အခြားသော ဘဝရည်မှန်းချက်တစ်ခု ပြည့်ဝခဲ့ခြင်းဟု ဒီစီယူနိုက်တက်ကစားသမားသစ် ရွန်နီဆို

အခြားသော ဘဝရည်မှန်းချက်တစ်ခု ပြည့်ဝခဲ့ခြင်းဟု ဒီစီယူနိုက်တက်ကစားသမားသစ် ရွန်နီဆို

ဇွန် ၂၉၊ ဝါရှင်တန်။            ။ အမေရိကန် မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်း၏ ကစားသမားသစ်ဖြစ်လာသည့် ဝိန်းရွန်နီက ၎င်း၏ အခြားသော ဘဝရည်မှန်းချက်တစ်ခု   ပြည့်ဝခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုလိုက်သည်။

အသက် ၃၂ နှစ်အရွယ် ရွန်နီသည် အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းထံမှ ပေါင် ၁၂ ဒသမ ၅ သန်းတန် သုံးနှစ်ခွဲ စာချုပ်ဖြင့် ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၁၄ တွင်ကစားမည့် ဗန်ကူဗာ ဝှိုက်ကတ်နှင့်ပွဲတွင် ဒီစီအသင်းနှင့် စတင်ပွဲထွက်ဖွယ်ရှိနေသည်။

အပြောင်းအရွှေ့အတွက် ပြောင်းရွှေ့ကြေးမရှိသော်လည်း အဲဗာတန်တွင် တစ်ပတ်ပေါင် ၁၄၀, ၀၀၀ ရနေသည့် ရွန်နီ၏ လက်ကျန်တစ်နှစ်စာချုပ်သက်တမ်းအတွက် သဘောတူညီမှုတစ်ခု ရခဲ့သည်ဟု ယူဆရဖွယ်ရှိသည်။

ရွန်နီက “သိပ်မကြာခင် ကွင်းသစ်ဖွင့်ပွဲလုပ်တော့မယ့် ဒီစီယူနိုက်တက်အသင်းရဲ့စိတ်လှုပ်ရှားစရာ အချိန်ကာလမှာ အခုလို ပူးပေါင်းခွင့်ရခဲ့တာ ဝမ်းသာပါတယ်။

အမေရိကကိုပြောင်းရွှေ့ပြီး မေဂျာလိဂ်အသင်းတစ်သင်းမှာကစားရတာ ကျွန်တော့်အတွက်တော့ နောက်ထပ် ဘဝရည်မှန်းချက် တစ်ခု ပြည့်ဝလာခဲ့တာဖြစ်ပါတယ်။

ဒီနေရာမှာ ကြီးကြီးမားမားအောင်မြင်မှုရချင်ပြီး ကျွန်တော်ကစားခဲ့တဲ့အရင်အသင်းတွေမှာတုန်းကလိုပဲ ဒီစီအတွက် ရာနှုန်းပြည့် ပေးဆပ်သွားမယ်”ဟု ပြောသည်။

ကြာသပတေးညတွင် ဝါရှင်တန်လေဆိပ်သို့ ရောက်ရှိလာသည့် ဝိန်းရွန်နီကို ပရိသတ် ရာဂဏန်းခန့် လာရောက်ကြိုဆို နှုတ်ဆက်ခဲ့ကြသည်။

အင်္ဂလန်နှင့် မန်ယူနိုက်တက်ကစားသမားဟောင်းရွန်နီသည် ဒီစီယူနိုက်တက်တွင် ကျောနံပါတ် ၉ ဝတ်ဆင်မည်ဖြစ်သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly