သူ့သက်တမ်းမှာ ငြိမ်းချမ်းရေးရဖို့ အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ သမ္မတ ကတိပေး

သူ့သက်တမ်းမှာ ငြိမ်းချမ်းရေးရဖို့ အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ သမ္မတ ကတိပေး

ရန်ကုန်၊ စက်တင်ဘာ ၂ ။          ။ တိုင်းပြည် ခေတ်နောက်ကျကျန်ခဲ့ရသည့် အကြောင်းအချက်များတွင် လက်နက်ကိုင် ပဋိပက္ခများသည်လည်း အကြောင်းအရာ တစ်ရပ်အဖြစ်ပါဝင်သည်ဟု သမ္မတ ဦးသိန်းစိန်က ပြောဆိုလိုက်ပြီး တိုင်းပြည်ငြိမ်းချမ်းရေးရရန် အစွမ်းကုန် ကြိုးပမ်းသွားမည်ဟု စက်တင်ဘာ ၂ ရက် ရေဒီယို မိန့်ခွန်းမှတစ်ဆင့် ကတိပေးလိုက်သည်။

"တိုင်းပြည်ရဲ့  အနာဂတ်အတွက် တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်ကို ကျွန်တော် တာဝန်ယူတဲ့ ကာလအတွင်းမှာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက် သွားမှာဖြစ်ကြောင်းလည်း ကတိပြုပြောကြားအပ်ပါတယ်" ဟု သမ္မတ ဦးသိန်းစိန်က ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို အမြန်ဆုံး လက်မှတ်ထိုးရန် သမ္မတက လိုလားလျက်ရှိနေပြီး နိုင်ငံရေး ဆွေးနွေးပွဲများ စတင်နိုင်ရန်လည်း သမ္မတက တိုက်တွန်းထားသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတို့ သြဂုတ်လ ၇ ရက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်မူကြမ်းကို ပြုစုပြီးစီးပြီးဖြစ်သည်။ ထို စာချုပ်သည် အာမခံချက် ခိုင်ခိုင်မာမာရှိသည့် စာချုပ်ဟုလည်း သမ္မတက ယုံကြည်လျက်ရှိသည်။

"တိုင်းရင်းသားများ အစဉ်တစိုက်တောင်းဆိုခဲ့တဲ့ လိုလားချက်များနဲ့ နိုင်ငံရေး ဆွေးနွေးပွဲများအတွက် အာမခံချက်များ၊ အစီအမံများကို ဒီစာချုပ်က ခိုင်ခိုင်မာမာ ထည့်သွင်း ရေးဆွဲထားတာ ဖြစ်ပါတယ်" ဟု သမ္မတက အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းနှင့် ပတ်သက်၍ ပြောသည်။

သို့သော် အဆိုပါ စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးမည့် တိုင်းရင်းသားလက်နက်ကို အဖွဲ့အစည်းများနှင့် ပတ်သက်၍မူ အစိုးရနှင့် တိုင်းရင်းသားတို့ ငြိနှိုင်းမရသေးဘဲဖြစ်နေသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက လက်နက်ကိုင်များအားလုံး စာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးရန် လိုလားလျက်ရှိနေပြီး အစိုးရမူ ရခိုင့်တပ်မတော်၊ ကိုးကန့်တပ်ဖွဲ့ကဲ့သို့သော လက်နက်ကိုင် တပ်ဖွဲ့များမပါဝင်ရန် လိုလားလျက်ရှိသည်။

စက်တင်ဘာ ၂ ရက် သမ္မတ မိန့်ခွန်းတွင်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဟုသာ ညွှန်းဆိုထားပြီး စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးရန် တိုက်တွန်းထားသည်။ "အမြန်ဆုံး လက်မှတ်ရေးထိုးကြဖို့လည်း ဒီနေရာကနေ တစ်ပါတည်း ထပ်မံဖိတ်ခေါ်အပ်ပါတယ်" ဟု သမ္မတက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly