တပ်မတော်အနေဖြင့် တိုင်းရင်းသားများကို သတ်ဖြတ်ခြင်းမရှိဟု တပ်ချုပ်ဆို

တပ်မတော်အနေဖြင့် တိုင်းရင်းသားများကို သတ်ဖြတ်ခြင်းမရှိဟု တပ်ချုပ်ဆို

ရန်ကုန် ၊ ဇွန် ၂၉ ။             ။ တပ်မတော်အနေဖြင့် တိုင်းရင်းသားများကို အနိုင်ကျင့် သတ်ဖြတ်မှုမရှိဘဲ ကာကွယ်စောင့်ရှောက်နေခြင်းသာ ဖြစ်သည်ဟု ယမန်နေ့ ဇွန်လ ၂၈ ရက်နေ့က နေပြည်တော်၌ သတင်းမီဒီယာကောင်စီအဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ်မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

 “မိမိတို့အနေဖြင့်တိုင်းရင်းသားများ အားအနိုင်ကျင့်သတ်ဖြတ်မှုမရှိဘဲ ပြည်သူများအားလက်နက်ကိုင်၍အနိုင်ကျင့် ခြိမ်းခြောက်နေသူများကိုသာ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း” ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့သည်ဟု သူ့၏ Facebook စာမျက်နှာတွင်ရေးသားခဲ့သည်။

“မိမိတို့တပ်မတော်သည် တိုင်းရင်းသားများအပေါ် ဖိနှိပ်မှုများရှိသည်ဟုအထင်အမြင်လွှဲ မှားမှုများရှိကြောင်း၊ မိမိတို့ အနေဖြင့် တိုင်းရင်းသားများကိုကာကွယ်စောင့်ရှောက်ပေးနေခြင်းသာဖြစ်ကြောင်း” ၄င်းက ပြောကြားခဲ့သည်။

တပ်မတော်အနေဖြင့်  ပြည်သူများ ရွေးချယ်တင်မြှောက်ထားသည့်အစိုးရ၏လုပ်ဆောင်ချက်များအောင်မြင်စေရန် တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူ့ဘဝလုံခြုံရေးများတွင် ၀ုိင်းဝန်းကူညီ ဆောင်ရွက်ပေးလျက် ရှိနေသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။

သို့သော်လည်း “တိုင်းပြည်နှင့်ပြည်သူကိုထိခိုက်လာလျှင်၊ အုပ်ချုပ်မှုပိုင်းကို ထိခိုက်လာလျှင် ကာကွယ်ရမည် ဖြစ်ကြောင်း” ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

တပ်မတော်နှင့် သတင်းမီဒီယာကောင်စီတွေ့ဆုံပွဲကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကာကွယ်ရေးဦးစီးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်နှင့် တပ်မတော်အရာရှိကြီးများတက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ ဒုတိယဥက္ကဋ္ဌ(၁) ဦးအုန်းကြိုင်၊ ဒုဥက္ကဋ္ဌ(၂) ဒေါက်တာ မျိုးသန့်တင်၊ အတွင်းရေးမှူး ဦးသီဟစော နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required