မုန်းချောင်းဖြတ်၍ ကျောင်းတက်နေသည့် ကျောင်းသား/သူများအတွက် အသက်ကယ် Life-jacket များ လှူဒါန်း

မုန်းချောင်းဖြတ်၍ ကျောင်းတက်နေသည့် ကျောင်းသား/သူများအတွက် အသက်ကယ် Life-jacket များ လှူဒါန်း

ပွင့်ဖြူ၊ ဇွန် ၂၈ ။         ။ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့နယ်တွင် မုန်းချောင်းကို လှေဖြင့် ဖြတ်ကူး၍ မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းသို့   ကျောင်းတက်နေကြရသည့်   ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများ အန္တရာယ်ကင်းဝေးစေရေးအတွက် ပွင့်ဖြူမြို့နယ် ဖွံ့ဖြိုးရေးကွန်ရက်မှ အသက်ကယ်အကျီင်္ Life-jacket လှူဒါန်းမှုများ ဆောင်ရွက်နေကြောင်း သိရသည်။

“Life-jacket ၁၄ထည် လှူပြီးပြီ။ နောက်ထပ် ၆ထည် နဲ့ အားလုံးပေါင်း အထည် ၂၀လှူဖို့ရှိပါတယ်။ ပွင့်ဖြူမြို့ နယ် NLD ဥက္ကဌ ဦးကျော်မင်းနိုင်ဆီကို ကလေးတွေ သွားလာရေးခက်ခဲတဲ့ အကြောင်း ဒေသခံတွေက သွားပြောကြတယ်။ သူက တစ်ဆင့် အကူအညီပေးဖို့ မေတ္တာရပ်ခံခဲ့တာကြောင့် ကွန်ရက်အစီအစဉ်နဲ့ လှူဒါန်းဖြစ်တာပါ” ဟု ပွင့်ဖြူမြို့နယ်ဖွံ့ဖြိုးရေးကွန်ရက် အတွင်းရေးမှူးဦးဘုန်းမြင့်က ပြောသည်။

မုန်းချောင်းအနောက်ဘက်ကမ်းရှိ သမန်းရင်း၊သရက်ကုန်း၊သမုန်းကုန်း ကျေးရွာများမှ ကျောင်းသား၊ကျောင်းသူ (၆၀)ကျော်မှာ မုန်းချောင်းကိုဖြတ်၍ ပညာသင်ကြားမှုများရှိခဲ့ကြောင်း ၊ မိဘများက မုန်းချောင်းကိုဖြတ်ကူးကာ ပွင့်ဖြူမြို့နယ် ဘက်သို့ စျေးရောင်းချ အသက်မွေးမှုများ ရှိနေသည့် အပြင် ချောင်းကိုကူး၍ကျောင်းသွားတက်လျှင် နေထိုင်ရာကျေးရွာများနှင့် ခရီး လမ်းဆက်သွယ်ရေး ပိုနီးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

“ ရှောက်တောရွာကို ကျောင်းသွားတက်ရင်တော့ အဆင်ပြေပါတယ်။ ဒါပေမယ့် မိသားစုအခြေအနေတွေ အရ မုန်းချောင်းဖြတ်ပြီး စီးပွားရှာတာ ၊ ပညာသင်တာတွေ လုပ်ရပါတယ်။ ဒါ့အပြင် ရေကြီးတဲ့အခါ ပွင့်ဖြူမြို့ကို ရှောက်တောကျေးရွာ ဘက်ကပတ်သွားတော့ အသွားအပြန် သုံးဘီးခ ငါးရာကျပ် ကုန်ပါတယ်။ လှေစီးချောင်းဖြတ်ပြီး ကျောင်းသွားတက်တဲ့ ကလေးတွေ နဲ့ ပြည်သူတွေ အဆင်ပြေဖို့အတွက် Life-jacket လှူပေးတာပါ” ဟု ဦးဘုန်းမြင့် က ဆိုသည်။

Life-jacket များကို စက်လှေပိုင်ရှင်က ထိန်းသိမ်းပေးပြီး ကျောင်းသားများ နှင့် ပြည်သူများ အလှည့်ကျဖြတ်ကူး စဉ် ၀တ်ဆင်ကြကြောင်း ၊ အစစအရာရာအဆင်ပြေချောမွေ့စေရန် သမ္မာဆန္ဒအသင်းမှ ကိုပေတူးကလည်း အကူအညီပေးခဲ့ကြောင်း ၊ ကျေးလက်ဒေသနေပြည်သူများ၏ ချောင်းကူးခရီးစဉ်များ အန္တရာယ်ကင်းစေရေး အတွက် လူမှုကွန်ယက်များတစ်ဆင့် Life-jacket အကူအညီတောင်းခံမှုများ ရှိနေကြောင်း ပွင့်ဖြူမြို့နယ် ဖွံ့ဖြိုးရေးကွန်ရက် မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly