မန္တလေးတိုင်းတွင် တင်ဒါပိုလျှံငွေ ၄ ဘီလျံကျပ်ကျော်ရှိခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးပြန်အသုံးပြု

မန္တလေးတိုင်းတွင် တင်ဒါပိုလျှံငွေ ၄ ဘီလျံကျပ်ကျော်ရှိခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးပြန်အသုံးပြု
Photo-EPA

မန္တလေး၊ ဇွန် ၂၈ ။           ။ မန္တလေးတိုင်းဒေသကြီးအတွင်း တင်ဒါချထားပေးမှုများတွင် သေချာစီစစ်ဆောင်ရွက်ခဲ့သည့်အတွက် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် တင်ဒါပိုလျှံငွေ ၄ ဘီလျီကျပ်ကျော် ရှိခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ပြန်လည် အသုံးပြုခဲ့သည်ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒုတိယတစ်နှစ်တာအတွင်း ပြုပြင်ပြောင်းလဲတိုးတက်မှုများနှင့် ပတ်သက် ၍ ယနေ့ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

"ခေတ်အဆက်ဆက်မှာ တင်ဒါပိုလျှံငွေဆိုတာ မရှိခဲ့ပါဘူး။ချပေးလိုက်တဲ့ငွေကို အကုန်လုံးသုံးပါတယ်။ ဒီတော့ ကျွန်တော်တို့ ခေတ်မှာရောက်တဲ့အခါ ၂၀၁၆ /၂၀၁၇ ဘတ်ဂျက်က ကျွန်တော်တို့ရေးဆွဲတာ မဟုတ်ပါဘူး။ အရင်အစိုးရက ရေးဆွဲတာကို ကျွန်တော်တို့ သုံးစွဲရတာဖြစ်ပါတယ်။ အဲ့ဒီနှစ်မှာပဲ တင်ဒါပိုလျှံငွေ စရခဲ့ပါတယ်။ ဒါဟာ အသိအမှတ်ပြုရမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။"ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

ယမန်နှစ်၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် တင်ဒါပိုလျှံငွေ ၁၁၂၆ သန်းကျော် ပိုလျှံခဲ့ပြီး ကျေးလက်ဒေသများ၏ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများတွင် အသုံးပြုခဲ့သည်ဟု ဝန်ကြီးချုပ်က ဆိုသည်။

ဆက်လက်၍ ဝန်ကြီးချုပ်က "ပညာရေးကျန်းမာရေးဆိုတာ ပွင့်ပွင့်လင်းလင်းပြောရရင် ပြည်ထောင်စုက ချပေးတဲ့ ဘတ်ဂျတ်ကို သုံးရတာပါ။ ကျွန်တော်တို့က ဒီတင်ဒါပိုလျှံငွေတွေနဲ့ ကျေးလက်ဒေသတွေမှာ ကျောင်းဆောက်တာ ကျေးလက်ဆေးပေးခန်းဖွင့်တာတွေ လုပ်ပါတယ်။"ဟု ဆိုသည်။

မန္တလေးတိုင်းအစိုးရအဖွဲ့သို့ နိုင်ငံတော်အစိုးရက ချထားပေးသောဘတ်ဂျတ်ငွေများထဲမှ တစ်နှစ်လျှင် ကျပ်သန်းတစ်ထောင်နှုန်းဖြင့် ၂နှစ်တာကာလအတွက် ကျပ်သန်းနှစ်ထောင်ကို ပညာရေးလုပ်ငန်းအတွက် ကျပ် ၄၀၂ဒသမ ၈၂ သန်း၊ မီးလင်းရေးလုပ်ငန်းအတွက် ကျပ် ရ၃၇ ဒသမ ၈၉ သန်း၊ လမ်းလုပ်ငန်းအတွက် ရ၆ ဒသမ ၈၆၀ သန်း၊ တံတားလုပ်ငန်းအတွက် ကျပ် ၃၆၇ ဒသမ ၅၀၀ သန်း၊ ရေရရှိရေးလုပ်ငန်းအတွက် ကျပ် ၃၅၂ ဒသမ ၆၀၀ သန်းနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကျပ် ၆၁ ဒသမ ၀၇၁ သန်း အသုံးပြုခဲ့ကြောင်း ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly