လူငယ်နဲ့ ကဗျာ ( ၁ )

အမှန်မတော့ ဒီကနေ့မှာ စကားပြေအရေးအသားကိစ္စ ဆက်လက်ဆွေးနွေးဖို့ပါပဲ။ ဒါပေမယ့် စကားပြေအကြောင်း ဆွေးနွေးရတဲ့ကိစ္စက အကြောင်းအရာအားဖြင့် လေးပင်လွန်းတယ်လို့ ယူဆမိလို့ စကားပြေအကြောင်းဆွေးနွေးရင်းကပဲ တခြားအကြောင်းအရာတွေကိုလည်း ကြားညှပ်ပြီးဆွေးနွေခဲ့တာ အားလုံးအသိပါပဲ။ ဒီကနေ့လည်း လူငယ်တွေ စိတ်အညောင်းပြေရအောင် လူငယ်တိုင်း စိတ်ဝင်စားမယ်ထင်ရတဲ့ ကဗျာအကြောင်း ကဗျာရဲ့အခြေခံအကြောင်းအရာတချို့ ဆွေးနွေးသွားချင်ပါတယ်။ နောက်နေ့တွေကြရင်တော့ စကားပြေအကြောင်းအရာဘက် ပြန်လှည့်ကြတာပေါ့။

လူငယ်တွေဟာ လူတစ်ယောက်ရဲ့ဘဝသက်တမ်းတလျောက်မှာ ကဗျာကို စိတ်ဝင်စားမှုအရှိဆုံးအရွယ်ဖြစ်တယ်လို့ ယေဘုယျအားဖြင့် ယူဆလို့ရပါတယ်။ ဒါ ဘာ့ကြောင့်ဒီိလိုဖြစ်ရတာလည်း။ စဉ်းစားကြည့်ရင် စိတ်ဝင်စားဖို့ကောင်းတာ တွေ့ရမှာပါ။

ကဗျာဆိုတာ ရင်ခုန်သံကို ကဗျာနဲ့ချရေးတာဖြစ်တယ်လို့ဆိုပါတယ်။ ယေဘုယျအနေနဲ့ပြောရရင် လူတွေအကြောင်းသိချင်ရင် စကားပြေကိုဖတ်၊ လူတွေအကြောင်းခံစားချင်ရင် ကဗျာကိုဖတ်ဆိုတဲ့စကား ရှိပါတယ်။ ဒါက ပုံသေကားချပ်အသေသဘောပြောတာမဟုတ်ပေမယ့် ယေဘုယျသဘောပြောရင်တော့ ဒီစကား မှန်ပါတယ်။ ဒါကြောင့်မို့ ရင်ခုန်သံကိုကြားမှ ခံစားမှုဆိုတာ ဖြစ်လာစေတာဖြစ်လို့ အဲဒီရင်ခုန်သံကိုပဲချရေးပြတဲ့အခါ ကဗျာဟာ အသင့်တော်ဆုံး အနုပညာပစ္စည်းဖြစ်တာမို့ ဒီလိုပြောဆိုယူဆလာကြတာ ဖြစ်မယ်ထင်ပါတယ်။

ကဗျာဆိုတာ ရင်ခုန်သံဖြစ်တဲ့စကား အထင်အရှားစတင်အသုံးပြုသူကတော့ ကွယ်လွန်သူ ငြိမ်းချမ်းရေးကဗျာဆရာကြီး “ဒဂုန်တာရာ”ပါပဲ။ ဒီလိုအဓိပ္ပါယ်ဖွင့်တာကလည်း မကြာလှသေးပါဘူး။ ဒါပေမယ့် အတိအကျနီးပါး အံကိုက်သွားကျနေတာမို့ ကဗျာဆိုတာ ရင်ခုန်သံပါပဲ ဆိုတဲ့စကားကို လူတွေက သဘောတူလက်ခံလိုက်ကြတဲ့သဘောပါပဲ။

ကောင်းပြီ။ အထက်က ကျနော်ပြောခဲ့တာရှိပါတယ်။ လူဟာ ငယ်ရွယ်တဲ့အချိိန်မှာ ကဗျာကို စိတ်ဝင်စားမှုအရှိဆုံးအရွယ်ဖြစ်တယ်လို့ ကျနော်ပြောခဲ့ပါတယ်။ အဲဒါဘာ့ကြောင့်လည်း။

လူငယ်ဆိုတာ အသစ်ကိုရှာဖွေချင်သူ၊ ဗဟုသုတ ရှာဖွေချင်စိတ်ပြင်းပြသူ၊ ကမ္ဘာလောကကြီးရဲ့ အရောင်အဆင်း အနံ့အရသာကို သူများထက်ပိုပြီး တိို့ထိကြည့်ချင်သူဖြစ်တော့ကာ တနည်းအားဖြင့် ကမ္ဘာကြီးအပေါ် လက်တဆုံးနှိုက်ပြီး တိို့ထိကြည့်ချင်တဲ့အရွယ်ဖြစ်တော့ကာ တနညး်းအားဖြင့် ရင်နဲ့ခံစားရတဲ့အဆင့်အထိ တက်ကြည့်ချင်တဲ့အရွယ်ဖြစ်တာမို့ ရင်ထဲက အသည်းလှိုက်အူလှိုက် ပြင်းပြင်းပြပြခံစားမှုနဲ့ရေးမှရတဲ့ကဗျာအပေါ် စိတ်ဝင်စားမှုရှိတတ်ကြတာ တကယ်တော့ သဘာဝကျပါတယ်။

ဒါ့အပြင် ကဗျာရဲ့သဘောသဘာဝအရကလည်း သူက တင်စားမှုတွေ၊ မြှုပ်ကွယ်ထားတဲ့ကွင်းဆက်တွေ၊ ကဗျာရေးတဲ့သူနဲ့ ကဗျာဖတ်တဲ့သူ နှစ်ယောက်ပူးပေါင်းပြီးမှ အားထုတ်လုပ်ကိုင်ရတဲ့အလုပ်မျိုးတွေ ရှိတာဖြစ်တာမို့ လူငယ်တွေ အာရုံကိုင်းညွှတ်မယ်ဆိုရင်လည်း ကိုင်းညွှတ်လောက်စရာပါပဲ။

ဒ့ါအပြင် ကဗျာမှာက ကဗျာဆရာ့လိုင်စင်လို့ခေါ်တဲ့ စိတ္တဇနာမ်တွေကို ကြိုက်သလို ထားသိုဆက်စပ်မှောက်လှန်ပစ်လို့ရတဲ့အခွင့်အရေးနဲ့ ရေးထားတာဖြစ်လို့ ဘယ်လောက်ပဲ ပြင်ပကမ္ဘာမှာ လက်တွေ့မကျနိုင်သည်ဖြစ်ပစေ ကဗျာမှာက ဖြစ်လို့ပြလို့ရတဲ့အမျိုးအစားဖြစ်တာမို့ လူငယ်တွေ စိတ်ဝင်စားမှုပိုကြတာလည်း ဖြစ်နိုင်ပါတယ်။

အနုပညာဟာ အစစ်ကို တုပရတာဖြစ်တယ်ဆိုပေမယ့် ကဗျာကတခြားအနုပညာပစ္စည်းတွေထက်သာတဲ့အချက်က သူက ယုတ္တိရှိဖို့ထက် ခံစားမှုကိုခတ်ပြင်းပြင်းတွန်းပေးနိုင်ဖို့သာအဓိကကျတာမို့ အဲသလို တခြားအရာတွေထက်ပိုပြီး လွတ်လပ်တာ၊ သစ်လွင်တာ၊ ထူးခြားတာတွေကြောင့်လည်း လူငယ်တွေကို အစွဲဲဆောင်နိုင်ဆုံးဖြစ်စေတာလည်းအကျွမ်းဝင်မယ်ထင်ပါတယ်။

နောက်ထပ်စဉ်းစားမိတာက ကဗျာက စိတ်ကိုကြိုးကျစ်သလို ကျစ်ရတဲ့အလုပ်ဖြစ်တာရယ် စိတ်ကို အကျယ်ပြန့်ဆုံး ပြန့်ကားချင်တိုင်းပြန့်ကားချဲ့ထွင်ရတဲ့အလုပ်မျိုးဖြစ်တာကလည်း လူငယ်တွေ အာရုံကျဖို့ ဆွဲဆောင်သလိုဖြစ်နေတာပါ။ ကဗျာရဲ့ဖန်တီးမှု ဖန်ဆင်းမှုက အကန့်အသတ်မရှိပါဘူး၊ ကဗျာဆရာဆရာရဲ့ အာရုံဖြန့်ကျက်မှုအစွမ်းအစရှိရင် ရှိသလောက် လုပ်လို့ရတဲ့အနုပညာပစ္စည်းဖြစ်တာမို့လည်း လူငယ်တွေမျက်စေ့ကျတာလည်း ဖြစ်နိုင်ပါသေးတယ်။

ပြီးတော့ ကဗျာဆိုတာက ရုပ်ဝတ္ထုတွေ မြင်အောင်ရေးဖို့က အဓိကမထားဘဲ စိတ်သဏ္ဍာန်ကို မြင်အောင်ကြည့်နိုင်ဖို့သာအဓိကထားတာကလည်း လူငယ်တွေနဲ့ အနီးစပ်ဆုံး အနုပညာပစ္စည်းဖြစ်ခဲ့တဲ့သဘောပါပဲ။

ကဲဒါဆိုရင် ကျနော် ကဗျာလေးတစ်ပုဒ် တင်ပေးလိုက်ပါမယ်။ ဒီကဗျာဟာ စိတ် သို့မဟုတ် ခံစားမှု သို့မဟုတ် ရင်ခုန်သံကိုထင်ဟပ်ဖေါ်ကျူးတဲ့ကဗျာလား၊ ဒါမှမဟုတ် ကဗျာထဲမှာပါတဲ့ရုပ်ဝတ္ထုတွေကို အဓိကထားမြင်အောင်ဖွဲ့တဲ့ကဗျာလား ခွဲခြမ်းစိတ်ဖြာကြည့်ကြရအောင်ပါ။ ကဗျာဆရာ “နေမျိုး” ရဲ့ “အစ်ကို”ဆိုတဲ့ကဗျာပါ။

ကဗျာအကြောင်း လူငယ်တွေနဲ့ အခုမှ မြေစမ်းခရမ်းပျိုးသဘော ဆွေးနွေးတာဖြစ်လို့ အနည်းငယ်အားစိုက်ပြီးတွေးရင်ပဲ ခံစားလို့ရတဲ့ကဗျာလေးကို တမင်ရွေးပေးလိုက်တာပါ။

“အစ်ကို”

တနေ့ကျတော့

စာသင်ခန်းထဲမှာ ဆရာမက

ကျောင်းသားတစ်ယောက်ကို ထခိုင်းပြီး

မေးခွန်းတစ်ခု မေးတယ်

မင်းကြီးလာရင် ဘာဖြစ်ချင်သလဲတဲ့

ကျောင်းသားလေးက ထရပ်ပြီး

ဆရာမကို အကြာကြီးစိုက်ကြည့်နေတယ်။

ပြီးမှ လေသံတိိုးတိုးလေးနဲ့ ဖြေပြလိုက်ရဲ့။

(နားထောင်စမ်းပါ)

ကျွန်တော်ဟာ ခြေတစ်ဖက်ဆာနေတဲ့

ကောင်လေးတစ်ယောက် ဖြစ်ချင်ပါတယ်တဲ့။

ဆရာမက တအံ့တသြနဲ့

ကျောင်းသားလေးကိုကြည့်ကာ

ဘာဖြစ်လို့လည်းသားတဲ့ ထပ်ပြီးမေးပေါ့။

ဒီတော့ ကျောင်းသားလေးက

အရည်လဲ့နေတဲ့မျက်လုံးအစုံကို ပုတ်ခတ်ပြီး

ဦးခေါင်းကိုငုံ့ကာ

ဆရာမကြားနိုင်ရုံ တိုးတိုးလေးပြောလိုက်တယ်။

ကျွန်တော့်ညီမလေးက ခြေတစ်ဖက်မသန်ဘူးဆရာမတဲ့။    ။

နေမျိုး

ကဲ။ ဒီကနေ့တော့ ဒီကဗျာလေးနဲ့ ခဏရပ်နားလိုက်ပါရစေ။

နောက်နေ့ ဆက်ပြီးဆွေးနွေးကြသေးတာပေါ့။

လူငယ်တွေရဲ့ မိုးကောင်းကင် ကြည်လင်လှပနိုင်ကြပါစေဗျား။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

Mizzima Weekly