မန္တလေးတိုင်းအတွင်း အသိမ်းဆည်းခံ လယ်မြေ ၉ ထောင်ကျော်အား နှစ်မကုန်မီ ပြန်ပေးနိုင်ရန် ဆောင်ရွက်နေ

မန္တလေးတိုင်းအတွင်း အသိမ်းဆည်းခံ လယ်မြေ ၉ ထောင်ကျော်အား နှစ်မကုန်မီ ပြန်ပေးနိုင်ရန် ဆောင်ရွက်နေ

 

မန္တလေး၊ ဇွန် ၂၉ ။                                 ။ မန္တလေးတိုင်းဒေသကြီးအတွင်းတွင် အကြောင်းအမျိုးမျိုးဖြင့် သိမ်းဆည်းခံခဲ့ရသော လယ်ယာမြေ ၉ ထောင်ကျော်ကို ယခုနှစ်မကုန်မီ   ပြန်လည်ပေးအပ်နိုင်အောင် ဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကပြောကြားသည်။

ဇွန်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ သက်တမ်း ၂ နှစ်အတွင်း တိုးတက်ပြောင်းလဲမှုများသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့အစိုးရက ဒုသမ္မတဦးစီိးပြီးပြန်ပေးဖို့လုပ်နေတာရှိပါတယ်။ ကျန်နေတာတွေရှိပါတယ်။ ပေးမှာပါ မပေးလို့မရပါဘူး။ တစ်ခုရှိတာက ပြန်ပေးမယ့်မြေတွေကို ကုမ္ပဏီတွေက သီးစားချပေးခွင့်မရှိပဲ ပေးခဲ့တာတွေရှိတယ်။ ကျူးတဲ့ဟာတွေရှိနေတော့ အဲ့တော့ အောက်ခြေမှာက ဘယ်လိုမှ ဖြေရှင်းလို့မရဘူး"ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကပြောသည်။

ဒီမိုကရေစီအစိုးရတက်လာချိန်တွင် ပြန်လည်ပေးအပ်ရန် စီစစ်မှုများပြုလုပ်ပြီးစီးသည့် လယ်ယာမြေဧကပေါင်း ၉၃၇၉ ကို ယခုနှစ် ဒီဇင်ဘာလ မကုန်မီ ပေးနိုင်အောင်ဆောင်ရွက်သွားမည်ဟု သိရသည်။

ပြန်လည်ပေးအပ်နိုင်ရေးဆောင်ရွက်ရာတွင် ပိုင်ရေးဆိုင်ခွင့်ရှိသူများထံ ပြန်လည်ပေးအပ်နိုင်ရေးအတွက် သေချာသည့် စီစစ်မှုများပြုလုပ်နေရပြီး မူလမြေပိုင်ရှင်များကို မဖြစ်မနေပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly