အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဋ္ဌ ရခိုင်လူမှုအဖွဲ့စည်းများနှင့် တွေ့ဆုံ

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဋ္ဌ ရခိုင်လူမှုအဖွဲ့စည်းများနှင့် တွေ့ဆုံ
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ ICRC ဥက္ကဋ္ဌ Peter Maurer  ။ Photo: Nyunt Win/EPA-EFE

စစ်တွေ၊ ဇွန်လ ၂၈ ရက်။        ။ ရခိုင်ပြည်နယ်သို့ သုံးရက်တာရောက်ရှိလာတဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ ICRC ဥက္ကဋ္ဌ Peter Maurer ဟာ ဇွန်လ ၂၈ ရက်နေ့ မနက်ပိုင်းက ရခိုင်အရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့ စစ်တွေဟိုတယ်မှာ တွေ့ဆုံခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ ICRC အနေနဲ့ ရခိုင်ပြည်နယ်အတွင်း ကူညီထောက်ပံ့ပေးမှုတွေ ဆောင်ရွက်ပေးတဲ့အခါမှာ ဘက်လိုက်မှုမရှိဘဲ ဒေသခံတို့ရဲ့ အသံတွေကို နားထောင်ဖို့လိုအပ်ပြီး အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ မောင်တောဒေသအပြင် တစ်ပြည်နယ်လုံးမှာရှိတဲ့ မူဆလင်တွေအပါအဝင် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတွေကို ထောက်ပ့ံပေးမှုတွေနဲ့ ပတ်သက်ပြီး ထောက်ပြခဲ့ကြတယ်လို့ အဆိုပါ တွေ့ဆုံပွဲကို တက်ရောက်ခဲ့ကြတဲ့ ရခိုင်လူမှုအဖွဲ့အစည်းတွေက ဆိုပါတယ်။

Mr Maurer ကလည်း ရခိုင်လူမှုအဖွဲ့အစည်းတွေက ထောက်ပြတဲ့အချက်တွေကို လက်ခံသလို ICRC ဟာ နိုင်ငံရေးမပါတဲ့ ကြားနေအဖွဲ့အစည်း တစ်ခုသာဖြစ်ပြီး ဘယ်သူ့ကိုမှ ထိခိုက်နစ်နာအောင် ဆောင်ရွက်တာတွေ မရှိဘူးလို့ တုန့်ပြန်ပြောဆိုခဲ့တယ်လို့ ရခိုင်လူမှုအဖွဲ့စည်းတစ်ခုမှ ဦးခိုင်ကောင်းစံက ပြောပါတယ်။

ICRC  ဥက္ကဋ္ဌဟာ ရခိုင်ပြည်နယ်ကို ဇွန်လ ၂၆ ရက်နေ့ကတည်းက ရောက်ရှိနေတာဖြစ်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသကို ၂ ရက်တာ သွားရောက်ကာ မူဆလင်တွေအပါအဝင် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်း တွေကို လေ့လာကြည့်ရှုထားပြီး ဖြစ်ပါတယ်။

ထိုနည်းတူစွာ ဒီကနေ့မှာလည်း ရခိုင်လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့သလို ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရပြီး ဒီကနေ့ ဇွန်လ ၂၈ ရက်နေ့မှာပဲ ရန်ကုန်သို့ ပြန်လည်ထွက်ခွာသွားမှာဖြစ်ကာ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့နဲ့လည်း တွေ့ဆုံဖို့ အစီစဉ်ရှိတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly