ဆယ်စုနှစ်ရဲ့အကြီးကျယ်ဆုံးပွဲကို နွှဲရတော့မယ်လို့ အင်္ဂလန်နည်းပြဆောက်ဂိတ်ပြော

ဆယ်စုနှစ်ရဲ့အကြီးကျယ်ဆုံးပွဲကို နွှဲရတော့မယ်လို့ အင်္ဂလန်နည်းပြဆောက်ဂိတ်ပြော

 

ဇွန် ၂၉၊ မော်စကို။        ။ အင်္ဂလန်အသင်းအနေနဲ့ ကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက်အဆင့်မှာ ဆယ်စုနှစ်ရဲ့ အကြီးကျယ်ဆုံးပွဲတစ်ပွဲကို နွှဲရတော့မယ်လို့ နည်းပြဆောက်ဂိတ်က ပြောဆိုလိုက်ပါတယ်။

အင်္ဂလန်အသင်းဟာ ဇွန် ၂၈ ရက်နေ့က ကစားခဲ့တဲ့ပွဲစဉ်မှာ ဘယ်လ်ဂျီယံအသင်းကို တစ်ဂိုး၊ ဂိုးမရှိနဲ့ရှုံးနိမ့်ပြီး အုပ်စု G ရဲ့ ဒုတိယ နေရာရခဲ့ပြီးနောက် ဆောက်ဂိတ်က အခုလို ပြောဆိုခဲ့တာပါ။

အင်္ဂလန်အသင်းအနေနဲ့ ၁၆ သင်းရှုံးထွက်အဆင့်မှာ အုပ်စု H ရဲ့ အုပ်စုဗိုလ် ကိုလံဘီယာအသင်းနဲ့ ကစားရမှာဖြစ်ပြီး ဘရာဇီး၊ ပေါ်တူဂီ၊ အာဂျင်တီးနားစတဲ့အသင်းတွေနဲ့ တွေ့ဆုံနိုင်ချေရှိမှုကိုတော့ ရှောင်လွှဲနိုင်ခဲ့ပါတယ်။

ဘယ်လ်ဂျီယံနဲ့ပွဲမှာ ကစားသမား ၈ ယောက်အပြောင်းအလဲပြုလုပ်ထားတဲ့ အင်္ဂလန်အသင်းရဲ့ ခြေစွမ်းပိုင်း အားနည်းခဲ့ရတာနဲ့ ပတ်သက်ပြီး ဆောက်ဂိတ်က “ရှုံးသွားလို့ မပျော်ပါဘူး။ ဒါပေမဲ့ ဒီညမှာ ကျွန်တော်တို့ ဦးတည်ချက်နှစ်ခုရှိခဲ့တယ်။

ရှုံးထွက်ပွဲကတော့ ကျွန်တော်တို့အတွက် ဆယ်စုနှစ်ရဲ့အကြီးကျယ်ဆုံးပွဲပဲ” လို့ ပြောဆိုခဲ့ပါတယ်။

အင်္ဂလန်အသင်းအနေနဲ့ ရှုံးထွက်အဆင့်မှာ ကိုလံဘီယာကိုအနိုင်ရခဲ့ရင် ကွာတားအဆင့်မှာ ဆွစ်ဇာလန် သို့မဟုတ် ဆွီဒင် အသင်းနဲ့ ဆက်လက်ရင်ဆိုင်ရမှာပါ။

ဇွန် ၂၈ ရက်က ကစားခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဉ်တွေမှာ အုပ်စု H မှာ ပိုလန်က ဂျပန်ကို တစ်ဂိုး၊ ဂိုးမရှိ။ ကိုလံဘီယာက ဆီနီဂေါကို တစ်ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရပြီး ရှုံးထွက်အဆင့်ကို ကိုလံဘီယာနဲ့ ဂျပန်တို့ တက်ရောက်နိုင်ခဲ့ပါတယ်။

အုပ်စု G မှာတော့ ဘယ်လ်ဂျီယံက အင်္ဂလန်ကို တစ်ဂိုး၊ ဂိုးမရှိ။ တူနီးရှားက ပနားမားကို နှစ်ဂိုး၊ တစ်ဂိုးနဲ့ အနိုင်ရခဲ့ပြီး ရှုံးထွက် အဆင့်ကို ဘယ်လ်ဂျီယံနဲ့ အင်္ဂလန်တို့ တက်ရောက်ခဲ့ကြပါတယ်။

ရှုံးထွက်အဆင့်မှာ ဂျပန်နဲ့ ဘယ်လ်ဂျီယံ၊ ကိုလံဘီယာနဲ့ အင်္ဂလန်တို့ ရင်ဆိုင်ကစားကြရမှာဖြစ်ပါတယ်။

Ref; Mirror

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly