မြန်မာနိုင်ငံသတင်းစာဆရာအသင်း(မကွေးတိုင်း)ညီလာခံ ဇူလိုင်လ ၄ရက်နေ့တွင် ကျင်းပမည်

မြန်မာနိုင်ငံသတင်းစာဆရာအသင်း(မကွေးတိုင်း)ညီလာခံ ဇူလိုင်လ ၄ရက်နေ့တွင် ကျင်းပမည်

 

မကွေး ဇွန် ၂၉ ။          ။ မြန်မာနိုင်ငံသတင်းစာဆရာအသင်း(မကွေးတိုင်းဒေသကြီး)၏ သင်းလုံးကျွတ်ညီလာခံကို ဇူလိုင်လ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်၌ မကွေးမြို့၊မြို့မစျေးအပေါ်ထပ်ရှိ အသင်းရုံး၌ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါညီလာခံ၌ အမှုဆောင်သစ် များ ပြန်လည်ရွေးချယ်သွားမည်ဖြစ်ကြောင်း အသင်းတာဝန်ရှိသူထံမှ သိရသည်။

အသင်း၏ တတိယမြောက်သက်တမ်းအတွက် အလုပ်အမှုဆောင်များပြန်လည်ရွေးချယ်မည်ဖြစ်သဖြင့် အသင်းဝင်များထဲမှ အရွေးချယ်ခံရန်ဆန္ဒရှိပါက ညီလာခံကျင်းပမည့်နေ့ နံနက်(၉)နာရီအချိန်နောက်ဆုံးထား၍ အသင်းဥက္ကဋ္ဌထံ စာရင်း ပေးသွင်းရမည်ဖြစ်သည်။

"အလုပ်အမှုဆောင်တွေကို လျှို့ဝှက်မဲစနစ်နဲ့ ဆန္ဒမဲပေးရွေးချယ်ရမှာဖြစ်ပါတယ်။ ကြီးကြပ်ရေးကော်မရှင်အဖွဲ့ တစ်ခုကိုလည်း ဖွဲ့စည်းထားပြီးပါပြီ။ မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ဗဟို)က တစ်ဦး ၊ မကွေးတိုင်း ဥပဒေပညာရှင်များထဲက ဖိတ်ကြားထားသူတစ်ဦး နဲ့ အသင်းရဲ့မိတ်ဖက်အဖွဲ့အစည်းတွေထဲက တစ်ဦး စုစုပေါင်းသုံးဦးက ကြီးကြပ်ရွေးချယ်ပေးသွားမှာပါ ” ဟု အသင်းဥက္ကဋ္ဌ နေခြည်(မကွေး) က ပြောသည်။

အသင်း၏ ဒုတိယမြောက်သက်တမ်းတွင် အသင်းရုံးခန်းနေရာရရှိရေး ဆောင်ရွက်ခြင်း ၊ အသင်းဝင်ကတ်များ ထုတ်ပေးခြင်း ၊ ကျန်းမာရေးချို့တဲ့မှုနှင့်သေဆုံးမှုများအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်း ၊ အသင်းမှဦးဆောင်၍ စာပေဟော ပြောပွဲများ ကျင်းပခြင်း ၊ မီဒီယာနည်းလမ်းဖြင့် အများပြည်သူ အကျိုးစီးပွားများဖော်ဆောင်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်၏ ကူညီမှု ၊ မကွေးတိုင်းအစိုးရအဖွဲ့၏ အသိအမှတ်ပြု၊ထောက်ပံ့မှုတို့ဖြင့် အသင်းပိုင်မြေနေရာရရှိရေး လုပ်ဆောင်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊ မကွေးတိုင်းအတွင်းရေးမှူး လူဦးဇင်(မကွေး) ထံမှ သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly