ပရဟိတလိုင်စင်မဲ့ကားများကို မဖမ်းသေးဘဲ ဆွေးနွေးနေဆဲသာဖြစ်ဟု မန်းတိုင်းဝန်ကြီးချုပ်ဆို

ပရဟိတလိုင်စင်မဲ့ကားများကို မဖမ်းသေးဘဲ ဆွေးနွေးနေဆဲသာဖြစ်ဟု မန်းတိုင်းဝန်ကြီးချုပ်ဆို

မန္တလေး၊ ဇွန် ၂၉ ။           ။ ပရဟိတလုပ်ငန်းဆောင်ရွက်နေသည့် လိုင်စင်မဲ့ကားများကို ဖမ်းဆီးအရေးမယူသေးဘဲ တိုင်ပင်ဆွေးနွေးနေဆဲသာ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုတိယ ဥက္ကဋ္ဌ (၂)၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

"လာမည့် ဇူလိုင်လမှစ၍ ပရဟိတ လူမှုကူညီရေးဆောင်ရွက်နေသည့် လိုင်စင်မဲ့ကားများကို ဖမ်းဆီး အရေးယူမည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ စာထုတ်ထားသော်လည်း ဖမ်းဆီးအရေးယူမှုတွေ မပြုလုပ်သေးဘဲ တိုင်ပင်နေဆဲသာဖြစ်တယ်” ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

ဆက်လက်၍ ဒေါက်တာဇော်မြင့်မောင်က" ကားတွေနဲ့ပတ်သက်လို့ ၂၀၁၄ ကတည်းက မှတ်ပုံတင်ပြီးသွားပြီ။ ကျွန်တော်တို့ သာရေး၊နာရေး လူမှုရေး ပရဟိတအသင်းတွေမှာ ကားတွေလိုအပ်တယ်ဆိုတာ ကျွန်တော်တို့ သိတယ်။ မှတ်ပုံတင်ပေးပြီးပြီ။ ဒါပေမယ့် နောက်ပိုင်းမှာ ဘာဖြစ်လာလဲဆိုတော့ သစ်ခိုးထုတ်တယ်။တရားမဝင် ပစ္စည်းတွေတင်တာ ဘယ်ကားတွေဖြစ်နေလဲဆိုတော့ ဒီကားတွေဖြစ်နေတယ်။ အကယ်၍ ဒီထက်ပိုပြီး အရေးကြီးတဲ့ ပစ္စည်းတွေဆို ဘယ်လိုလုပ်မလဲ” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် လိုင်စင်မဲ့ကားများကို ဖမ်းဆီးမည်ဆိုသောကြောင့် စစ်ကိုင်းဘက်မှ  ပရဟိတအသင်း ၃၀၀ ကျော်ခန့်က ပိတ်သိမ်းခဲ့ကြောင်း ဖေ့ဘွတ်ခ်တွင် သတင်းများ ထွက်ပေါ်နေသည်ကို တွေ့ရှိရသည်။

အဆိုပါ လိုင်စင်မဲ့ကားများကို ဖမ်းဆီးသည်မှာ ပရဟိတအသင်းများကို ပိတ်သိမ်းရမည့် ရည်ရွယ်ချက်မဟုတ်ကြောင်း ၀န်ကြီးချုပ်က ပြောကြားခဲ့သေးသည်။

“ ဒီသာရေး၊နာရေးအသင်း ပရဟိတတွေနဲ့ပတ်သက်လို့ ကားတွေနဲ့ပတ်သက်လို့ရှိရင်လည်း ဝစ်သောက်ဆိုတာ ကို ခွင့်ပြုလို့ရမလား။ကျွန်တော်တို့ အခု လူဝစ်သောက်တွေ ဖမ်းနေတယ်။ မှတ်ပုံတင်မရှိဘဲနဲ့ အခြားကနေ ခိုးဝင်လာတာ အများကြီးပါ တွေ့မှာပါ။ ဒီကားတွေကိုလည်း စနစ်တကျ ဖြစ်စေချင်တယ်။ ကျွန်တော်တို့ ဒီလိုလုပ်တဲ့ ရည်ရွယ်ချက်က ပရဟိတအသင်းတွေ အလုပ်မလုပ်ရအောင်ဆိုတဲ့ ရည်ရွယ်ချက် ရှိလဲမရှိဘူး။ လုပ်လည် းမလုပ်သေးဘူး။ ဝစ်သောက်ကားတွေက ထိန်းရသိမ်းရခက်တယ်။ ဖိုးသယ်တယ် ကိစ္စမရှိဘူး။ သစ်သယ်တယ် ၊ ကိစ္စမရှိသေးဘူး။ ဒါပေမယ့် တစ်ခြားဟာတွေသယ်လာရင် နိုင်ငံတော်လုံခြံုရေးနဲ့ ပတ်သက်တာ သယ်လာရင် ဘယ်နှယ့်လုပ်တော့မလဲ။ ကျွန်တော်တို့ ဝစ်သောက်မရှိမှဖြစ်မှာ။ ဘာမှန်းမသိဘဲ၊ ဘယ်လိုက်ရမှန်း မသိဘူး ဖြစ်နေတယ်။ အဲဒီတော့ ဒါလည်း ဥပဒေအရ လုပ်တာ ဖြစ်ပါတယ်။ ပရဟိတအသင်းတွေ နစ်နာလိုစိတ် မရှိဘူး။ လုပ်လည်း မလုပ်သေးဘူး။"ဟု ပြောသည်။

ပရဟိတအသင်းများကို နစ်နာလိုစိတ်မရှိဘဲ လက်ရှိတွင် မန်းတိုင်းအစိုးရအနေဖြင့် တိုင်ပင်ဆွေးနွေးနေဆဲသာ ဖြစ်ကြောင်း ယမန်နေ့က ပြုလုပ်သော တိုင်းဒေသကြီးအစိုးရအဖွဲ့ သက်တမ်း ၂ နှစ်အတွင်း တိုးတက်ပြောင်းလဲမှုများသတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly