိုင်ရှိလျှင် ပြည်သူ့ ဝန်ဆောင်မှု အစီအစဉ်များ ဆန်းသစ်လာနိုင်သည့် အခွင့်အလမ်းနှင့် ကုန်ကျစရိတ်သက်သာနိုင်သည့် အလား အလာ ပိုရှိနိုင်သည်။ စတုတ္ထအချက်မှာ အစိုးရ၏တာဝန်ယူ/တာဝန်ခံမှု ရှိခြင်းနှင့် သက်ဆိုင်သည်။   ပြည်နယ်နှင့် ဒေသန္တရအစိုးရတို့သည် ၎င်းတို့၏ မဲဆန္ဒရှင် ပြည်သူများနှင့် ပိုနီးသဖြင့် ၎င်းတို့၏ အသုံးစရိတ်တာဝန်များအပေါ် တာဝန်ယူ/တာဝန်ခံမှု ပိုရှိနိုင်သည်ဟု ယူဆကြသဖြင့် အသုံးစရိတ်တာဝန်များကို ပြည်နယ်နှင့် ဒေသန္တရအစိုးရ များအား ခွဲဝေသင့်သည်ဟု ဆိုကြသည်။ ပြည်နယ်အစိုးရသည် ပြည်သူနှင့်နီးစပ်သဖြင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ရန် သင့်တော်သကဲ့သို့ အခြားတစ်ဖက်တွင်လည်း ထိုနီးစပ်မှုများကြောင့် အဂတိလိုက် စားမှုအလေ့အထများ ဖြစ်ပေါ်စေနိုင်သည်ဆိုသည့် အချက်ကို အထူးသတိပြုရန် လိုသည်။

အသုံးစရိတ်တာဝန်ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများ ခွဲဝေရာတွင် အထက်ပါအချက်များအပြင် အခြားသော ပကတိအခြေအနေများကိုလည်း ထည့်သွင်းစဉ်းစားကြသည်။ ဥပမာ - ပြည်နယ်များ၏ ဖွံဖြိုးရေးအဆင့် သို့မဟုတ် စီမံအုပ်ချုပ်နိုင်စွမ်း (သို့မဟုတ်) နိုင်ငံရေးအတွေ့အကြံုများသည် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ အတွက် အသုံးစရိတ်တာဝန်များ ထမ်းဆောင်ရန် ပြည်နယ်များ၏ အဆင်သင့်ဖြစ်မှုကို ထင်ဟပ်နိုင်ပါသည်။ ပြည်နယ်များသည် ဖွံ့ဖြိုးရေးအဆင့်နိမ့်နေလျှင် သို့မဟုတ် စီမံအုပ်ချုပ်မှုစွမ်းရည်များ နည်းနေလျှင် သို့မဟုတ် ဘဏ္ဍာရေးဆုံးဖြတ်ချက်များချရန် လိုအပ်သော နိုင်ငံရေး အတွေ့အကြံုများ မရှိခဲ့လျှင် အသုံးစရိတ်တာဝန်များကို ထိရောက်စွာနှင့် ကျယ်ပြန့်စွာဆောင်ရွက်နိုင်မည် မဟုတ်ပေ။ သို့ရာတွင် ဖက်ဒရယ်စနစ်အရ အသုံးစရိတ် တာဝန်ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများကိုမဖြစ်မနေခွဲဝေသွားရန် လိုသဖြင့် ထိုစိန်ခေါ်မှုများကို ကျော်လွှားနိုင် သည့် နည်းလမ်းများကို ဖော်ထုတ်ကာ ကျင့်သုံးသွားရန် အရေးကြီးသည်။ဖက်ဒရယ်စနစ်နှင့်အညီ အသုံးစရိတ် တာဝန်များကို အစိုးရအဖွဲ့များအကြား ခွဲဝေရာတွင် တစ်နိုင်ငံလုံး၏ အကျိုးစီးပွားနှင့်ဆိုင်သော အသုံးစရိတ် တာဝန်များကို   ပြည်ထောင်စုအစိုးရအားလည်းကောင်း၊ ပြည်နယ်နှင့်သာ ပို၍သက်ဆိုင်သော အသုံးစရိတ် တာဝန်များကို ပြည်နယ်အစိုးရများအား လည်းကောင်း၊ ဒေသန္တရအစိုးရနှင့် ပိုသက်ဆိုင်သောလုပ်ပိုင်ခွင့်တာဝန် များကို ဒေသန္တရအစိုးရအားလည်းကောင်း၊ အစိုးရအဖွဲ့နှစ်ခု သို့မဟုတ် အားလုံးနှင့်ဆိုင်သော အသုံးစရိတ် တာဝန်များကို သက်ဆိုင်ရာ အစိုးရအဖွဲ့နှစ်ခု (ပြည်ထောင်စုနှင့်ပြည်နယ် သို့မဟုတ် ပြည်နယ်နှင့် ဒေသန္တရ သို့မဟုတ် အစိုးရ အဖွဲ့များအားလုံး) အား အပ်နှင်းလေ့ရှိသည်။ ထို့အပြင် အချို့သော အသုံးစရိတ်တာဝန်များသည် တစ်ကမ္ဘာလုံးနှင့် (နိုင်ငံတစ်ခုထက်မက) သက်ဆိုင်နိုင်သည်။ ဥပမာ - မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများသည် ကျယ်ပြန့်ပြီး အရင်းအမြစ်များစွာ လိုအပ်နိုင်သဖြင့်   နိုင်ငံအားလုံး၏ ပူးပေါင်းပါဝင်မှုနှင့် ချိတ်ဆက် ဆောင်ရွက်မှုတို့ ရှိလျှင် ပိုထိရောက်နိုင်သည်။ ထို့ကြောင့် အကျိုး ခံစားခွင့်နှင့်ကုန်ကျစရိတ်များကို ထည့်သွင်းစဉ်းစားပြီး ထိရောက်မှု အခြေခံမူဖြင့် အသုံးစရိတ်တာဝန်များကို အစိုးရအဖွဲ့များအား ခွဲဝေလေ့ ရှိသည်။

ပိုအရေးကြီးသည်မှာ အသုံးစရိတ်တာဝန်များနှင့် စပ်လျဉ်း၍ ဥပဒေပြုခွင့်နှင့် အကောင်အထည်ဖော်ခွင့် စသည့် လုပ်ပိုင်ခွင့် အာဏာများကို ခွဲခြားသိမြင်ရန် လိုပါသည်။ အဘယ်ကြောင့်ဆိုသော် လက်တွေ့တွင် အစိုးရအဖွဲ့များ အားအသုံးစရိတ်တာဝန်များ အပ်နှင်းရာတွင် ထိုအာဏာနှစ်ရပ်လုံးအကျုံးဝင်မှုသည် ဖက်ဒရယ်နိုင်ငံအလိုက်နှင့် အသုံးစရိတ်တာဝန် အမျိုးအစားအလိုက် ကွဲပြားမှုရှိသည်။ ဥပမာ - ဂျာမဏီနိုင်ငံတွင် ပြည်ထောင်စုအစိုးရသည် အသုံးစရိတ်တာဝန် အများစုကို ဥပဒေပြုပြီး ပြည်နယ်များက ပြည်ထောင်စုအစိုးရပြဋ္ဌာန်း လိုက်သည့် ဥပဒေ များနှင့်အညီထိုအသုံးစရိတ် တာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရသည်။ သို့သော် အမေရိကန်၊ ဆွစ်ဇာလန်နှင့်ကနေဒါနိုင်ငံတို့တွင် ပြည်နယ်များသည် ၎င်းတို့၏ သီးခြားအသုံးစရိတ် တာဝန်များကို ဥပဒေပြု ခွင့်နှင့် အကောင်အထည်ဖော်ခွင့် အာဏာ နှစ်ရပ်လုံး ရရှိကြသည်။ ဇယား (၁) အရ အသုံးစရိတ်တာဝန်အများ စု အတွက် မူဝါဒ၊စံနှုန်းများရေးဆွဲ သတ်မှတ်ခြင်းနှင့် ထိန်းကျောင်းမှုဆိုင်ရာ တာဝန်များကို ပြည်ထောင်စုအစိုးရ လက်ထဲတွင် ထားရှိပြီးအကောင်အထည်ဖော် ဆောင်ရွက်မှုကို ပြည်ထောင်စု၊ ပြည်နယ်နှင့်ဒေသန္တရအစိုးရအဖွဲ့  အားလုံး၏ လက်ထဲတွင်ထားရှိသည်။ ထို့ပြင် အသုံးစရိတ်တာဝန်အချို့အတွက် နိုင်ငံတကာနှင့် ပုဂ္ဂလိကအဖွဲ့ အစည်း များ၏ အခန်းကဏ္ဍများကိုလည်း ထည့်သွင်းထားသည်။

အချုပ်အားဖြင့်ဆိုသော် ဖက်ဒရယ်စနစ်အရ အသုံးစရိတ်တာဝန်ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများကို ပြည်နယ်နှင့်ဒေသန္တရအစိုးရများအား ခွဲဝေပေးခြင်းဖြင့် ပြည်နယ်တို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ ပီပြင် အားကောင်းလာရေးကို အထောက်အကူပြုနိုင်သည်။ တစ်ချိန်တည်းတွင် ထိုအာဏာခွဲဝေမှုများကြောင့် ပြည်နယ်များကအသုံးစရိတ် တာဝန်များကို ပုံစံနှင့် အရည်အသွေးအမျိုးမျိုးဖြင့် ဆောင်ရွက်သွားနိုင်ခြင်းကြောင့် ပြည်တွင်းစီးပွားရေးပေါင်းစည်းမှု သို့မဟုတ် ပြည်နယ်များအကြား မျှတမှုတို့ကို ထိခိုက်နိုင်သဖြင့် အစိုးရဖွဲ့များ၏   ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ စည်းဝါးညီရန် (harmonize) အရေးကြီးပါသည်။ များသောအားဖြင့် ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများ၏အခြေခံဝိသေသ များကို ပြည်ထောင်စုအစိုးရက ထိန်းညှိပြီး ပြည်နယ်များက ကျန်သော အသေးစိတ်အစီအစဉ်များကိုဆုံးဖြတ်ပိုင်ခွင့် ပေးထားသည်။အစိုးရအဖွဲ့များသည်ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်ရာတွင် တစ်ခါတစ်ရံ၌ ထပ်တူကျနိုင်ခြင်း (overlap) သို့မဟုတ် ဝန်ဆောင်မှုအစီ အစဉ်များ၏ အကျိုးသက်ရောက်မှုသည် ပြည်နယ်တစ်ခုထက်မက ရှိနိုင်ခြင်း (Spillovers) တို့ကြောင့် ပြည်ထောင်စုအစိုးရ၏ ပါဝင်ပတ်သက်မှုများ လိုလာသည်။ထို့ကြောင့် ပြည်ထောင်စု အသုံးစရိတ်အာဏာနှင့် ပြည်နယ်အသုံးစရိတ်အာဏာများကို သဟဇာတရှိစွာ ခွဲဝေကျင့်သုံးသွားရန် လိုသည်။  ။

  1. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၁ )

  2. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၂ )

  3. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၃ )

  4. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ်( ၄ )

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly