လူငယ်နဲ့ ကဗျာ ( ၂ )

ကဲ ဒီကနေ့တော့ မနေ့တုန်းက တင်ပေးခဲ့တဲ့ ကဗျာဆရာနေမျိုးရဲ့ အစ်ကို ဆိုတဲ့ကဗျာကို အနည်းငယ်ပြန်လည်ရှင်းလင်းဆွေးနွေးရင်းနဲ့ မြန်မာကဗျာအကြောင်း စကားဆက်ကြဖို့ရှိပါတယ်။

နေမျိုး ရဲ့ အစ်ကို ကဗျာဟာ သင်္ကေတွေ။ နမိတ်ပုံတွေနဲ့ ခက်ရာခက်ဆစ် ဖွဲ့ဆိုထားတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ကဗျာဖတ်သူရဲ့ရင်ကို ဒုတ်ဒုတ်ထိ တိုးဝင်ခံစားစေနိုင်ရလောက်အောင် တနည်းအားဖြင့်ပြောရရင် ကဗျာမြောက်သွားစေတဲ့ စာကြောင်းလေးတစ်ကြောင်းနဲ့ ဖေါ်ပစပ်ဆိုပြလိုက်နိုင်တာကတော့ လက်ဖျားခါလောက်ပါတယ်။ အဲဒါကတော့ ကျွန်တော့်ညီမလေးက ခြေထောက်တစ်ဖက်မသန်ဘူးဆရာမ ဆိုတဲ့ စာကြောင်းလေးပါပဲ။

အတန်းခန်းထဲမှာ မင်းကြီးရင်ဘာဖြစ်ချင်သလဲလို့မေးတဲ့ဆရာမရဲ့မေးခွန်းကို ကျောင်းသားလေးတစ်ယောက်က ထူးထူးခြားခြား ကျနော်ကြီးရင် ခြေထောက်တစ်ဖက်မသန်တဲ့လူတစ်ယောက်ဖြစ်ချင်ပါတယ် လို့ဖြေတော့ ဆရာမတွင်မက စာဖတ်သူတွေပါ အံ့သြသွားစေမှာအမှန်ပါပဲ။ အဲဒီစာကြောင်းလေးက ဆရာမနဲ့ ကဗျာဖတ်သူရဲ့အာရုံကိုဆွဲစုလိုက်တဲ့ စာကြောင်းလေးပါပဲ။ ဘာကြောင့်ဒီကလေးက အဲသလိုဖြေလိုက်တာများလည်းဆိုတဲ့ သိချင်စိတ်ကို ကဗျာဖတ်သူရင်ထဲ တစ်စမကျန်အောင် ပစ်ထည့်ပေးလိုက်တဲ့သဘောပါပဲ။

အဲ နောက်ဆုံးကျကာမှပဲ စာဖတ်သူကို တစ်ချက်ထဲငိုင်ကျသွားစေလောက်မယ့် ကျနော့်ညီမလေးက ခြေထောက်တစ်ဖက်မသန်ဘူးဆရာမ ဆိုတဲ့စာကြောင်းလေးနဲ့ ဒီကဗျာကို ကဗျာဆရာနေမျိုး ပွဲသိမ်းတော့တာပါပဲ။

လူသားရဲ့ ကိုယ်ချင်းစာနာမှုအပေါ်မူတည်ပေါက်ဖွားလာရတဲ့မေတ္တာကို ဆရာနေမျိုးက အင်မတန်လှပတဲ့ကဗျာလေးတစ်ပုဒ်နဲ့ ရေးပြလိုက်တာပါပဲ။ ( ဒီနေရာမှာ အမှတ်တရဖြစ်စေဖို့ စကားချပ်အနေနဲ့ထည့်ပြောရရင် ကျနော်ဟာ ၂၀၀၄ ခုနှစ်က လွတ်လပ်သောအာရှအသံမှာ ကဗျာအစီစဉ် စတင်အသံလွှင့်ခွင့်ရခဲ့ပါတယ်။ အဲဒီကဗျာအစီစဉ်ဟာ တပါတ်မှာတစ်ကြိမ်နဲ့ ကိုးနှစ်ကျော် ကဗျာပုဒ်ရေ ၄၀၀ ကျော် အသံလွှင့်ခဲ့တာမှာ ဆရာနေမျိုးရဲ့ အဲဒီ အစ်ကို ဆိုတဲ့ကဗျာနဲ့ ကျနော့်ရဲ့ကဗျာအစီစဉ်ကို စတင်အသံလွှင့်ခဲ့တာပါ။)

ကဲ ဒါကတော့ လူငယ်တွေ ကဗျာနဲ့ပတ်သက်ပြီး စိတ်ဝင်စားမှုပိုရှိလာစေဖို့ ပိုပြီး ရင်းနီးလာစေဖို့ အဖွင့်သဘော ဆရာနေမျိုးကဗျာကို တင်ပေးလိုက်တာပါပဲ။

တကယ်တော့ ကဗျာရယ်လို့မဟုတ်ပါဘူး။ ဘယ်အနုပညာမဆို လူတွေခံစားဖို့ ဖန်တီးကြတာဖြစ်ပါတယ်။ အဲဒီအထဲမှာမှ ကဗျာက အညွန့်အဖူးသဘောဆောင်တဲ့အနုပညာတစ်ခုဖြစ်တာမို့ ကဗျာကို တကယ်လေ့လာမယ် ကဗျာနဲ့ ပိုပြီးနီးနီးကပ်ကပ်ရှိချင်တယ် နောက်ဆုံး ကိုယ်ကိုယ်တိုင် ကဗျာချရေးချင်တယ်ဆိုရင် မြန်မာကဗျာရေစီးကြောင်းကို တစ်စုံတရာ သိထားထိထားမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ ဒီတော့မြန်မာကဗျာရေစီးကြောင်း ဒါမှမဟုတ် သမိုင်းကို အကြမ်းပျဉ်းလောက်တော့ သိထားရင်ကောင်းမယ်လို့ ယူဆလို့ မြန်မာကဗျာအစကို ခဏတော့ပြန်သွားကြည့်ကြရစေချင်ပါတယ်။

မြန်မာကဗျာကို ပုဂံခေတ် ခေတ်ဦးပိုင်းမှာ ကျောက်စာတွေကတဆင့် စတင်တွေ့ရှိလာရပါတယ်။ ပုဂံခေတ် ကျောက်စာတွေမှာ ကာရံပါတဲ့စကားပြေတချို့ဟာ မြန်မာကဗျာရဲ့အစလို့ပဲပြောလို့ရပါတယ်။ နောက်ထပ် မှတ်သားမိတဲ့အချက်က လူတွေ အလွတ်ရွတ်ဆို ကျက်မှတ်သယ်ဆောင်လာခဲ့တဲ့ နည်းနဲ့လည်း မြန်မာကဗျာရဲ့ အစကို တွေ့ရှိခဲ့ကြရပါတယ်။ ရေးဖွဲ့သူဘယ်သူလည်းဆိုတာ မသိနိုင်ကြပေမယ့် မြန်မာကဗျာရဲ့ ကနဦး အစကဗျာတွေအဖြစ် အင်မတန်တန်ဘိုးထားကြရတဲ့ကဗျာတွေပါပဲ။ ဥပမာ သိုးကလေ အစချိီ ပုပ္ပါးတောင်ကိုဖွဲ့တဲ့ ကဗျာ၊ မြကန်သာ ချီ မြကန်ဘွဲ့ကဗျာတွေ ကျောက်စာကတဆင့်သိရတဲ့ ကဗျာတွေမဟုတ်ဘဲ လူတွေနှုတ်တိုက်ရွတ်ဆို ကျက်မှတ်သယ်ဆောင်လာရင်းက သိရတဲ့မြန်မာ ကဗျာကနဦးအစ ကဗျာတွေပါပဲ။

ပုံဂံခေတ်ကျောက်စာတချို့မှာ အလှူအတန်းလုပ်မှုကိုကျောက်စာထိုးပြီး ကဗ္ဗည်းတင်ကြရာမှာ စကားပြေတချို့က ကာရံချိတ်ဆက်ထားတဲ့ စကားပြေတွေဖြစ်နေတာတွေ့ကြရပါတယ်။ ဥပမာ လှည်းထောက်ဘုရားကျောက်စာမှာ .. မင်းမျိုးအဆက်၊ မပျက်တည်ကြည်၊ ည်းစိမ်ရှည်သည် ဖြစ်စေသော… ဆိုတဲ့ စကားပြေဟာ ကာရံအချိတ်အဆက်နဲ့ ရေးတဲ့ ကဗျာသဘော သက်ဝင်နေတာတွေ့ကြရပါတယ်။ ဒါကြောင့်မို့ မြန်မာကဗျာအစ ပုဂံခေတ်ကလို့ ပြောရမှာပါပဲ။

ကဲ ဒီကနေ့တော့ မြန်မာကဗျာအစ ပုဂံခေတ်ကဖြစ်တယ်ဆိုတာ နိဒါန်းပျိုးလိုက်ပါတယ်။ နောက်တနေ့ဆက်ကြသေးတာပေါ့။

လူငယ်များ ကဗျာလင်္ကာများနဲ့ ပျော်မွေ့ပြီး ဘဝနဲ့လောကအကြောင်း ပိုမိုလေ့လာခံစားခွင့် ရနိုင်ကြပါစေ။

  1. လူငယ်နဲ့ ကဗျာ ( ၁ )

Mizzima Weekly